Thursday, February 27, 2020

နိုင်ငံရေးမှာ ပါဝင်လိုတယ်၊ လွှတ်တော်ထဲဝင်လိုတယ်ဆိုရင် ပါတီထောင်ပြီး ရွေးကောက်ပွဲမှာ ပြည်သူ့အဆုံးအဖြတ် ယူလိုက်ပါ


Image may contain: 1 person
ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးရာတွင် ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် ၁၁ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ဥပဒေပြုမဏ္ဍိုင်မှာ တာဝန်ထမ်းဆောင်လိုပါက မည်သူမဆို ပါတီထောင်ပြီး ရွေးကောက်ပွဲတွင် ပြည်သူများ၏ အဆုံးအဖြတ်၊ ပြည်သူများ၏ ရွေးကောက်တင်မြှောက်မှုကို ဂုဏ်သိက္ခာရှိစွာ ရဲရဲကြီး ခံယူဖို့လိုအပ်မည်ဖြစ်ကြောင်းနှင့် ပြည်သူကနိုင်ငံအတွက် အမှန်တကယ်ကောင်းကျိုးပေးလိုသူများကို မဲပေးရွေးချယ်ပြီး ကိုယ်စားပြုခိုင်းပါလိမ့်မည်ဟု ထည့်သွင်းဆွေးနွေးခဲ့သည်။
“ပုဒ်မ ၆ ပုဒ်မခွဲ (စ)ကို ပယ်ဖျက်ခြင်းဟာ တချို့ထင်မြင်ပြောဆိုနေသလို တပ်မတော်ရဲ့ အခန်းကဏ္ဍ အရေးပါမှုကို လျှော့ချလိုခြင်း သဘောထားမဟုတ်ဘဲ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို အခြေခံဖို့သာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် ဖော်ဆောင်ဖို့အတွက် ပြည်သူတွေက ကျွန်မတို့ကို မဲပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံရဲ့ အနာဂတ်အတွက် ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ ပုဒ်မတွေကို ပယ်ဖျက် ပြင်ဆင်ခြင်း မပြုဘူးဆိုလို့ရှိရင် ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်များဟာ တာဝန်မကျေပြွန်သူများဖြစ်မှာဖြစ်ပါတယ်။ ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားဖို့ ဆိုလို့ရှိရင် ပါတီစုံက ရွေးကောက်တင်မြှောက်ခံကိုယ်စားလှယ်တွေက လွှတ်တော်အသီးသီးမှာ ဥပဒေပြုရေးတာဝန်ကို ရာနှုန်းပြည့် ထမ်းဆောင်နိုင်ရပါမယ်။ တကယ်လို့ နိုင်ငံရေးအခန်းကဏ္ဍမှာ ပါဝင်လိုတယ်။ အထူးသဖြင့် ဥပဒေပြုမဏ္ဍိုင်မှာ တာဝန်ထမ်းဆောင်လိုတယ်ဆိုလို့ရှိရင် မည်သူမဆို ပါတီထောင်ပြီး ရွေးကောက်ပွဲမှာ ပြည်သူ့အဆုံးအဖြတ် ပြည်သူရဲ့ ရွေးကောက်တင်မြှောက်မှုကို ဂုဏ်သိက္ခာရှိစွာ ရဲရဲကြီး ခံယူဖို့လိုပါမယ်။ ပြည်သူကနိုင်ငံအတွက် အမှန်တကယ်ကောင်းကျိုးပေးလိုသူတွေကို မဲပေးရွေးချယ်ပြီး သူတို့ကို ကိုယ်စားပြုခိုင်းပါလိမ့်မယ်။ ပြည်သူက မကြိုက်ရင်တော့ ကျွန်မတို့က ဒီလွှတ်တော်ထဲကနေ အမုန်းမရှိဘဲ ပြုံးပြုံးကြီး ထွက်ခွာသွားရမှာဖြစ်ပါတယ်” ဟု ပြောသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆ (ဃ)တွင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ထွန်းကားရေးဆိုသည့် အချက်ကို ပြင်ဆင်ရန်လည်း ထောက်ခံဆွေးနွေးခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်တွင် စစ်မှန်ဖို့သာ အဓိကကျကြောင်းနှင့် စစ်မှန်သော ဒီမိုကရေစီနစ်တွင် ပြည်သူ၏ ထိန်းကွပ်မှု၊ တရားဥပဒေ၏ အထိန်းအကွပ်ကို ခံယူမှုရှိနေသည့်အပြင် သက်ဆိုင်ရာမဏ္ဍိုင်များ အပြန်အလှန် ထိန်းကျောင်းမှုရှိနေပြီဖြစ်ခြင်းကြောင့် စည်းကမ်းပြည့်ဝသည့် ဆိုသော စကားရပ်ကို ထည့်သွင်းရန် မလိုအပ်ကြောင်း ပြောသည်။
