Monday, December 23, 2019

ရှမ်းပြည်နယ်တွင် တရုတ်ရင်းနှီးမြုပ်နှံမှုဖြင့် အီတာလျံထိုင်းကုမ္ပဏီ၏ ကျောက်မီးသွေးမိုင်းနှင့်ဓာတ်အားပေးစက်ရုံ ဒေသခံများ ကန့်ကွက်နေသော်လည်း လုပ်ငန်းစတင်

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းခုတ်မြို့နယ်အတွင်းရှိ တရုတ်နိုင်ငံရင်းနှီးမြုပ်နှံမှုဖြင့် အီတာလျံထိုင်းကုမ္ပဏီက ဆောင်ရွက်မည့် ကျောက်မီးသွေးတူးဖော်ရေးနှင့် ကျောက်မီးသွေးစက်ရုံသုံး လျှပ်စစ်စက်ရုံစီမံကိန်းကြောင့် ရွာလုံးကျွတ်ရွေ့ပြောင်းရွှေ့ရမည့်အရေး ဒေသခံများက ကန့်ကွက်လျက်ရှိကြောင်း သိရှိရသည်။

မိုင်းခုတ်ဒေသခံပြည်သူများ ကန့်ကွက်နေသည့်ကြားမှ အီတာလျံထိုင်းကုမ္ပဏီက မြေဧက ၃ဝဝဝကျော်ကို ကျောက်မီးသွေး တူးဖော်မှုများပြုလုပ်လျက်ရှိကြောင်း ရှမ်းပြည်နယ် အခြေစိုက် MATA အဖွဲ့မှ ကိုစိုင်းခေးဆိုင်ကပြောဆိုသည်။
အဆိုပါ စီမံကိန်း လုပ်ငန်းများကြောင့် မိုင်းခုတ်တိုက်နယ် အတွင်းရှိ လူဦးရေ ၂၅၀၀ ခန့်ရှိ ကျေးရွာ ၈ရွာကို ဖယ်ရှားခိုင်းစေမှုများရှိလာကြောင်း သိရှိရသည်။
“ရွာသူရွာသားတွေကတော့ သူတို့ဖယ်ခိုင်းတဲ့ ဧရိယာတွေက စိုက်ပျိုးမြေတွေကို အထိခိုက်တော့ မခံချင်ဘူးပေါ့ဗျာ။ နောက်ပြီးတော့ ကျောက်မီးသွေးကြောဆိုရင် ဘယ်နိုင်ငံကိုပဲကြည့်ကြည့် တူးရင်းတူးရင်းနဲ့ တအားကျယ်သွားတဲ့အတွက်ကြောင့် ရှိတဲ့ရွာတွေအကုန်လုံးဖယ်ပေးရမယ့် အနေအထားတော့ရှိတာပေါ့။ ဒီကျောက်မီးသွေးထုတ်တဲ့အချိန်ကျတော့ စနစ်တကျမရှိတဲ့အတွက်ကြောင့် သယ်တာတွေပြုတာတွေက သူ့ရဲအငွေ့တွေက အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်နိုင်တာပေါ့။ ကျောက်မီးသွေးထုတ်တဲ့ နိုင်ငံတော်တော်များများက ကြုံတွေ့ရတဲ့အတွေ့အကြံုကိုကြည့်မယ်ဆိုရင် အဲလိုဖြစ်လာနိုင်တယ်။ သူတို့အသုံးပြုနေတဲ့ မြစ်တွေကလည်း ဒီကျောက်မီးသွေးကြောင့် ထိခိုက်သွားမယ့် သဘောမှာရှိတာပေါ့။ အဲလိုမျိုးကိစ္စတွေကြောင့် ကျေးရွာတွေပါရွေ့ပေးရမယ်ဆိုတဲ့အတွက်ကြောင့် မဖြစ်ခင်ကြိုတင်ပြီးတော့ ကန့်ကွက်နေရတာပေါ့”ဟု ကိုစိုင်းခေးဆိုင်ကပြောဆိုသည်။
ထို စီမံကိန်းကို ၂ဝဝ၅ ခုနှစ်မှစတင်ကာ ထိုင်းနိုင်ငံအခြေစိုက် အီတာလျံထိုင်းကုမ္ပဏီက လာရောက်လုပ်ကိုင်ခြင်းဖြစ်ပြီး အဆိုပါဒေသအတွင်းတိုက်ပွဲများဖြစ်ပွားသောကြောင့် စီမံကိန်းများ ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း၊ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ထပ်မံအကောင်အထည် ဖော်ခဲ့သော်လည်း တူးဖော်ပြီးသား ကျောက်မီးသွေးများသည် ထိုင်းနိုင်ငံနယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်မည်ကို ထိုင်းပြည်သူများကွန့်ကွက်သဖြင့် ထပ်မံ ရပ်ဆိုင်းထားခဲ့ရကြောင်း၊ လက်ရှိ ၂ဝ၁၉ ခုနှစ်တွင် တတိယအကြိမ် ပြန်လည်အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျောက်မီးသွေးတူးဖော်ရေးနှင့် ဓာတ်အားပေးစက်ရုံ စီမံကိန်း လုပ်ငန်းကို ယခင်စစ်အစိုးရက နှစ်၃ဝလုပ်ကိုင်ခွင့်ပေးထားသော်လည်း လက်ရှိချိန်ထိ အစိုးရနှင့် တရားဝင် MOU ရေးထိုးထားခြင်းမရှိသေးကြောင်း၊ ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံသည် လက်ရှိချိန်ထိ တည်ဆောက်ထားခြင်းမရှိသေးသော်လည်း တရုတ်အစိုးရက ဖော်ဆောင်နေသည့် BRI စီမံကိန်းတွင် ပါဝင်နိုင်ကြောင်း ကိုစိုင်းခေးဆိုင်ကပြောဆိုသည်။
၂ဝ၁၉ ခုနှစ် အောက်တိုဘာလ ၂၂ရက်နေ့က မိုင်းဖုန်းဆရာတော် တည်ထားသည့် စိုင်းမိန်း စေတီတော်တွင် ကျောက်မီးသွေးထုတ်လုပ်မှုနှင့် ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ဆောင်နေမှုများကို ဒေသခံများက ကန့်ကွက် ဆုတောင်းပွဲတစ်ခုပြုလုပ်ခဲ့ကြသည်။

No comments:

Post a Comment

My Blog List