Tuesday, December 24, 2019

ငွေကိုင်ဘဝမှ ဝန်ကြီးချုပ်အဖြစ်သို့ တက်လှမ်းလာခဲ့သူ

Image may contain: 1 person, smiling, outdoor and closeup

လွန်ခဲ့တဲ့သီတင်းပတ်က ဘရပ်ဆဲလ်မြို့မှာ ဥရောပကောင်စီက ခေါင်းဆောင်တွေစုပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ရာမှာတော့ လူသစ်တစ်ဦးကို ထင်ထင်ရှားရှားပဲတွေ့မြင်နိုင်ပါတယ်။ သူကတော့အသက် ၃၄ နှစ်အရွယ် ဖင်လန်နိုင်ငံဝန်ကြီးချုပ် ဆန်နာမာရင်ပဲဖြစ်ပါတယ်။ ဆန်နာမာရင်ရဲ့ မျက်နှာမှာတော့ အပြုံးချိုချိုလေးကို အမြဲတမ်းတွေ့ရပါတယ်။

အသက်အငယ်ဆုံးဝန်ကြီးချုပ်
အခုဆိုရင် သူဟာ ကမ္ဘာပေါ်မှာလက်ရှိတာဝန် ထမ်းဆောင်နေကြတဲ့ ဝန်ကြီးချုပ်တွေထဲမှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ပါပဲ။ ဒါကြောင့် သူ့ကို လမ်းသစ်ဖောက်သူဆိုတဲ့ ဂုဏ်အင်္ဂါရပ်ကို ဘာကြောင့်မပေးနိုင်ရမှာလဲ။ ယခုလ အစောပိုင်းကစပြီး ယခင်သယ်ယူ ပို့ဆောင်ရေး ဝန်ကြီးဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ဆန်နာမာရင်ဟာ ကမ္ဘာတစ်ဝန်းမှာ ကျော်ကြားလာခဲ့ပါတယ်။ သူ့ရဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် နုတ်ထွက် သွားပြီးတဲ့နောက် ဆန်နာမာရင်ဟာ ရာထူးနေရာဆက်ခံဖို့ ဖြစ်လာပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် သူဟာ ဖင်လန်နိုင်ငံက နိုင်ငံရေးပါတီငါးခုပါဝင်တဲ့ ညွန့်ပေါင်းအစိုးရကို ဦးဆောင်တဲ့သူ ဖြစ်နေပါပြီ။
ထူးခြားချက်များ
ထူးခြားတာကတော့ အဲဒီနိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေဟာလည်း အမျိုးသမီးတွေပါပဲ။
နောက်ထပ် ထူးခြားချက်တစ်ခုကတော့ အဲဒီအမျိုးသမီးအများစုဟာ အသက် ၃၅ နှစ်အောက်တွေပါပဲ။ ဘရပ်ဆဲလ်မြို့မှာ ဥရောပကောင်စီ ခေါင်းဆောင်တွေ တွေ့ဆုံကြတဲ့အခါ အများစုကတော့ အစဉ်အလာအရ အသက်အရွယ်ကြီးရင့်သူ အမျိုးသားတွေချည်းပဲ ဖြစ်ကြပါတယ်။ ဒီလူတွေကြားထဲမှာ အသက်အရွယ် အားဖြင့်လည်း ငယ်တဲ့အပြင် အမျိုးသမီးဖြစ်နေတဲ့ ဆန်နာမာရင်က ထူးထူးခြားခြားပေါ်လွင်နေပါတယ်။ မာရင်ဟာ အမျိုးသမီးတစ်ဦးဖြစ်တဲ့အပြင် အသက်အရွယ် ငယ်ရွယ်နေတာကြောင့် သူ့အရင်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူတွေနဲ့မတူဘဲ ဖြစ်နေပါတယ်။ သူ့အရင် တာဝန်ထမ်းဆောင်ခဲ့ကြသူတွေဟာ အသက် ၅၀ ဝန်းကျင် အမျိုးသားတွေချည်းပဲ ဖြစ်နေပါတယ်လို့ ဟန်ဆင်ကီတက္ကသိုလ် နိုင်ငံရေးနှင့်စီးပွားရေး လေ့လာမှုဌာနမှ သုတေသီတစ်ဦးဖြစ်သူ တင်မိုမီယက်တီနမ်က ပြောပါတယ်။
