Thursday, December 17, 2015

အစိုးရသစ်ကို စောင့်ကြိုနေသော စိန်ခေါ်မှုများ


ဆယ်စုနှစ် နှစ်ခုကျော် အတိုက်အခံဘ၀နှင့် ကျော်ဖြတ်လာပြီးနောက် ယခုအခါ အစိုးရသစ် တစ်ရပ်အဖြစ် တာဝန်ယူတော့မည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို စိန်ခေါ်မှု အများအ ပြားက စောင့်ကြိုနေသည်။ထိုစိန် ခေါ်မှုများ၌ လွတ်လပ်ရေး ရချိန်မှ စ၍ တိုင်းပြည်တွင် အမြစ်တွယ် ကြီးထွားနေခဲ့သော ပဋိပက္ခများ၊ ယခင်အစိုးရအဆက်ဆက်ဖန်တီး ထားရစ်ခဲ့သော ပြဿနာများ၊ အ ဘက်ဘက်မှ ချွတ်ခြုံကျနေသောနိုင်ငံ့အနေအထား၊ ပြည်သူများ၏ မျှော်လင့်ချက်ဖိအား၊ ဒီချုပ်ကိုယ် တိုင်၏ အားနည်းချက်များအစရှိ သည်တို့ မျိုးစုံပါဝင်နေသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးပြည် တွင်းစစ်နှင့် ငြိမ်းချမ်းရေးအစရှိသည့် ကဏ္ဍပေါင်းစုံအတွက် သုတေသနများလုပ်ကာ ကျိုးကြောင်း ခိုင်လုံသည့်အစီရင်ခံစာများထုတ်ပြန်ပေးနေသော အမှီအခိုကင်းအဖွဲ့အစည်းကြီးဖြစ်သည့် အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းအဖွဲ့(ICG)က ဒီဇင်ဘာ ၉ရက်တွင် ‘‘မြန်မာရွေးကောက်ပွဲရလဒ်များနှင့် ဂယက်ရိုက်မှုများ’’အမည်ရှိ အစီရင်ခံစာကိုထုတ်ပြန်ခဲ့သည်။ အစိုးရသစ်ရင်ဆိုင်ရမည့် စိန်ခေါ်ချက်များအဖြစ် ဒီချုပ်၏ အုပ်ချုပ်ရေး အတွေ့အကြုံနည်းမှု၊ တပ်မတော်နှင့်ဆက်ဆံရေး၊ တိုင်းရင်းသားနိုင်ငံရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေးအကျပ်အတည်း၊ ဘင်္ဂါလီ(မူရင်းအစီရင်ခံ စာတွင် ရိုဟင်ဂျာဟုသုံးနှုန်း)အ ရေးအစရှိသည်တို့ကို မီးမောင်း ထိုးပြထားသည်။ မတ်လကုန်တွင် အုပ်ချုပ်ရေး အာဏာကို လွှဲ ပြောင်းလိုက်သည်နှင့် တစ်ပြိုင် နက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ပခုံးပေါ်သို့ တစ်နိုင်ငံလုံး၏ မျှော်လင့်ချက်ဝန်ထုပ်ဝန်ပိုးကြီး ကျရောက် လာတော့မည် ဖြစ် သည်။ ပြောင်းလဲရေးလုပ်ဆောင် မည်ဆိုသည့်အခြေခံ ပလက် ဖောင်းပေါ်တွင်အစိုးရသစ်သည် လက်ရှိအစိုးရနှင့် မတူကြောင်း သရုပ်ပြရန်အလို့ငှာ ၎င်း၏ပထမ ဆုံးရက်ပေါင်းတစ်ရာအတွင်း လက်ဆုပ်လက်ကိုင်ပြနိုင်သော တိုးတက်မှုအချို့ပြသရန် ဖိအား ပေးခံရမည်ဟု ICG က သုံးသပ် သည်။

