Monday, February 24, 2020

တပ်မတော်နေ့သာ တရားဝင်နေ့ဖြစ်ပြီး တော်လှန်ရေးနေ့မှာ တရားမဝင်ကြောင်း တပ်မတော်ပြောကြားမှု ဝေဖန်မှုများထွက်ပေါ်

Image may contain: 3 people, people sitting
တပ်မတော်နေ့ဟုသုံးနှုန်းခြင်းသည်သာ တရားဝင်နေ့ဖြစ်ပြီး တော်လှန်ရေးနေ့ဟုသုံးနှုန်းပြောဆိုခြင်းသည်တရားမဝင်ကြောင်း ပြောကြားမှုများအပေါ်စာရေးဆရာ သတင်းစာဆရာအသိုင်းအဝန်းနှင့် နိုင်ငံရေးအသိုင်းအဝန်းတွင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ကြောင်းသိရသည်။

"ကျွန်တေ.်တို့ငယ်ငယ်ကလည်း တော်လှန်ရေးနေ့အခမ်းအနားအဖြစ် စစ်ရေးပြအခမ်းအနားတွေ မီးရှုးမီးပန်းဖောက်ကြတာတွေဟာ ဦးဝိစာရပန်းခြံ(ခ)တော်လှန်ရေးပန်းခြံမှာ ပြုလုပ်ခဲ့ကြတာတွေပဲရှိတယ်ဗျ။ဘယ်တုန်းကမှတပ်မတော်နေ့ဆိုပြီးလုပ်ခဲ့တာမကြားဖူးဘူး။ စာသင်ကြားရတဲ့အရွယ်မှာလည်းမတ်လ ၂၇ရက်ဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ဆိုတာပဲသင်ကြားခဲ့ရတာဗျ။ ခုကျမှဘယ်လိုကဘယ်လို တပ်မတော်နေ့ပဲ တရားဝင်နေ့ဖြစ်တယ်ဆိုတာတော့ နားမလည်နိုင်တော့ဘူး။ သမိုင်းဝင်နေ့ရက်တွေကို လုပ်ချင်ရာလုပ်ကြတာလို့ပဲပြောချင်တယ်"ဟုသတင်းစာဆရာ စာရေးဆရာ ဦးချစ်ဝင်းမောင်ကပြောသည်။
ဖေဖော်ဝါရီလ ၂၂ရက်၌ နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်တွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက တော်လှန်ရေးနေ့ဟုသုံးနှုန်းပြောဆိုခြင်းမှာ တရားဝင်မဟုတ်ကြောင်းနှင့် တပ်မတော်နေ့သည်သာ တရားဝင်နေ့အဖြစ်တရားဝင်ရှိကြောင်း မီဒီယာများကို ပြောကြားခဲ့ပြီးနောက် ဝေဖန်မှုများထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
"သမိုင်းဆိုတာ လိမ်ညာလို့ရတဲ့အရာမဟုတ်ပါဘူး။ မတ်လ၂၇ရက်ဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ဆိုတာ တစ်တိုင်းပြည်လုံးသိတယ်၊ တစ်ကမ္ဘာလုံးသိကြတာပါပဲ၊ ဗိုလ်ချုပ်အောင်ဆန်းက အဲဒီနေ့ တော်လှန်ရေးပန်းခြံမှာ ဖက်ဆစ်တော်လှန်ရေးအတွက်သမိုင်းဝင်စစ်ထွက်မိန့်ခွန်းကိုပြောကြားခဲ့တာပဲ။ အဲဒီနေ့ဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ဆိုတာ သမိုင်းမှာ သက်သေနဲ့တကွရှိပြီးသားပါပဲ"ဟုစာရေးဆရာ ဦးသန်းစိုးနိုင်ကပြောသည်။
ယင်းအပြင်"ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ဆိုတာ ကျွန်တေ်ာတို့တစ်လျှောက်လုံး အသုံးပြုခဲ့တာပဲ။ ဒီနှစ်လည်း ဒီအခေါ်အဝေါ်ကိုသာဆက်သုံးကြမှာပါ။ဒါဟာ ကမ္ဘာသိတဲ့ သမိုင်းဝင်နေ့တစ်နေ့ဖြစ်ပါတယ်။ ကျွန်တော်အမှတ်မမှားဘူးဆိုရင် တပ်မတော်စဖွဲ့တဲ့နေ့ဟာ ၁၉၄၁ဒီဇင်ဘာလအတွင်းက ဘန်ကောက်မှာလက်မောင်းသွေးဖောက်ပြီး သစ္စာ ရေသောက်ခဲ့ကြတဲ့နေဟာ တပ်မတော်စဖွဲ့တဲ့နေ့ဖြစ်ပါတယ်။"ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှုး မုံရွာအောင်ရှင်က ပြောသည်။
လက်ရှိအချိန်တွင်နေပြည်တော်၌ ယခုနှစ်တွင် ပြုလုပ်ကျင်းပမည့် ၇၅နှစ်မြောက် တပ်မတော် နေ့အခမ်းအနားသို့ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLDပါတီနာယကကြီး သူရဦးတင်ဦးနှင့် စစ်ခေါင်းဆောင်ဟောင်းဖြစ်သူ ဦးသန်းရွှေ တို့ကို ယင်းအခမ်းတက်ရောက်ရန် တပ်မတော်တာဝန်ရှိသူများကဖိတ်ကြားသွားမည်ဟု သတင်းများထွက်ပေါ်နေသည်။
ကိုဖူးသစ်
Isee Media

No comments:

Post a Comment

My Blog List