မာရင်က်အရင် ဖင်လန်နိုင်ငံမှာ ဝန်ကြီးချုပ်တာ ဝန်ထမ်းဆောင်ဖူးတဲ့ အမျိုးသမီးနှစ်ဦးသာ ရှိခဲ့ဖူးပါတယ်။ အဲဒီနှစ်ဦးစလုံးဟာလည်း တစ်နှစ်သာ တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ ဖင်လန်နိုင်ငံသားတွေဟာ ပြည်တွင်း ပဋိပက္ခတွေနဲ့ လုံးချာလိုက်နေပါတယ်။ ဆန်နာမာရင်ရဲ့ အရင်ဝန်ကြီးချုပ်ဟောင်း ဆိုရင်လည်း နိုင်ငံအနှံ့ သပိတ်မှောက်မှုကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့ရတပ် ဖြစ်ပါတယ်။ အခုလည်း ဆန်နာမာရင်က အသက်ငယ် လွန်းတာကြောင့် လူတွေရဲ့စိတ်ထဲမှာ ကသိကအောက် ဖြစ်ရပါတယ်။ ဒါပေမယ့်လည်း အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းမှာတော့ ဆန်နာမာရင်နဲ့ပတ်သက်ပြီး အလေးပေး ဖော်ပြမှုတွေပြုလုပ်လာတာကြောင့် သူတို့ စတင်ပြီး အရေးတယူပြုမှုတွေ လုပ်လာခဲ့တယ်လို့ တင်မိုမီယက်တီနမ်က ပြောပါတယ်။
ဂုဏ်တက်ဖို့ဖြစ်လာ
ဒါဟာ အပြည်ပြည်ဆိုင်ရာမှာ ဖင်လန်နိုင်ငံရဲ့ ဂုဏ်သတင်းတက်ဖို့ ဖြစ်လာတာပဲလို့ လူတွေကပြောလာ ကြပါတယ်။ ဆန်နာမာရင်ကို ထောက်ခံကြသူတွေနဲ့သူ့ရဲ့ ညွန့်ပေါင်းအစိုးရကို ထောက်ခံကြသူတွေကြား ဂုဏ်တက်စရာကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဆန်နာမာရင်နဲ့ သူ့ရဲ့ အစိုးရအဖွဲ့ဝင်တွေဟာ အရင် ဝါရင့်နေပြီဖြစ်တဲ့ နိုင်ငံရေးသမားတွေနဲ့ မတူညီပါဘူး။ နောက်ပြီး ဆန်နာမာရင်ရဲ့ ဘ၀နောက်ခံဟာလည်း ကမ္ဘာ့နိုင်ငံ့ ခေါင်းဆောင်တွေနဲ့ မတူညီပါဘူး။ ဖခင်ဖြစ်သူရဲ့ အရက်စွဲလမ်းမှု ပြဿနာကြောင့် ဆန်နာမာရင် ကလေးဘဝ ကတည်းက မိဘနှစ်ဦးဟာ ကွာရှင်းခဲ့ပါတယ်။ မိခင်ဖြစ်သူရဲ့ လက်တွဲဖော် ( အသစ်နဲ့ အဆင်ပြေပြီး ပိုက်ဆံ မချမ်းသာပေမယ့် ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ခဲ့ရတယ်လို့ ရေးသားခဲ့ပါတယ်။
အလုပ်လုပ်ရင်းကျောင်းတက်
အသက် ၁၅ နှစ်အရွယ်ရောက်လာတဲ့အခါမှာတော့ နွေရာသီအားလပ်ရက် အလုပ်အဖြစ် မုန့်ဆိုင်မှာ ဝင်လုပ်ခဲ့ပါတယ်။ အထက်တန်းကျောင်းမှာလည်း မဂ္ဂဇင်းတွေ လိုက်ဖြန့်ပြီး အပိုဝင်ငွေ ရအောင်ရှာခဲ့ပါတယ်။ ဘွဲ့ရပြီး တဲ့နောက်မှာတော့ သူဟာ ငွေကိုင်အလုပ် လုပ်ခဲ့ပါတယ်။ အက်စ်တိုးနီးယားပြည်ထဲရေး ဝန်ကြီးကတော့ ယခု သီတင်းပတ်အတွင်းမှာပဲ မာရင်ကို အရောင်းစာရေးမလို့ ခေါ်ဝေါ်ခဲ့ပြီး အစိုးရအဖွဲ့ကို ကိုင်တွယ် နိုင်ပါ့မလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ အဲဒီလိုဝေဖန်မှုနဲ့ပတ်သက်ပြီး အက်စ်တိုးနီးယားက ဖင်လန်နိုင်ငံကို ပြန်လည်တောင်းပန်ခဲ့ပါတယ်။ လက်ယာစွန်းရောက် အီးကေအာရ်အီး ပါတီခေါင်းဆောင် မတ်ဟဲမီရဲ့ ဝေဖန်မှုကို အက်စတိုးနီးယားဘက်က ပြန်လည်တောင်းပန်ခဲ့တာပါ။
ငွေကိုင်ဘဝမှဝန်ကြီးချုပ် ဖြစ်လာ
မာရင်ကတော့ သူ့ကိုယ်သူ ဖင်လန်နိုင်ငံသားဖြစ် ရတာကို ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။ ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ကလေးတစ်ယောက်ဟာ ကိုယ့်အစွမ်းအစနဲ့ ပညာသင်ကြားနိုင်ပြီး ဘဝမှာ ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကိုရောက်အောင် လျှောက်လှမ်းခွင့်ရလို့ ပိုပြီးဂုဏ်ယူမိတယ်လို့ ပြောခဲ့ပါတယ်။ ငွေကိုင်တစ်ယောက် အဖြစ်ကနေ ဝန်ကြီးချုပ်တောင် ဖြစ်လာနိုင်တယ် မဟုတ်ပါလား။ မာရင်ဟာသူ့ရဲ့ မိသားစုထဲမှ ပထမဆုံး တက္ကသိုလ် တက်နိုင်တဲ့သူဖြစ်ပါတယ်။