အစိုးရသစ်တက်သည့်အခါ

အာဏာမလွှဲခင်ကြားကာ လလေးလကျော်သတ်မှတ်ထား ရာ ကြာညောင်းသော အကူးအ ပြောင်းကာလကြောင့် ဒီချုပ်အ တွက် လွှတ်တော်သစ်ခေါ်ယူမည့် အချိန်၊ သမ္မတရွေးချယ်ပြီးနောက် အုပ်ချုပ်ရေးတာဝန်များခွဲဝေမည့် အချိန်အထိ ပြင်ဆင်ချိန်ရနေ သည်။

‘‘အုပ်ချုပ်ရေးပိုင်းအတွေ့အ ကြုံနည်းနည်းနဲ့ နည်းပညာပိုင်း စွမ်းရည်အတိုင်းအတာတစ်ခုထိ ပဲ ရှိတယ်ဆိုတော့ အစိုးရတစ်ရပ် အုပ်ချုပ်ရေးတာဝန်ယူဖို့ရာမှာ ခက်ခက်ခဲခဲလေ့လာအားထုတ်ကြိုးပမ်းရလိမ့်မယ်။ ဒီကနေ့အထိ ပါတီဟာ မူဝါဒဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ပတ်သက်လို့ နည်းနည်းပဲ လုပ် ထားဖူးတယ်’’ဟု အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းအဖွဲ့ (ICG)က ဆိုသည်။

ဆက်လက်၍ ICGက ‘‘အ တိုက်အခံဘ၀မှာဆိုရင် သူပါဝင် ပတ်သက်မယ့် ကိစ္စရပ်တွေနဲ့ပတ် သက်လို့ ရွေးချယ်နိုင်ခဲ့တယ်။ အ စိုးရဘ၀မှာတော့ အဲဒီလို ဇိမ်ရှိရှိ အနေအထားမျိုးရှိတော့မှာ မ ဟုတ်ဘူး။ အဓိကကအထူးတာ ၀န်တွေခန့်အပ်မယ့် ပုဂ္ဂိုလ်တွေ ကို စောစောစီးစီးရွေးချယ်သတ် မှတ်နိုင်လေ သူတို့အတွက်ပြင် ဆင်ဖို့အချိန်ပိုရလေပါပဲ’’ဟု သုံး သပ်သည်။

ခပ်မြန်မြန် ခပ်လွယ်လွယ် လုပ်နိုင်သော ပြုပြင်ပြောင်းလဲမှု အများအပြားကိုဦးသိန်းစိန်အစိုး ရက ဖော်ဆောင်ခဲ့ပြီးဖြစ်သည်။ ကျန်ရှိနေသည်များမှာ ရေရှည် ခက်ခက်ခဲခဲ အကောင်အထည် ဖော်ရမည့် အင်စတီကျူးရှင်းဆိုင် ရာ ပြုပြင်ပြောင်းလဲမှုများဖြစ်ပြီး လက်ရှိအစိုးရက ယင်းတို့ကို မ လုပ်နိုင်ဘဲ ချန်ထားရစ်ခဲ့သည်။ ခေတ်မမီ တော့သောအလေ့အထ များ၊ အမြစ်တွယ်နေသောစိတ် သဘောထားများကို ပြောင်းလဲရန် ဒီချုပ်အစိုးရအနေဖြင့် ကြိုးစား ရမည် ဖြစ်သည်။ တရားစီရင်မှု စနစ် ပြုပြင်ပြောင်းလဲရေးနှင့် ခြ စားမှု တိုက်ဖျက်ရေးတို့ကဲ့သို့ ရုတ်တရက် ရလဒ်မြန်မြန်ထွက် လာမည့် ပုံမပေါ်သည့် အရေးကြီး ကဏ္ဍများပါဝင်သော ကာလလတ်ဦးစားပေးမှုများအပြင် ဒီချုပ် သည် ၎င်းအနေဖြင့်မျှော်လင့်ထား သည့်အတိုင်း အမှန်တကယ်လုပ် နိုင်ပါကြောင်းကို ပြသနိုင်ရန်ကြိုးစားရမည် ဖြစ်သည်။

