Monday, December 23, 2019

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ငွေစက္ကူ ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် ထုတ်ဝေမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ငွေစက္ကူပုံစံသစ်အမျိုးမျိုးကို ထုတ်ဝေရန်ဆောင်ရွက်လျက်ရှိရာ တစ်ထောင်ကျပ်တန်ပုံစံသစ် ငွေစက္ကူကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင်ထုတ်ဝေပါမည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန်ငွေစက္ကူအရွယ် အစားမှာ အလျား ၁၅၀ မီလီမီတာ အနံ ၇၀ မီလီမီတာ ရှိပါသည်။ ငွေစက္ကူသည် ပေါ်လွင်သော အပြာရောင်ရှိပြီး ငွေစက္ကူ၏အပေါ်ဘက် တွင် "မြန်မာနိုင်ငံတော်ဗဟိုဘဏ်" စာတန်း ရိုက်နှိပ်ထားပါသည်။
တစ်ထောင်ကျပ်တန်ငွေစက္ကူ၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားပြီး ငွေစက္ကူ၏ လက်ယာဘက်တွင် ငွေစက္ကူ၏တန်ဖိုးကို မြန်မာစာသားဖြင့် "တစ်ထောင်ကျပ်" ဟု ဖော်ပြထားပါသည်။ ထောင့်သုံးထောင့်တွင်လည်း ငွေစက္ကူ၏တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။
ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ် အက္ခရာ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူ၏လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရေစာပါရှိပါသည်။ ငွေစက္ကူတွင် လုံခြုံရေးကြိုးကို ဒေါင်လိုက် မြှုပ်နှံထည့်သွင်းထားပါ သည်။ ငွေစက္ကူ၏ ဘယ်ညာအစွန်းများတွင် ဖောင်းကြွလိုင်းတိုများ ရိုက်နှိပ်ထားပါသည်။
တစ်ထောင်ကျပ်တန် ငွေစက္ကူ၏ ကျောဘက်တွင် လွှတ်တော်အဆောက် အဦပုံ ရိုက်နှိပ်ထားပြီး အပေါ်ပိုင်း၌ " CENTRAL BANK OF MYANMAR" စာတန်း အောက်ပိုင်း၌ "ONE THOUSAND KYATS" ဟူသော စာတန်းများ ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏တန်ဖိုးများကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။
လက်ရှိသုံးစွဲလျက်ရှိသော တစ်ထောင်ကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိမည်ဖြစ်ပါသည်။

No comments:

Post a Comment

My Blog List