Wednesday, December 16, 2015

မြန်မာနိုင်ငံအတွင်းသို့ IS ၁၁ ဦးဝင်ရောက်လာသည်ဆိုသော သတင်းကြောင့် ရှမ်းမြောက်တွင် လုံခြုံရေးအထူးတင်းကျပ်


IS ( အစ္စလာမ်မစ် နိုင်ငံတော်) အဖွဲ့မှ အကြမ်းဖက်တိုက်ခိုက်ရေးသမားများဟု ယုံကြည်ရသူ အမျိုးသား (၁၁) ဦးသည် ဒီဇင်ဘာလ (၁၄) ရက်နေ့ က ရှမ်းပြည်နယ်(မြောက်ပိုင်း) တရုတ်-မြန်မာ နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့  ၀င်ရောက်လာသည်ဟူသောသတင်းအရ မူဆယ်-လားရှိုး အဝေးပြေးလမ်းမကြီးတလျှောက် လုံခြုံရေးကို အထူးတင်းကြပ်ထားရှိပြီး မြို့ ရွာအသီးသီးများတွင်လည်း လုံခြုံရေးအဆင့်ကို တိုးမြှင့်ထားလိုက်ပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူးးရဲမှူးကြီး အောင်မြတ်မိုး က ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ပြောသည်။
" လွန်ခဲ့တဲ့ ရက်သတ္တပါတ်လောက်က တရုတ်နိုင်ငံထဲကို IS တွေ ၀င်ရောက်ခဲ့တယ်လို့ ပဏာမသတင်း ရရှိခဲ့ပါ တယ်။ ဒီဇင်ဘာ (၁၄) မှာတော့ တရုတ်ရဲတပ်ဖွဲ့ တွေရဲ့ လိုက်လံဖမ်းဆီးမှုကို တိမ်းရှောင်ရင်း အဲဒီ IS တွေဟာမြန်မာနယ် စပ်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ဖွယ်ရှိတယ်လို့  သတင်းရရှိတဲ့အတွက် အခု အဲဒီ လူ (၁၁) ဦးရဲ့ ဓါတ်ပုံတွေကို တပ်ဖွဲ့ ဝင်များအားလုံးထံ ဖြန့် ထားပြီး ဖြစ်ပါတယ်။ မြို့ ဝင်၊မြို့ ထွက် ပိတ်ဆို့ ရေးဆောင်ရွက်မှာဖြစ်သလို လှည့်ကင်းတွေ လည်း မပြတ်လှည့်နေမှာပါ။ ဧည့်စာရင်းတွေကို ထိရောက်စွာစစ်ဆေးသွားမှာဖြစ်ပြီး ကားဂိတ်၊ ဈေး၊ ကျောင်း၊ စူပါမားကက်၊ ဓါတ်ဆီဆိုင်၊ ဟိုတယ်၊ အစ
ရှိတဲ့ လူစည်ကားရာနေရာတွေကိုလည်း အထူးစောင့်ကြပ်ကြည့်ရှုသွားပါမယ် " ဟု ရဲမှူးကြီးအောင်မြတ်မိုးကပြောသည်။

"မြို့ ရွာလုံခြုံရေး၊ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဒုစရိုက်သမားများအတွက် နေရာမရှိစေရေးအတွက် မိဘပြည်သူများအနေနဲ့  မသင်္ကာဖွယ်ရာ လူတွေ၊ လှုပ်ရှားမှုတွေ၊ ပစ္စည်းတွေ တွေ့ တယ်ဆို ရင် သက်ဆိုင်ရာကိုချက်ခြင်းအကြောင်းကြားဖို့  တာဝန်ရှိပါတယ် " ဟု လည်း၎င်းကပြောသည်။

ထူးခြားဖြစ်စဉ်များ တွေ့ ရှိလျှင် လားရှိုးမြို့ မရဲစခန်း (၀၈၂-၂၃၃၀၄) လားရှိုးနယ်မြေရဲစခန်း (၀၈၂-၂၃၃၀၅) လားရှိုးမြို့ နယ်ရဲတပ်ဖွဲ့ မှူးရုံး (၀၈၂-၂၃၀၇၈) လားရှိုးခရိုင်ရဲတပ်ဖွဲ့ မှူးရုံး (၀၈၂-၂၃၈၈၃) ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူးရုံး (၀၈၂-၃၀၃၀၀) တို့ ထံ ဆက်သွယ်နိုင်ကြောင်း လည်း ရဲမှူးကြီးအောင်မြတ်မိုးကပြောသည်။

လားရှိုးမြို့တွင် လုံခြုံရေးတင်းကျပ်မှုများရှိနေသည် ဟုလည်း လားရှိုးမြို့ခံတစ်ဦးကပြောသည်။

" IS တွေ ၀င် တယ် ၊ မ၀င်ဘူးဆိုတာကို တော့ တိတိကျကျမသိရပါဘူး၊ လားရှိုးမြို့ပေါ်မှာတော့ လုံခြုံရေးတွေတင်းကျပ်ထားပါတယ် " ဟုလည်း၎င်းကပြောသည်။

." တရုတ်နိုင်ငံက ကနေ IS ၁၁ ယောက်ဝင်လာတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် တို့ဆီကိုတော့ အခုထိတိတိကျကျ ညွှန်ကြားတာမျိုးတော့အခုအချိန်ထိမရှိသေးဘူး၊ ဒါပေမယ့် လည်းထိုင်းနိုင်ငံ ထဲ ကို IS တွေ ၀င်လာတယ်ဆိုတာမျိုး သတင်းရတယ်။ IS တွေ ထိုင်းနိုင်ငံထဲကနေ မြန်မာနိုင်ငံထဲကို ၀င်လာနိုင်တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လုံခြုံရေးဆောင်ရွက်နေ
တာမျိုးတော့ရှိနေပါတယ် " ဟုတောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိရဲမှူးကြီး စန်းလွင် က ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင်ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ပြောသည်။

=======
နေ့သစ်မောင်
PHOTO BY - NTM ( မြန်မာနိုင်ငံအတွင်းဝင်ရောက်လာနိုင်သည်ဟု ယူဆရသော IS အဖွဲ့ မှ ၁၁ ဦး )
Kanbawza Tai News Journal


No comments:

Post a Comment

My Blog List