အကျပ်အတည်းဖြစ်ရန်အ လားအလာရှိနေသော ပြဿနာ ဟောင်းအချို့ကို ဖြေရှင်းရန် ကြိုး စားရင်းအစိုးရသစ်က အပြုသ ဘောဆောင်သော အပြောင်းအ လဲများဖြစ်လာရေးအာရုံစိုက်ရာ တွင် အခက်အခဲများဖြစ်လာနိုင်စ ရာရှိကြောင်း လေ့လာသူများက ထောက်ပြသည်။

သို့သော် ဒီချုပ်ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦး ဉာဏ်ဝင်းကမူ ပါတီအနေဖြင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာစိန်ခေါ်မှုအတွက် ပြင်ဆင်ထားပြီးသားဖြစ်ကြောင်း ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

‘‘အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့မှာ Senior Retried Officerတွေအများကြီးရှိပါတယ်။ ဘဏ္ဍာရေးပိုင်းမှာလည်းရှိတယ်။ ဒါကြောင့်လုံလောက်တဲ့လူအင် အားရှိတယ်လို့ပြောချင်ပါတယ်။ အုပ်ချုပ်ရေးလုပ်တယ်ဆိုတာ စဉ်းစားဆင်ခြင် ဉာဏ်ရှိဖို့လိုတာ ပါ။ ဒါနဲ့ ပတ်သက်လို့ စိုးရိမ်စရာ မရှိပါဘူး’’ဟု ဒီချုပ်၏ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကပြော သည်။

‘‘ဒေါ်အောင်ဆန်းစုကြည် အ ခုထိပြောတာတွေကို နားထောင် ကြည့်မယ်ဆိုရင်တော့ သူ့ကြည့်ရ တာ ဒီချုပ်အမတ်တွေအပေါ် အ ခြေခံပြီးတော့ အစိုးရဖွဲ့မယ့်ပုံ တော့မပေါ်ဘူး၊ သူ့ကြည့်ရတာ Technocrats လို့ခေါ်တဲ့ ကျွမ်း ကျင်တဲ့သူတွေရယ်၊ အုပ်ချုပ်ရေး အတွေ့အကြုံရှိတဲ့ အရင်အစိုးရ အဆက်ဆက်တုန်းကတည်းက သူနှစ်သက်တဲ့ပုဂ္ဂိုလ်တွေရယ်၊ တပ်မတော်ထဲက တချို့တစ်ဝက် ရယ် အဲဒီပုဂ္ဂိုလ်တွေနဲ့သူ တွဲပြီး တော့ များ အစိုးရဖွဲ့နိုင်သလားလို့ ကျွန်တော်ခန့်မှန်းမိပါတယ်’’ဟု မြန်မာ့နိုင်ငံရေးလေ့လာသူ၊ နိုင်ငံ ရေးသိပ္ပံပညာရှင် ဦးမင်းဇင်က ပြောသည်။

