Thursday, December 17, 2015

“၀” က အစိုးရသစ်ထံ ကိုယ်ပိုင်ပြည်နယ် တောင်းမတဲ့လား ?



လက်ရှိအစိုးရလက်ထက်မှာ ထပ်တလဲလဲတောင်းဆိုနေတဲ့ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ရရှိရေးကို “၀” ခေါင်းဆောင်တွေက လက်မလျှော့ဘဲ အစိုးရသစ်တက်လာတာနဲ့ တောင်းဆိုမယ်လို့ ထုတ်ဖော်ပြောဆို လိုက်ပါပြီ။ “၀” ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ခွန်ထွန်းလူက “ ကျွန်တော်တို့ကတော့ အစိုးရသစ်လက်ထက်မှာ ဒီကိစ္စကို ဆက်လက်တောင်းဆိုသွားမှာပါ၊ သတ်မှတ်ပေးတာ၊ မပေးတာကတော့ နိုင်ငံတော်ရဲ့ အပိုင်းပေါ့ ” လို့ 7 Day Daily သတင်းစာကို ပြောကြားသွားတာ ဖြစ်ပါတယ်။ “၀” ကိုယ်ပိုင်ပြည်နယ်ရရှိရေးကို “၀”ခေါင်းဆောင် တွေဟာ တပ်မတော်က နိုင်ငံ့တာဝန်ယူချိန်တုန်းကလည်းတောင်းတယ်၊ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရတက် လာတော့လည်း တောင်းတယ်၊ အခု အစိုးရသစ်လက်ထက်မှာ တောင်းဖို့ပြင်ဆင်နေပြန်တယ်။ “၀” ရဲ့ နည်းလမ်တွေကို တခြားတိုင်းရင်းသားလက်နက်ကိုင်တွေက သံယောင်လိုက်နေတာကြောင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအတွက် အင်မတန် အန္တရာယ်ကြီးပါတယ်။


“၀” အဖွဲ့နည်းတူ KIO/KIA နဲ့ KNPP တို့ကလည်း ကိုယ်ပိုင်ပြည်နယ်ရရှိရေး စိတ်ကူးအိပ်မက်တွေ ရှိနေခဲ့ပြီး အစိုးရသစ်လက်ထက်မှာ တောင်းဆိုလာနိုင်ပါတယ်။ KIO/KIA က ၀မ်ပေါင်နိုင်ငံ တစ်နည်းအားဖြင့် ကချင်နိုင်ငံ တော် တည်ထောင်ရေးကို အိပ်မက် မက်နေပြီး ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့စကားကို သိသိသာသာသုံးနှုန်း လာတာတွေ့ရပါတယ်။ KNPP ဆိုရင်လည်း ဖရူဆိုမြို့မှာ မြို့ခံလူထုနဲ့ တွေ့ဆုံပွဲလုပ်ပြီး ကရင်နီပြည်နယ် တည်ထောင်ရေး ကြိုးပမ်းမယ်လို့ ထုတ်ဖော်ပြောဆိုထားတာ မကြာသေးပါဘူး။ ဒီလိုသာ တိုင်းရင်းသား လက်နက်ကိုင်တွေ သူတစ်လူ ငါတစ်မင်း ကိုယ်ပိုင်ပြည်နယ်တောင်းနေမယ်ဆိုရင် တိုင်းပြည်ရဲ့ တည်ငြိမ် အေးချမ်းရေးဟာ လှုပ်လှုပ်ရှားရှား ဖြစ်သွားနိုင်ပါတယ်။ ဒီမိုကရေစီသက်တမ်းနုနယ်သေးတဲ့ မြန်မာနိုင်ငံအနေနဲ့ သူတို့တောင်းတဲ့ ကိုယ်ပိုင်ပြည်နယ်ပေးဖို့ စောလွန်းသေးတယ်လို့ မြင်ပါတယ်။ ဒီကိစ္စဟာ တိုင်းရင်းသား အားလုံး အကျေအလည် ဆွေးနွေးညှိနှိုင်းအဖြေရှာရမယ့်ကိစ္စ ဖြစ်ပါတယ်။



“၀” ခေါင်းဆောင်တွေဟာ သူတို့လိုချင်တဲ့ ကိုယ်ပိုင်ပြည်နယ် ရရှိရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်း လာတာ တွေ့ရတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ NCA ကိစ္စအတည်ပြု လက်မှတ်မထိုးနိုင်သေး ခင်အချိန်တုန်းက “၀”ဒေသ၊ ပန်ဆန်းမှာ တိုင်းရင်းသားညီလာခံကျင်းပ ပေးခဲ့တယ်။ ငြိမ်းချမ်းရေးကိစ္စ စိတ်ဝင် စားသလိုလိုနဲ့ KIA ခေါင်းဆောင်တဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပန်ဆန်းထိခေါ်ပြီး အသုံးချခဲ့တယ်။ ဘယ်လို အသုံးချခဲ့သလဲဆိုတော့ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ပြောင်းလဲ ရေးအတွက် ညီလာခံလာတက်တဲ့ လက်နက်ကိုင်ခေါင်းဆောင်တွေကို ထောက်ခံခိုင်းခဲ့တာပါ။ အဲဒီ လက်နက်ကိုင် ခေါင်းဆောင်တစ်စုရဲ့ ထောက်ခံမှုနဲ့ “၀” က ပြည်နယ်သတ်မှတ်ပေးဖို့ ကြေညာချက်ထုတ်ပြီး အစိုးရဆီတောင်း ဆိုခဲ့ပါတယ်။



