Monday, December 23, 2019

ရှေ့နေများအားလုံး ငွေကြေးနှင့်ပတ်သက်၍ အကျိုးဆောင်ရာတွင် တရားမဝင်ငွေကြေးဖြစ်ကြောင်း သံသယရှိပါက သတင်း‌‌ပေးပို့ရန် ညွှန်ကြားချက်ထုတ် လိုက်နာခြင်းမရှိပါက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူမည်ဟုဆို

No photo description available.

နိုတြီပဗ္ဗလစ်များ၊ တရားလွှတ်တော်ရှေ့နေနှင့် အထက်တန်းရှေ့နေများအနေဖြင့် မိမိအကျိုးဆောင်ပေးသော အမှုသည်၏ ငွေကြေး (သို့မဟုတ်) အစ္စည်းလွှဲပြောင်းမှု၊ လက်ခံမှုတို့ကိုဆောင်ရွက်ရာတွင် တရားမဝင်ငွေကြေးများနှင့် စပ်ဆက်နေကြောင်း သံသယဖြစ်ဖွယ်အကြောင်းရှိပါက ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ထံ သတင်း‌ပေးပို့ရန်နှင့် အကယ်၍ သတင်းပေးပို့ခြင်းမရှိပါက ဆောင်ရွက်ပေးသူကိုလည်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူမည်ဟု ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးက ကြေညာချက်ထုတ်ပြန်လိုက်သည်။
ကြေညာချက်တွင် နိုင်ငံတော်ရုံး၏ ၁၄-၁၁-၂၀၁၉ ရက်စွဲပါအမိန့်အမှတ် ၄၅/၂၀၁၉ ဖြင့် ထုတ်ပြန်ခဲ့သော ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဆိုင်ရာ အမိန့်၏ အပိုဒ်(၃၀) တွင် ရှေ့နေ၊ နိုတြီပဗ္ဗလစ်၊ ဥပ‌ဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများနှင့် စာရင်းကိုင်များသည် ငွေကြေးလွှဲပြောင်းဆောင်ရွက်မှုများကို မိမိတို့ဆက်သွယ်ဆောင်ရွက်သူအတွက် သို့မဟုတ် ယင်း၏ကိုယ်စားဆောင်ရွက်သည့်အခါ သတင်းအချက်အလက်များ၊ ဆက်သွယ်ဆောင်ရွက်သူထံမှ လက်ရရှိခြင်းမဟုတ်သည့် သံသယဖြစ်စေသော သို့မဟုတ် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့က တောင်းဆိုသော သတင်းအချက်အလက်များကို တင်ပြရမည်ဟု ပါရှိကြောင်း၊
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးကိစ္စနှင့် စပ်လျဉ်း၍ သတင်းပို့အဖွဲ့အစည်းတွင် ပါဝင်နေသော ရှေ့နေရှေ့ရပ်များနှင့် နိုတြီပဗ္ဗလစ်များသည် မိမိအမှုသည်၏ ငွေကြေး (သို့မဟုတ်) ပစ္စည်းလွှဲပြောင်းမှု၊ လက်ခံမှုတို့ကိုဆောင်ရွက်ရာတွင် အောက်ပါအချက်တစ်ရပ်ရပ်ကို တွေ့ရှိလျှင် ၎င်းတို့၏ ဆောင်ရွက်ချက်များကို အမည်နှင့်တကွ ပစ္စည်းတန်ဖိုးကို လျို့ဝှက်အဆင့်သတ်မှတ်၍ နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ငွေကြေးဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့သို့ သတင်းပို့ရမည်။
အောက်ပါတို့မှာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းရောင်းချခြင်း၊ ဝယ်ယူခြင်း၊ အမှုသည်၏ ငွေကြေးများ၊ ငွေချေးသက်သေခံလက်မှတ်များ သို့မဟုတ် အခြားပိုင်ဆိုင်သည့်ပစ္စည်းများအား စီမံခန့်ခွဲခြင်း၊ ဘဏ်များ၊ စုငွေများ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်များစာရင်းကို စီမံခန့်ခွဲ ခြင်း၊ ကုမ္ပဏီများထူထောင်မှု၊ လုပ်ငန်းလည်ပတ်မှု သို့မဟုတ် စီမံခန့်ခွဲမှုများအတွက် အထောက်အကူပြုဆောင်ရွက်ချက်များကို စုရုံးစီစဉ်ခြင်း၊ တရားဝင်အသင်းအဖွဲ့များ သို့မဟုတ် အစီအစဉ်များထူထောင်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ စီးပွားရေးလုပ်ငန်းများ ဝယ်ယူခြင်းနှင့် ရောင်းချခြင်းတို့အတွက် သတင်းပို့ရမည်ဖြစ်သည်။
ထို့ပြင် သတင်းအဖွဲ့အစည်းများသည် သတင်းပို့ရန် သတ်မှတ်ထားသော တန်ဖိုးပမာဏ သို့မဟုတ် ယင်းတန်ဖိုးပမာဏထက် ကျော်လွန်သော ငွေကြေး သို့မဟုတ် ပစ္စည်းလွှဲပြောင်းဆောင်ရွက်မှုများဖြစ်လျှင် သို့မဟုတ် ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုနှင့် ဆက်နွှယ်ပတ်သက်သည်ဟုလည်းကောင်း၊ သံသယဖြစ်ဖွယ်အကြောင်းရှိလျှင် သတင်းပို့ရမည်ဖြစ်ကြောင်း၊
အကယ်၍ အထက်ပါအချက်များကို တွေ့ရှိသော်လည်း သင်းပေးပို့ခြင်းမရှိပါက ယင်းဥပဒေပုဒ်မ ၄၆ အရ အရေးယူခံရမည်ဖြစ်ကြောင်း ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးက ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့စွဲဖြင့် လိုက်နာဆောင်ရွက်ရန်ကြေညာချက်ကို ထုတ်လိုက်ကြောင်း သိရသည်။
ပန်ပန်/Myanmar Harp

No comments:

Post a Comment

My Blog List