Friday, December 18, 2015

NLD ပါတီ အနိုင်ရရေး မဲဆွယ်ပေးခဲ့သော ဆိုက်ကားဆရာများကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ အနိုင်ရရေးအတွက် ဝိုင်းဝန်းမဲဆွယ် စည်းရုံးပေးခဲ့သော ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆိုက်ကားဆရာများကို တွေ့ဆုံမည်ဖြစ်ကြောင်း ဗဟန်းမြို့နယ် NLD အနိုင်ရအမတ် ဦးထွန်းမြင့်က ပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲကို ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး မည်သည့်နေရာတွင် ပြုလုပ်မည်ကိုမူ ၎င်းက ပြောဆိုခြင်း မရှိသေးပေ။
ရွေးကောက်ပွဲအပြီး ပြုလုပ်ခဲ့သော NLD အောင်နိုင်ရေးအတွက် သီဆိုဖျော်ဖြေပေးခဲ့သည့် အနုပညာရှင်များနှင့် တွေ့ဆုံပွဲတွင် ဆိုက်ကားဆရာများကို ကျေးဇူးတင်ကြောင်းနှင့် တွေ့ဆုံလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

ထို့အပြင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အောင်နိုင်ရေးအတွက် ကူညီပေးခဲ့သည့် အောင်နိုင်ရေး အဖွဲ့ဝင်များနှင့် အနုပညာရှင်များကို ဂုဏ်ပြုသည့် အခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း NLD ပါတီဝင် ဗဟန်းမြို့နယ် အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောကြားသည်။

အဆိုပါ ဂုဏ်ပြုပွဲ အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အချိန်ကာလနှင့် ရွေးကောက်ပွဲနေ့တို့တွင် NLD အတွက် ဝိုင်းဝန်းကူညီပေးခဲ့သည့် အဖွဲ့ဝင်၊ အောင်နိုင်ရေးအတွက် လှည့်လည်ဖျော်ဖြေခဲ့သည့် အနုပညာရှင်များကို အသိအမှတ်ပြုတဲ့ အတွက်ကြောင့် ဂုဏ်ပြုပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့ ရန်ကုန်တိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီး လုပ်တာပါ၊ ရန်ကုန်တစ်တိုင်းလုံးပေါ့၊ ကူညီပေးတဲ့သူတွေနဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုမှာပါ၊ ဒီပွဲကို ဦးတင်ဦး တက်ရောက်မိန့်ခွန်းပြောမှာပါ” ဟု ဦးထွန်းမြင့်က ပြောသည်။

ရွေးကောက်ပွဲရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ၄၄ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၈၇ နေရာတို့ အနိုင်ရရှိခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List