“၀” ခေါင်းဆောင်တွေဟာ တခြားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ခပ်ကင်းကင်းနေခဲ့သူတွေပါ။ သူတို့ အကျိုးစီးပွားအတွက် အသုံးချချင်လို့သာ ပန်ဆန်းမှာ ညီလာခံကျင်းပပေးခဲ့တာ။ နိုဝင်ဘာ ၈ ရက်နေ့မှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးပြီးတဲ့အချိန် ပန်ဆန်းမှာပဲ “၀” ခေါင်းဆောင်တွေက လက်နက်ကိုင် တချို့ကို ဖိတ်ခေါ်ခဲ့တယ်။ ဖိတ်ခေါ်ခံရတဲ့လက်နက်ကိုင်တွေဟာ NCA မှာ လက်မှတ်မထိုးခဲ့တဲ့ KIA၊ SSPP/ SSA ၊ NMSP ၊ KNPP ၊ TNLA ၊ AA ၊ MNDAA အဖွဲ့တွေ ဖြစ်နေတာ တွေ့ရတယ်။ အဲဒီတွေ့ဆုံပွဲကနေ ပိုမို ကျစ်လစ်တဲ့ တပ်ပေါင်းစုအသစ်ကို ဖွဲ့စည်းသွားမယ်လို့ UWSA ဥက္ကဋ္ဌ ပေါက်ယူချန်းနဲ့ KIO ဒုဥက္ကဋ္ဌ အင်ဘန်လ တို့ကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ “၀”ခေါင်းဆောင်တွေဟာ အစိုးရနဲ့ ပလဲနံပ မသင့်တဲ့ လက်နက်ကိုင်တစ်စုကို မြှောက်ထိုးပင့်ကော်လုပ်ပေးပြီး အစိုးရကို အကျပ်အတည်းဖြစ်အောင် လုပ်နေတာပါ။ KIA၊ SSPP/ SSA ၊ NMSP ၊ KNPP ၊ TNLA ၊ AA နဲ့ MNDAA တို့ကို “၀” ထုတ် လက်နက်တွေ ရောင်းချပေးနေတယ်လို့လည်း သိရပါတယ်။



ကိုယ်ပိုင်ပြည်နယ်လိုချင်တဲ့ “၀” ဟာ အစိုးရက ကမ်းလှမ်းခဲ့တဲ့ NCA မှာလည်း ပါဝင်လက်မှတ်ထိုးခဲ့ခြင်းမရှိပါ ဘူး။ “၀” ဒေသဟာ မူးယစ်ဆေးဝါးနာမည်ဆိုးနဲ့ ကျော်ကြားနေဆဲဖြစ်ပြီး ပေါက်ယူချန်းအပါအ၀င် “၀” ခေါင်းဆောင် ၈ ဦးဟာ DEA ရဲ့ အမေရိကန်ဒေါ်လာ ၂ သန်း ဆုကြေးထုတ်ခံထားရတဲ့ မူးယစ်ရာဇာတွေအဖြစ် ကမ္ဘာက ရှုမြင်ခံနေရဆဲပါပဲ။ မြန်မာ - ထိုင်း - တရုတ်နယ်စပ်မှာ ဖမ်းဆီးရမိသမျှ မူးယစ်ဆေးဝါးတွေဟာ “၀” ဒေသကလာတဲ့ အထောက်အထားတွေလည်း ရှိနေပါတယ်။ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းကရတဲ့ ငွေမည်း တွေကို ငွေဖြူဖြစ်အောင် “၀” ခေါင်းဆောင်တွေဟာ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတာ တွေ့ရပါ တယ်။ လက်နက်ကိုင်အဖွဲ့အားလုံးထဲမှာ “၀” က စီးပွားရေး အင်အားရော လက်နက်အင်အားပါ တောင့်တင်း ဆုံးလို့ ဆိုနိုင်ပါတယ်။ 



“၀”ခေါင်းဆောင်တွေအနေနဲ့ ကိုယ်ပိုင်ပြည်နယ် မပေးမှန်းသိရက်နဲ့ ထပ်တလဲလဲ တောင်းနေတာဟာ သွေးတိုး စမ်းတာပါ။ အစိုးရအနေနဲ့ကလည်း “၀” ဒေသ တစ်ခုတည်းကိုပဲ ကွက်ပြီး ကိုယ်ပိုင်ပြည်နယ် ပေးလို့မရပါဘူး။ အစိုးရက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသ အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့ ၆ ဖွဲ့ ရှိပါတယ်။ နာဂ၊ ဓနု၊ ပအိုဝ့်၊ ပလောင်၊ ကိုးကန့်နဲ့ “၀” တို့ ဖြစ်ပါတယ်။ “၀” ဒေသမှာဆိုရင် ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနဲ့ ပန်ဆန်း ( ပန်ခမ်း) မြို့နယ်ခြောက်မြို့နယ်ကို ခရိုင်နှစ်ခုဖွဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသအဖြစ် သတ်မှတ်ပေးခဲ့တာပါ။ လက်ရှိအစိုးရနဲ့ ယခင် တပ်မတော်တာဝန်ယူခဲ့တဲ့ အစိုးရလက်ထက်တွေမှာ ထားခဲ့တဲ့ စေတနာကို “၀”က ကျေးဇူးကန်းလိုက်ပြီ ဖြစ်ပါတယ်။ အစိုးရသစ်လက်ထက်မှာ ဘယ်လိုသဘောထားမယ် မသိပေမယ့် ကိုယ်ပိုင်ပြည်နယ်ပေးရေးကို ရှမ်းပြည်နယ်မှ ကျန်တိုင်းရင်းသား တစ်ရပ်လုံးက ကန့်ကွက်ကြမှာ အမှန်ပါ။

စိုင်းနေမျိုးကျော်
နေ့စဉ်သတင်း

No comments:

Post a Comment

My Blog List