ငြိမ်းချမ်းရေး

အစိုးရသစ်အတွက် အဓိက အတားအဆီးများနှင့် စိန်ခေါ်မှု များအနက် ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို မည်ကဲ့သို့ ပြန် လည်စတင်မည်နည်းဆိုသည်က လည်း အဓိကနေရာမှရပ်တည်နေ သည်။ မြန်မာနိုင်ငံတွင် နေထိုင် ကြသော တိုင်းရင်းသားအဖွဲ့အ မျိုးမျိုးကြား၌ နိုင်ငံတော်လက္ခ ဏာနှင့်ပတ်သက်၍ အခြေခံဘုံသ ဘေတူညီချက်တစ်ခုမရှိခြင်း သည် နောက်ထပ်အောင်မြင် သော အသွင်ကူးပြောင်းမှုဖြစ်ရေး ၌ အကြီးမားဆုံးစိန်ခေါ်ချက်အ ဖြစ်ရှိနေသည်။ မြန်မာသည် နက် နက်ရှိုင်းရှိုင်းကွဲပြားနေသည့် လူ့ အဖွဲ့အစည်းဖြစ်သည်ဆိုသော အချက်ကလည်း အသွင်ကူး ပြောင်းမှု အောင်မြင်ရေးအတွက် အကြီးဆုံး အဟန့်အတားဖြစ်နေ စေသည်။ နက်နက်ရှိုင်းရှိုင်းကွဲပြား နေသော လူ့အဖွဲ့အစည်းများကို ဒီမိုကရေစီကျင့်သုံးရန်ခက်ခဲလှကြောင်း အခြားနိုင်ငံများတွင် ဖြစ်ပွားနေသော သမိုင်းဝင်အတွေ့အကြုံများက ရှင်းရှင်းလင်းလင်း ပြသထားသည်။ အဓိက နိုင်ငံရေး ခေါင်းဆောင်များနှင့် ထင်ရှားသော ကိုယ်ပိုင်လက္ခဏာဆိုင်ရာ အဖွဲ့ များ (တိုင်းရင်းသား ဆိုင်ရာ၊ ဘာသာစကားဆိုင်ရာ၊ ဘာသာရေးဆိုင်ရာအဖွဲ့များ)အကြားနိုင်ငံတော် လက္ခဏာနှင့်ပတ်သက်၍ နိုင်ငံရေးဘုံသဘောတူ ညီချက်မရရှိဘဲနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုမအောင်မြင်နိုင်၊ ငြိမ်းချမ်းရေးမရနိုင်၊ နိုင်ငံရေးမှ စစ်တပ် တဖြည်းဖြည်းထွက်ခွာပြီး အရပ်သားအုပ်ချုပ်ရေးဆီ ကူး ပြောင်းမှုမရရှိနိုင်ဟု နိုင်ငံရေးလေ့ လာသူအီ ဂေါဗလာဇီဗစ်က ပြော သည်။

ဒီချုပ်အစိုးရအနေဖြင့် ရှုပ် ထွေးလှသည့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ဇက်ကြိုးကိုထိန်းရန်၊မက် ခရိုအီကောနောမစ်တည်ငြိမ်ရေး ကြိုးပမ်းရန်၊ ရခိုင်ပြည်နယ်ရှိအ ခြေအနေကို ကိုင်တွယ်ရန်၊ အစိုး ရသစ်၏ ဆုံးဖြတ်မှုကိုစမ်းသပ်နိုင် သည့်အင်အားကြီးသောဗုဒ္ဓဘာ သာအမျိုးသားရေးဆွယ်တရား ဟောသူများကို ထိန်းချုပ်ဟန့် တားရန်အစရှိသည့် လက်ရှိ အစိုးရ လုံးပန်းနေသော ခက်ခဲလှ သည့် ပြဿနာရပ် တသီတတန် ကြီး ရင်ဆိုင်ရတော့မည်ဖြစ် သည်။ တစ်ချိန်တည်းမှာပင် အ နောက်ကမ္ဘာနှင့် တရုတ် နှစ်ဖက် စလုံးနှင့် မြန်မာအကြား ဆက်ဆံ ရေးထိန်းညှိရန်အတွက် ပါးနပ် လိမ္မာသော သံတမန်ရေးကျွမ်း ကျင်မှုလိုအပ်မည်ဟုလည်း ICG ကဆိုသည်။