ဆက်လက်၍ ၎င်းက “စစ်မှန်ပြီး ကမ္ဘာက လေးစားရတဲ့ ဒီမိုကရေစီနိုင်ငံများမှာ နိုင်ငံတော်သမ္မတကသာ လက်နက်ကိုင်အားလုံးရဲ့အကြီးအကဲဖြစ်ပါတယ်။ ယခုပြင်ဆက်ချက်က တပ်မတော်ရဲ့အခန်းကဏ္ဍကို ယုတ်လျော့စေမှာမဟုတ်သလို တပ်မတော်က ပြည်သူက ရွေးချယ်ထားတဲ့ ပြည်သူ့သမ္မတရဲ့ ဦးဆောင်မှုအောက်မှာ မိမိရဲ့ မူလတာဝန် နိုင်ငံတော် ကာကွယ်ရေးလုပ်ငန်းအပေါ်မှာ အာရုံစူးစိုက်ခြင်းဖြင့် နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို အပြည့်အ၀ စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ အတိတ်ဖြစ်ရပ်သမိုင်းဆိုတာ ကျွန်မတို့အတွက် သင်္ခန်းစာယူစရာ ဖြစ်ပါတယ်။ ဒီပေါ်မှာ တွေးကြောက်နေဖို့ မဟုတ်ပါဘူး” ဟု ပြောဆိုဆွေးနွေးခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုဆောင်ရွက်ရာတွင် လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးကို လေးစားလိုက်နာစေမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီထူထောင်ဖို့သာ ဦးတည်ပြင်ဆင်ရန်လိုအပ်ကြောင်းနှင့် တပ်မတော်၏ သဘောတူညီမှုမရဘဲ အခြေခံဥပဒေပြင်ဆင်ရမည့်အခြေအနေဖြစ်နေသည့် အချက်ကိုလည်း ပြင်ဆင်ရန်လိုအပ်ကြောင်း ထောက်ပြဆွေးနွေးခဲ့သည်။
“တရားမျှတမှု လွတ်လပ်မှု တန်းတူညီမျှမှု လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ဖို့က ဦးတည်ပြင်ဆင်ရမှာဖြစ်ပါတယ်။ ယခုလက်ရှိတင်သွင်းတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြင်ဆင်ချက် ဖြည့်စွက်ချက်၊ ပယ်ဖျက်ချက်တွေဟာ နိုင်ငံတော်ကို ဒီမိုကရေစီ ဖက်ဒရယ်စနစ်ဖြင့် တည်ထောင်ဖို့အတွက် လုံလောက်တဲ့ ပြဋ္ဌာန်းချက်တွေ မဟုတ်သေးပါဘူး။ ဒီအခြေခံဥပဒေ ပြင်ဆင်ချက်အားလုံးကို ပြင်ဆင်နိုင်ခဲ့ရင်တောင်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားများ လိုလားတဲ့ ဖက်ဒရယ်စနစ်ကိုဖော်ဆောင်ဖို့ များစွာ အလှမ်းကွာဝေးစဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပုဒ်မ ၈ ရဲ့ မူလပြဋ္ဌာန်းချက်မှာ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ဆိုတဲ့ စကားလုံးကို ထည့်သွင်းပြင်ဆင်လိုက်မယ် ဆိုလို့ရှိရင် ဖက်ဒရယ်မျှော်လင့်ချက် အစပြိုးလာမှာဖြစ်ပါတယ်။ ဒါကြောင့် ပုဒ်မ ၈ ကို ဖြည့်စွက်ပြင်ဆင်ဖို့ ထောက်ခံပါတယ်။ ဒါ့အပြင် အခြေခံဥပဒေ အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ ပုဒ်မများဖြစ်တဲ့ ပုဒ်မ ၄၃၆(က)၊ ပုဒ်မ ၄၃၆(ခ) တို့ဟာ ပြည်သူ့ဆန္ဒနှင့်အညီ အခြေခံဥပဒေပြင်ဆင်ရာ မဖြစ်နိုင်လောက်အောင် ခက်ခဲနေပါတယ်။ နိုင်ငံဝန်ထမ်းများဖြစ်တဲ့ တပ်မတော်ရဲ့ သဘောတူညီမှု ရမှသာ အခြေခံဥပဒေကို ပြင်ဆင်လို့ ရတဲ့အခြေအနေဖြစ်နေပါတယ်။ ဒါကြောင့် အခြေခံဥပဒေ အခန်း(၁)၊ ပုဒ်မ ၄ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတဝန်းလုံး၌ တည်သည်ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင် လျက်ရှိပါတယ်။ အချုပ်အခြာအာဏာရဲ့ မူရင်းပိုင်ရှင်ဖြစ်တဲ့ နိုင်ငံသားတွေဟာ သူတို့ဆန္ဒနှင့်အညီ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် မဖြစ်နိုင်လောက်အောင် ခက်ခဲလွန်းတဲ့ ဒီပုဒ်မများကို ပြင်ဆင်ရမှာဖြစ်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။
ပန်ပန်/ Myanmar Harp

1 comment:

  1. As claimed by Stanford Medical, It is indeed the one and ONLY reason this country's women live 10 years more and weigh an average of 42 pounds lighter than we do.

    (And really, it is not about genetics or some secret exercise and EVERYTHING about "HOW" they eat.)

    P.S, What I said is "HOW", not "what"...

    Click this link to reveal if this brief test can help you find out your true weight loss possibility

    ReplyDelete

My Blog List