Friday, December 18, 2015

ဝန်ထမ်းများ အနေဖြင့် စိတ်အေးလက်အေး နေရန်နှင့် ဖြုတ်ထုတ်သတ် လုပ်ရန် လုံးဝ ၀ါသနာမပါကြောင်း နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၀န်ထမ်းများနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဝန်ထမ်းများအနေဖြင့် စိတ်အေးလက်အေးဖြင့် နေရန်နှင့် ဖြုတ်ထုတ်သတ် လုပ်ရန်ကို လုံးဝ ၀ါသနာ မပါကြောင်း နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှ တာဝန်ရှိ၊ ၀န်ထမ်းများနှင့် တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့သည် ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက စည်ပင် ဧည့်ရိပ်သာဝင်းအတွင်း၌ တာဝန်ရှိသူများ၊ စည်ပင်ဧည့်ရိပ်သာမှ ၀န်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
“အဲဒီတော့ ၀န်ထမ်းများအနေနဲ့ စိတ်အေးလက်အေးနဲ့နေပါ။ ကျွန်မတို့ ဖြုတ်ထုတ်သတ်ဆိုတာ လုံး၀၀ါသနာမပါဘူး။ ဒီဟာတွေကလည်း ဘယ်သူ့ကိုမှ အကျိုးမပြုဘူး။ ပွင့်ပွင့်လင်းလင်း ပြောနိုင်တယ်။ ကျွန်မတို့ အမြဲနားထောင်မယ်။ သဘောတူတဲ့အခါ သဘောတူတယ်။ သတောမတူတဲ့ အခါလည်း မတူ ဘူးပေါ့နော်။ ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် ဆိုတာတော့ အမြင်ချင်းကတော့ တူတာမဟုတ်ဘူး။ ဒါပေမဲ့ အများအတွက် ကောင်းမယ်ထင်တာကို ကျွန်မတို့ ကြိုးစားဖို့လိုတယ်။ လုပ်တဲ့အခါမှာ အားလုံးက ၀ိုင်းပြီး ပံ့ပိုးပေးမှ အောင်မြင်မှာပါ။ ကျွန်မတို့ချည်းပဲ လုပ်လို့ မရပါဘူး။ အဲဒီတော့ ဒီအဖွဲ့က တို့အဖွဲ့မဟုတ်လို့ စသဖြင့် အဲဒီလိုစိတ်တွေ မထားနဲ့လို့ ကျွန်မ မေတ္တာ ရပ်ခံချင်ပါတယ်။ ကျွန်မတို့ဟာ လုံးဝမထားပါ ဘူး။ ဒီလူက ဟိုအဖွဲ့ကမို့လို့ ဒီလူက ဒီအဖွဲ့ကမို့လို့ ဒါတွေ စဉ်းစားဖို့ အချိန်မရှိဘူး။ တစ်ယောက်ချင်း တစ်ယောက်ချင်းဟာ နိုင်ငံအကျိုးအတွက် ဘာလုပ်ပေးနိုင်မယ့် အရည်အချင်းရှိလဲ ဒါကိုပဲ ကျွန်မတို့ကြည့်ဖို့ အချိန်ရှိတယ်။ အဲဒီ အရည်အချင်းကို အကောင်းဆုံးဖြစ်အောင် သုံးမယ်။ အကောင်းဆုံးဖြစ်အောင်သုံးဖို့ ဆိုတာလည်း ကိုယ်တိုင်လည်း ကြိုးစားပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဝန်ထမ်း များသည် ပြည်သူထဲမှ ပြည်သူများဖြစ်ပြီး ပြည်သူ၏ တာဝန်ကို ထမ်းဆောင်နိုင်သည့် အထူးအခွင့်ရသည်ဟု စိတ်ထဲ၌ ထားစေချင်ကြောင်း၊ အထူးသဖြင့် နိုင်ငံတိုးတက်ရန် လုပ်နိုင်သည့် အခွင့်အရေးရှိသည့် အချိန်ကာလတွင် ၀န်ထမ်းဖြစ်ရသည်ကို ပင်ပန်းသည်ဟု စိတ်ထဲ၌ မထင်စေချင်ကြောင်း၊ အထူးအခွင့်အရေးဟု ထင်စေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှ တာဝန် ရှိသူများနှင့် ၀န်ထမ်းများအား ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့ဖွဲ့ရာတွင် ဌာနများကို ပြန်ပြင်သည့် အခါတွင် ၀န်ထမ်းများကို အဆိုပြုပိုင်ခွင့် ပေးမည်ဖြစ်ကြောင်း ပြောကြား သည်။

