Thursday, December 17, 2015

ဟိုတယ်ခရီးဝန်ကြီး ဦးဌေးအောင်အား NLD အစိုးရတွင် ၀န်ကြီးအဖြစ် ဆက်ခန့်ရန် သင့်မသင့် NLD ပါတီက ဟိုတယ်ခရီး လုပ်ငန်းရှင်အချို့ကို မေးမြန်းမှုများ ရှိဟုဆို


သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင် ဖွဲ့စည်းမည့် အစိုးရအဖွဲ့အသစ်တွင် ဟိုတယ်ခရီးနှင့် ယဉ်ကျေးမှုဆိုင်ရာ ၀န်ကြီးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင် ခိုင်းရန် သင့်မသင့်နှင့် ပတ်သက်ပြီး NLD ပါတီ တာဝန်ရှိသူများက ဟိုတယ်ခရီး လုပ်ငန်းရှင် အချို့အား စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအ၀ိုင်းမှ သိရသည်။
"သူ့ကို ၀န်ကြီးအဖြစ် ဆက်ခန့်ရင် ဘယ်လိုလဲပေါ့လေ။တစ်ဆက်တည်း မှာလည်း ယဉ်ကျေးမှုနဲ့ တွဲကိုင်ခိုင်းတာ၊ ဒါမှမဟုတ် ၀န်ကြီးဌာန နှစ်ခုကို ပြန်ပေါင်းလိုက်ပြီး ကိုင်ခိုင်းမယ်ဆိုရင်ကော အဆင်ပြေနိုင်မလား ဆိုပြီး NLD တာဝန်ရှိသူတွေ ဘက်က မေးထားတာပါ " ဟု အမည်မဖော်လိုသူ The Ladies News ၏ ယုံကြည်စိတ်ချရ သော ဟိုတယ်လုပ်ငန်းရှင် သတင်း ရင်းမြစ် တစ်ဦးက အတည်ပြုပြောဆိုသည်။

NLD ပါတီက လိုက်လံ မေးမြန်းနေရာတွင် လက်ရှိယဉ်ကျေးမှု ၀န်ကြီးဌာနတွင် ဒုတိယ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဒေါ်စန္ဒာခင်နှင့် ပတ်သက်၍လည်း NLD အသိုင်းအ၀ိုင်းတွင် စဉ်းစားမှုများ ရှိနေကြောင်း NLD နှင့် နီးစပ်သူများထံမှ သိရသည်။

"ဘယ်သူတွေကို ၀န်ကြီးခန့်မလဲ ဆိုတာကတော့ ပါတီ ဥက္ကဋ္ဌကပဲ ဆုံးဖြတ်ရမှာပါ " ဟု NLD ပါတီဝင်ဖြစ်ပြီး ခရီးသွား လုပ်ငန်းကိုလည်း လုပ်ကိုင်နေသူ ကိုကျော်မင်းလှိုင်က The Ladies News သို့ ပြောသည်။
ဟိုတယ်ခရီးနှင့် ယဉ်ကျေးမှု ဌာနနှစ်ခုကို ပေါင်း၍ ၀န်ကြီးတစ်ဦးတည်းကို ခန့်အပ်ရန် စဉ်းစားရခြင်းမှာ ခရီးသွား လုပ်ငန်း အများစုမှာ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေများ နှင့် ဆက်စပ်၍ ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ လည်း ရှိနေသည်။

NLD ဦးဆောင်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အစိုးရဖွဲ့စည်း ရာတွင် ယခင်အစိုးရ အဖွဲ့မှ ၀န်ကြီးများ အနေဖြင့် တစ်စိတ်တစ်ပိုင်း ပါဝင် ရမည် ဖြစ်သော ကြောင့် ဦးဌေးအောင်ကဲ့သို့ ဂျော့ဝါရှင်တန် တက္ကသိုလ်မှ ဟိုတယ် ခရီးသွားလုပ်ငန်း ဆိုင်ရာ ဘွဲ့ရရှိထားသူ အနေဖြင့် အစိုးရအသစ် တွင် ၀န်ကြီးပြန်ဖြစ်လာရန် အလားအလာ ကောင်းနိုင်ကြောင်း ခရီးသွား လုပ်ငန်း အသိုင်းအ၀ိုင်းက သုံးသပ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် တပ်မတော်အရာရှိဟောင်း တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

သတင်း - စိုင်းထွန်းအောင်လွင်
Photo – Nordea Invest
The Ladies News Journal

No comments:

Post a Comment

My Blog List