နိုင်ငံရေးလောကထဲဝင်ရောက်
သူဟာ အသက် ၂၀ အရွယ်မှာ နိုင်ငံရေးလောကထဲကို ဝင်ရောက်ခဲ့ပြီး ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှာ လျင်လျင်မြန်မြန်ပဲ နေရာရလာပါတယ်။ အသက် ၂၇ နှစ်မှာတော့ တမ်ပရီမြို့ကောင်စီ ခေါင်းဆောင်အဖြစ် ရွေးကောက်ခံရပါတယ်။ အဲဒီနောက် သုံးနှစ်အကြာမှာတော့ ပါလီမန်အမတ်တစ်ဦး ဖြစ်လာပါတယ်။ သူ့ရဲ့ ရိုးသားလှတဲ့ နောက်ခံဘဝဇာတ်ကြောင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မူဝါဒတွေကြောင့် အခြား ကမ္ဘာ့ခေါင်းဆောင်တွေကြားမှာ ပေါ်လွင်လာတယ်လို့ မျက်မှောက်ရေးရာ တင်ဆက်သူတွေကဝေဖန်ကြပါတယ်။ နောက်ပြီး သူ့ကို နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန် နဲ့ နှိုင်းယှဉ်မှုတွေလည်း ပြုလုပ်ကြပါတယ်။ ဂျက်စင်ဒါ အာဒန်ကတော့ အသက် ၃၇ နှစ်အရွယ်နဲ့ နယူးဇီလန် ဝန်ကြီးချုပ်ဖြစ်လာသူပါ။
အဓိကစိန်ခေါ်မှု
မာရင်ဟာ ခက်ခဲလှတဲ့မေးခွန်းတွေကို ဘယ်တုန်းကမှ ရှောင်ရှားခဲ့သူ မဟုတ်ပါဘူး။ ရုပ်မြင်သံကြားမှ ထုတ်လွှင့်တဲ့ နိုင်ငံရေးစကားရည်လုပွဲတွေမှာလည်း သူဟာ ကောင်းကောင်းယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ဒါဟာ ဖင်လန်နိုင်ငံရဲ့ ယဉ်ကျေးမှုအတွက် အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အခုအချိန်မှာ မာရင်အတွက် အဓိကစိန်ခေါ်မှုကြီးကတော့ ကွဲပြားနေတဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီကို ဘယ်လိုမျိုးစုစည်းမှုတွေလုပ်ဆောင် မလဲဆိုတာပါပဲ။ ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှာ အခုဆိုရင် လက်ဝဲဘက်ယိမ်းတဲ့ မြို့ပြနေ လူငယ်ထုနဲ့ ရှေးရိုးစွဲ ကုန်သွယ်ရေးသမဂ္ဂ အလုပ်သမားလူတန်းစားတို့ သဘောထားကွဲပြားမှုတွေရှိနေပါတယ်။ မာရင်ကိုတော့ မြို့ပြနေလူငယ်ထုက အထူးနှစ်ခြိုက်ပါတယ်။ ဒါကြောင့်လည်း ပါတီတွင်းက အလုပ်သမား လူတန်းစားတွေဆီက မဲရဖို့မလွယ်ဘူးလို့ မီယက်နမ်က ပြောပါတယ်။
တစ်ကမ္ဘာလုံးကစောင့်ကြည့်
မကြာသေးမီနှစ်တွေအတွင်းက စီးပွားရေးလုပ်ငန်းတွေ အဝေးကိုရွှေ့သွားတဲ့အတွက် စက်ရုံအလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ကြပါတယ်။ ဒါကြောင့်လည်း အလုပ်သမားမဲဆန္ဒရှင်တွေရဲ့ မဲဟာ အမျိုးသားရေးပါတီဆီ ရောက်သွားမှာကတော့ အဓိကစိုးရိမ်စရာပါပဲ။ ဒီလိုမျိုးပြဿနာတွေကို ကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် စံချိန်တင်ထားတဲ့ ဆန်နာမာရင်တစ်ယောက် ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းသွားမလဲ ဆိုတာကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြပါတယ်။
ခြူးစန္ဒီနွေး
ကိုးကား - စီအင်န်အင်န်

No comments:

Post a Comment

My Blog List