Tuesday, December 15, 2015

တရုတ်နိုင်ငံမှ ကျောက်စိမ်းလုပ်ငန်းသုံး ယာဉ် စီးရေ ထောင်ချီ ဖားကန့် ဒေသရောက်လာပြီးနောက် ယာဉ်ကြီးများ လမ်းမပေါ်မှ ဖြတ်သန်း သွားလာခြင်းမပြုရန်ရာနှင့်ချီသည့် ဒေသခံများမှ လမ်းပေါ်ထွက်တားဆီး


တရုတ်နိုင်ငံမှ ကျောက်စိမ်းကဏ္ဍတွင် အသုံးပြုသည့် ယာဉ်ယန္တရားများ ထောင်နှင့်ချီ ဖားကန့် ဒေသကို ရောက်ရှိလာပြီးသည့် နောက် ယာဉ်ကြော ပိတ်မှုများဆိုးရွားစွာ ဖြစ်နေသဖြင့် မြေစာတင် ကားများ အပါအ၀င် ယာဉ်ကြီးများ လမ်းမများပေါ်မှ ဖြတ်သန်း သွားလာခြင်း မပြုရန် ရာနှင့် ချီသည့် ဒေသခံများမှ ယာဉ်များကိုတားဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှာ သိရသည်။
“ကျန်တော်တို့ လုပ်နေတာ ၄ ရက်လောက်ရှိပြီ ကားတွေက လမ်းနဲ့ မမျှအောင်သွားလာ ပိတ်ဆို့နေတော့ ကလေးတွေ ကျောင်းသွားတာက အစ အန္တာရာယ်များတယ်။ ကားတွေက ပိတ်နေတော့ ကလေးတွေက လမ်းမဘေး ချောက်ကမ်းပါးဘေးက ကပ်ပြီး သွားရတာတွေ ရှိတယ်။ ပြီးတော့ မြေစာပုံတင်တဲ့ ကားတွေကိုတားတာ များတယ် ။ လမ်းတွေလည်း တအားပျက်သလို မြို့ထဲမှာကိုပဲ ကားတွေပိတ်ဆို့တာတွေ ဖြစ်နေတာပါ” ဟု ဖားကန့်ဒေသခံဖြစ်ပြီး ကချင်အမျိုးသားလူမှုဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း မှ တာဝန်ရှိသူလည်း ဖြစ်သူ ဦးလတောင်ကပြောသည်။

ရာနှင့် ချီသည့် ဒေသခံများမှ ဦးဆောင်၍ လုံးခင်း ၊ ဆိုင်းတောင် ၊ ဖားကန့် မြို့ပေါ်စသည့် နေရာများတွင် ပြုလုပ်နေခြင်းဖြစ်ပြီး ယာဉ်ကြီးများအား လမ်းမပေါ်သို့တက်ရောက် မောင်းနှင်ခြင်း မပြုရန် တားဆီးနေခြင်းဖြစ်ပြီး ဦးဆောင်နေသူများအားခြိမ်းခြောက်မှုအချို့လည်း ရှိနေကြောင်း ဒေသခံ များက ဆိုသည်။

ဒေသခံများ၏ ပြောကြားချက်အရ စီးရေထောင်နှင့်ချီသည့် ကျောက်စိမ်း ထုတ်လုပ်ရေးလုပ်ငန်းတွင် အသုံးပြုသော လိုင်စင်မဲ့ မော်တော်ယာဥင်္များ အပါအ၀င် အကြီးစားယာဉ်များမှာ ယခု လပိုင်းအတွင်းတရုတ်နိုင်ငံ ကန်ပိုက်တီ နယ်စပ်မှ တစ်ဆင့် ၀င်ရောက်လာခဲ့ပြီး အစိုးရသက်တမ်းမကုန်ခင် ရနိုင်သလောက် အကုန်တူးမည့် သဘောမျိုးဖြစ်နေကြောင်း ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သည့် အမည်မဖော်လိုသူ လုပ်ငန်းရှင်ငယ် တစ်ဦးက ပြောသည်။

“လမ်းတွေက တစ်ခါပိတ်ရင် မိုင်ချီတယ် ကာမိုင်းနဲ့ ဖားကန့် မိုင်လေးဆယ် လောက်ရှိတာကို ကားတွေ ၀င်လာစတုန်းက ဆိုရင် ဖားကန့်နဲ့ ကာမိုင်း အကြား ပိတ်နေတာကားတန်းက မိုင်နဲ့ချီကို ဖြစ်နေတာ။ ဘယ်လို လုပ်ကြ မလဲ အကုန်တူး ပရမ်းပတာတူးနဲ့ ပတ်ဝန်းကျင် ပျက်စီးသလို ရေကြီးလိုက် မြေပြိုပြီး လူတွေပါ သေဆုံးလိုက် ဖြစ်နေတာ” ဟု ဖားကန့်မြို့ခံ နော်ဆန်က ပြောသည်။

ဖားကန့်ဒေသအတွင်း ကျောက်စိမ်းတူးဖော်ရာတွင် အသုံးပြုသည့် ယာဉ် ယန္တရားများမှာ ပြီးခဲ့သည့် သုံးနှစ်အတွင်း ၁၀ ဆခန့် များပြားလာခဲ့သည်ဟု ဒေသခံများကဆိုသည်။

“အခုတူးနေကြတာက ဆိုးဆိုးရွားရွားကို တူးနေကြတာ တရုတ်တစ်မျိုးတည်းမကပါဘူး။ သူက အဓိက ဈေးကွက် ဖြစ်နေလို့သာ ကားတွေက တရုတ်ဘက်သယ်နေတာ။ ကျန်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ အစိုးရနဲ့နီးပြီး ကျောထောက် နောက်ခံကောင်းသူတွေလည်း ဆိုးဆိုးရွားရွားကို တူးနေကြတာပါပဲ” ဟု အမည်မဖော်လိုသူမြို့မျက်နှာဖုံးတစ်ဦးက The Ladies News သို့ ပြောသည်။

Photo - Caption Myitkyina Brang
The Ladies News Journal

No comments:

Post a Comment

My Blog List