‘‘ဘက်ပေါင်းစုံ၊ ထောင့် ပေါင်းစုံကနေလာမယ့် အလွန် ကြီးမားလှတဲ့မျှော်လင့်ချက်၊ ပုံစံ မျိုးလည်းရှိ၊ တစ်ခါတလေသ ဘောထား ကွဲလွဲမှုလည်းရှိတဲ့ တောင်းဆိုချက်တွေရဲ့ ဖိအားကို အစိုးရသစ်က ဘယ်လိုစီမံကိုင် တွယ်မလဲ၊ သူကိုယ်တိုင်ရဲ့ စွမ်း ဆောင်ရည်နဲ့ အတွေ့အကြုံ အားနည်းမှုကိုကော အစိုးရသစ် က ဘယ်လိုစီမံကိုင်တွယ်မလဲ’’ ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံး သပ်သူ Center For Democarcy and Culture၏ သုတေသနပညာ ရှင်အီဂေါဗလာဇီဗစ်က မေးခွန်း ထုတ်သည်။

ဆက်လက်ပြီး အီဂေါက‘‘ဒီ အဟန့်အတားတွေ၊ စိန်ခေါ်ချက် တွေအားလုံးဟာ ထိန်းလို့သိမ်းလို့ တော့ရနိုင်ပါတယ်။ အဲဒီတော့ အ စိုးရသစ်ဟာ ဘာမှမလုပ်နိုင်ဘဲ မ အောင်မမြင်ဖြစ်မယ်လို့ ကျွန် တော် ပြောချင်တာမဟုတ်ဘူး။ ဒါဟာ မဖြစ်နိုင်တဲ့ မစ်ရှင်မဟုတ် ပေမယ့် သိသိသာသာခက်ခဲတဲ့ မစ်ရှင်ပဲဖြစ်ပါတယ်’’ဟု ပြော သည်။

ကြားကာလ

ချက်ချင်းလက်ငင်းရင်ဆိုင် ရမည့် စိန်ခေါ်ချက်နှင့် နောက်ပိုင်း မှကြုံရမည့် စိန်ခေါ်ချက်များဟူ၍ နှစ်ပိုင်းရှိနေကြောင်း မြန်မာ့နိုင်ငံ ရေးလေ့လာသုံးသပ်သူအချို့က ထောက်ပြကြသည်။ အဓိကကျ သည့် အနီးကပ်ဆုံးစိန်ခေါ်ချက်မှာ အစိုးရသစ် ဖွဲ့စည်းရေးပင်ဖြစ် သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၅၉(စ)အရ သမ္မတ ဖြစ်ခွင့်မရှိသော ဒေါ်အောင်ဆန်း စုကြည်က ၎င်းအနေဖြင့် အစိုးရ သစ်တွင် သမ္မတ၏ အထက်၌ရပ် တည်မည်၊ နိုင်ငံရေးဆုံးဖြတ်ချက် အားလုံးက ၎င်းကသာချမှတ်မည် ဟု ရွေးကောက်ပွဲအနိုင်ရချိန် အ စောပိုင်းက ပြောကြားခဲ့သည်။ ယင်းနောက် ဒေါ်အောင်ဆန်းစု ကြည်နှင့် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေတို့ တွေ့ဆုံခဲ့ကာ အာ ဏာရှင်ဟောင်းဦးသန်းရွှေက အ တိုက်အခံခေါင်းဆောင်ကို ‘‘အနာ ဂတ်၏ခေါင်းဆောင်’’ဟု သုံးနှုန်း သွားသည်။ ရွေးကောက်ပွဲပြီး တစ်လကျော်အတွင်း ဒီချုပ်ဥက္ကဋ္ဌ သည် ဦးသန်းရွှေ၊ တပ်ချုပ်ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်၊လက် ရှိသမ္မတဦးသိန်းစိန်တို့နှင့်တွေ့ဆုံ ခဲ့ပြီးဖြစ်သည်။ တပ်ချုပ်နှင့်သမ္မတ တို့ကလည်း အာဏာငြိမ်းငြိမ်း ချမ်းချမ်းလွှဲပြောင်းပေးမည်ဟု ကတိပေးထားကြသည်။ သို့သော် ၎င်းတို့ကြားတွေ့ဆုံဆွေးနွေးမှု များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေဘောင်အတွင်း၌ အာ ဏာချောချောမွေ့မွေ့လွှဲပြောင်း ရေးတစ်ခုတည်းကို သဘာတူညီ ခြင်းမဟုတ်နိုင်ဘဲ ဖွဲ့စည်းပုံအ ခြေခံဥပဒေပြု ပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ သဘောတူညီချက် အချို့လည်းပါဝင်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများ ကဆိုသည်။