“ကျွန်မ စဉ်းစားထားတာက ဌာနတွေ၊ ဘာတွေ ပြန်ပြီးပြင်တဲ့အခါမှာ ၀န်ထမ်းတွေကို အဆိုပြုပိုင်ခွင့် ပေးမယ်။ ဘယ်မှာလုပ်ချင်လဲ။ ဒါပေမဲ့ ကိုယ်လုပ်ချင်တိုင်းလည်း လုပ်လို့ရတာ မဟုတ်ဘူး။ ကိုယ့်မှာ အရည်အချင်းရှိမှ။ ဘာမှ ပညာရေးအကြောင်း နားမလည်ဘဲနဲ့ ပညာရေးဌာနကို ပို့ပေးပါဆိုရင်တော့ မရဘူး။ ကိုယ့်ရဲ့ ကျွမ်းကျင်ရာ၊ ကျွမ်းကျင်ရာပေါ့လေ။ အဲဒီလို ရွေးပိုင်ခွင့် အတိုင်းအတာ တစ်ခုအထိ ပေးမှာပါ။ ဒါမှမဟုတ် အချိန်ရှိတယ်၊ အခြေအနေပေးတယ်ဆိုရင် ကျွမ်းကျင်မှု မရှိသေးရင်တောင်မှ ကျွမ်းကျင်မှုရအောင် လုပ်ပေးနိုင်တဲ့အခါ မှာတော့ လုပ်ပေးမယ်။ ၀န်ထမ်းတွေလည်း ကိုယ့်အလုပ်မှာ ကျေနပ်မှုရှိမှ ထိရောက်မယ်။ ကြိုးစားပါ။ ဘာမှစိတ်မပူပါနဲ့။ ကျွန်မတို့အဖွဲ့ချုပ် က ကိုယ်စားလှယ်တွေကိုလည်း ကြောက်စရာ မလိုပါဘူး။ ပြောစရာရှိရင် ပြောလို့ရပါတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် ဆင်းရဲနေပြီး အများပြည်သူ ဆင်းရဲနေသည့် အချိန်တွင် တစ်ဦးတည်း၊ တစ်ယောက်တည်း ချမ်းသာနေခြင်းသည် ဂုဏ်ယူစရာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “တကယ်တော့ ကျွန်မတို့နိုင်ငံဟာ ဆင်းရဲနေတဲ့အခါမှာ အများပြည်သူ ဆင်းရဲနေတဲ့ အချိန်မှာ ကိုယ်သိပ်ချမ်း သာနေတာဟာ တကယ်တော့ ဂုဏ်ယူစရာ မဟုတ်ဘူး။ ဘယ်လိုလုပ် လိပ်ပြာသန့်မှာလဲ။ အဲဒါကြောင့်မို့ လို့ လိပ်ပြာသန့်သန့်နဲ့ အားလုံးနေနိုင်မယ် ဆိုရင် ပိုပြီးစိတ်ချမ်းသာမယ်။ ၀န်ထမ်းလောကမှာလည်း ကျွန်မတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တယ်။ အဂတိ လိုက်စားမှုတွေ များတယ်ဆို တာ အားလုံးသိပါတယ်။ ပြီးတော့ ဒီလိုလုပ်နေရတဲ့အခါမှာ ကိုယ့်လိပ်ပြာ မသန့်ဘူး။ အဲဒီတော့ လိပ်ပြာသန့်သန့်နဲ့ လုပ်နိုင်တဲ့ အခြေအနေမျိုး ကျွန်မတို့ ဖန်တီးပေးချင်ပါတယ်။ ဒါအားလုံး ၀ိုင်းပြီးတော့ ကူညီရမယ်။ ကျွန်မတို့ချည်းပဲ လုပ်ပေးလို့မရဘူး။ အစိုးရကိုချည်းပဲ အားကိုးတယ်ဆိုတာ ဒီမိုကရေစီ စိတ်ဓာတ်မဟုတ်ဘူး။ ကိုယ့်တန်ဖိုးကို ကိုယ်ယုံကြည်လို့ရှိရင် ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ်။ ဒါအစိုးရဆိုတာက ကိုယ်တင်ထားတဲ့ အစိုးရ ဒီစိတ်ဓာတ်ရှိရမယ်။ ကိုယ်တင်ထားတဲ့ အစိုးရလောက်တော့ ကိုယ်ကတော်ရမှာပေါ့။ ကိုယ်တင်ထားတဲ့ အစိုးရလောက်မှ ကိုယ်က မတော်လို့ရှိရင် ဘယ်လိုလုပ် ဒါပြည်သူ့ အုပ်ချုပ်ရေးလို့ ပြောနိုင်မှာလဲ”ဟု ပြောကြားသည်။

ရွေးကောက်ပွဲ အနိုင်ရပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့သည် နေပြည်တော် စည်ပင်ဧည့် ရိပ်သာမှ တာဝန်ရှိသူများ၊ ၀န်ထမ်းများနှင့် တွေ့ဆုံရာတွင်လည်း ဒုတိယအကြိမ် လွှတ်တော်ကျင်းပသည့်အချိန်တွင် လာရောက်တည်းခိုမည့် ကိုယ်စားလှယ်အသစ်များ အဆင်ပြေစွာ နေနိုင်ရေးအတွက် ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။

“နေပြည်တော် စည်ပင်အဖွဲ့တွေက အခုလို တွေ့တဲ့အချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒီနေ့ပြောမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံကို ခေါင်းဆောင်မယ့် ပါတီရဲ့ အကြီးအကဲ ဖြစ်တဲ့အတွက် နိုင်ငံ့ခေါင်းဆောင် ဖြစ်ပါတယ်။ ဒီလိုပြောတာဟာ ကတိလည်းမူပါတယ်။ အဲဒီလို စည်ပင် နာမည်ကြီးတယ်။ နေပြည်တော်စည်ပင်က ပိုနာမည်ကြီးတယ်ဆိုရင် နေပြည်တော်စည်ပင်အပေါ်မှာ ဒီသဘောထားတယ်ဆိုရင် ကျန်တဲ့ ၀န်ထမ်းတွေအပေါ်မှာလည်း ဒီလိုသဘောထားတယ် ရှိတယ်ဆိုတာ ကြားစေချင်လို့ အစ်မပြောလို့ ပြောတာ။ ဥက္ကဋ္ဌကြီး ပြောတဲ့အခါကျတော့ မပြည့်စုံဘူး။ ကိုယ်တိုင် ပြောတဲ့အခါကျတော့ ပိုပြီးတော့လည်း အဓိပ္ပာယ် ရှိပါတယ်”ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက စည်ပင်ဧည့်ရိပ် သာမှ တာဝန်ရှိသူများနှင့် ၀န်ထမ်းများအား ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List