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာအပြောင်းအလဲတချို့ကို (ပိုရှင်းရှင်းပြောချင်ရင်ဗျာ)Proxy သမ္မတကတစ်ဆင့် ဖွဲ့စည်းပုံနဲ့ မ ညီ အုပ်ချုပ်မယ့်အစား ဒေါ် အောင်ဆန်းစုကြည်သမ္မတအဖြစ် အစိုးရအဖွဲ့ကို တိုက်ရိုက်ဖွဲ့စည်း အုပ်ချုပ်ပြီး တာဝန်ရှင်းရှင်းလင်း လင်းထမ်းဆောင်ခွင့်ပေးမယ့် ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ သွေး ပူလေ့ ကျင့်ခန်းတချို့တလေကို တပ်မ တော်က လက်ခံသင့်တယ်။ ဒီအပြောင်းအလဲအတွက် ပြန်အ ပေးအယူလုပ်တဲ့အနေနဲ့ ဒေါ် အောင်ဆန်းစုကြည်ကလည်း တပ် မတော် ရဲ့အကျိုးစီးပွားတချို့ နဲ့ ကိုယ်ပိုင်အခွင့်အာဏာတချို့ ကို လတ်တလောမှာ ကာကွယ် ပေးမယ်ဆိုတဲ့ အာမခံချက်တွေ တပ်မတော်ကိုအခြေခံအားဖြင့် ပေးနိုင်ပါတယ်’’ဟု အီဂေါဗလာ ဇီဗစ်က ပြောသည်။

ပြည်သူလူထု၏ တစ်ခဲနက် ဆန္ဒကို ကိုယ်စားပြုထားသူတစ်ဦး အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် သည် ၎င်းနှင့်တပ်မတော်ကြားစေ့ စပ်ညှိနှိုင်းမှုများ၏ ရလဒ်များကို လက်ခံကြရန် ပြည်သူအများစုကို ဖျောင်းဖျတိုက်တွန်းနိုင်စွမ်းလည်း ရှိနေသည်ဟု သုံးသပ်ကြသည်။ ထို့ကြောင့်ပင် တပ်မတော်အနေ ဖြင့် နိုင်ငံ့အကျိုးနှင့် အနာဂတ် တွင် တပ်မတော်အနေအထားအ ပြုသဘောဆောင်လုံခြုံရေးတို့အ တွက် အပြုသဘောဆောင်သော ယခုအခွင့်အရေးကို အသုံးချသင့် ကြောင်းလည်း တိုက်တွန်းနေကြ သည်။ အစိုးရသစ်အနေဖြင့်လည်း တပ်မတော်၏ ပူးပေါင်းဆောင် ရွက်မှုမရှိလျှင် မြန်မာနိုင်ငံကို အုပ်ချုပ်ရန်သော်လည်းကောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အ မှန်တကယ်ဦးဆောင်ရန်သော် လည်းကောင်းအလွန်ခက်ခဲမည် ဖြစ်သည်။

‘‘လတ်တလောမှာ ကာ ကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန် ကြီးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေ ကို ခန့်အပ်ဖို့တပ်မတော်က အာ ဏာထိန်းသိမ်းထားမယ်ဆိုရင် နောင် အနာဂတ်ဝန်ကြီးတွေကျ လို့ရှိရင်တော့ တပ်မတော်နဲ့ ရွေး ကောက်ခံ သမ္မတသစ်နှစ်ဖက် စလုံးက ယုံကြည်မှုရှိတဲ့ သဘော တူတဲ့ပုဂ္ဂိုလ်တွေဖြစ်သင့်ပါ တယ်’’ဟု အီဂေါကပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List