Thursday, December 17, 2015

၂၀၁၅ ရွေးကောက်ပွဲ၏ ထူးခြားသောကိန်းဂဏန်းများ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြိုင်ဘက်များကို အပြတ်အသတ် အနိုင်ရယူခဲ့ခြင်းသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၏အထင် ရှားဆုံး မျက်နှာစာဖြစ်ခဲ့သည်။ ရွေးကောက်ပွဲ၏ အခြားမျက်နှာစာများတွင် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲ၏သမိုင်းဝင်စာမျက်နှာအချို့နှင့် ထူးခြားသော မျက်နှာစာ အချို့ရှိနေသည်။ ယင်းမျက်နှာစာများကို ကိန်းဂဏန်းများဖြင့် ခြေရာ ခံကြည့်သည့်အခါ ပြည်သူအများဆုံး မဲလာထည့်သည့် ရွေးကောက်ပွဲ၊ ကိုယ်စားလှယ်လောင်းအများဆုံးဝင်ပြိုင်သည့် ရွေးကောက်ပွဲ၊ တစ်သီးပုဂ္ဂလ အများဆုံးဝင်ပြိုင်သည့်ရွေးကောက်ပွဲ၊ ပါတီတစ်ခုတည်းက အပြတ်သားဆုံး အနိုင်ရသည့်ရွေးကောက်ပွဲ၊ အမျိုးသမီး အမတ်အများဆုံး လွှတ်တော်ထဲ ရောက်လာသည့်ရွေးကောက်ပွဲစသည့် ဝိသေသများနှင့်စံချိန်ဟောင်းများကို ရိုက်ချိုးလိုက်သည့် ရွေးကောက်ပွဲအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။
လွှတ်တော်သုံးရပ်စလုံးအတွက် မဲလာပေးသူ ၂၃ သန်းကျော်ရှိခဲ့ပြီး နိုင်ငံရေး အတက်ကြွဆုံးမှတ်တိုင်တစ်ခုကို စိုက်ထူခဲ့ကြသည်။ ၂၂ သန်းကျော် မဲလာပေးခဲ့ကြသည့် ၂၀၁၀ ရွေး ကောက်ပွဲနှင့် ၁၅ သန်းကျော် လာရောက် မဲပေးခဲ့ကြသည့် ၁၉၉၀ ရွေးကောက်ပွဲကို ကျော်ဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲရလဒ်မှ မြင်သာသောစိတ်ဝင်စားစရာအချက်အလက် အချို့ကို အောက်ပါအတိုင်း မြင်တွေ့နိုင်သည်။

ပြည်သူ့လွှတ်တော် တစ်မဲမှ မရရှိခဲ့သော အမတ်လောင်း

စိတ်မကောင်းဖြစ်စရာအချက်အလက်ဖြင့်စရလျှင် မုဒုံမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဦးမင်းမြရှိန်သည် ထောက်ခံမဲတစ်မဲမှ မရရှိခဲ့ခြင်းပင် ဖြစ်သည်။ မဲပေးပိုင်ခွင့်ရှိသူ တစ် သိန်းခြောက်သောင်းကျော်ရှိသည့် မုဒုံ၌ မဲလာပေး သူ ခုနစ်သောင်းခွဲ ကျော်ရှိခဲ့သော်လည်း ဦးမင်းမြရှိန်သည် ထောက်ခံမဲတစ်မဲမှ မရရှိခဲ့ပေ။ သို့သော် ၎င်းတွင် အဖော်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သော ဦးပြည့်စုံမှာလည်း ထောက်ခံမဲတစ်မဲမှမရရှိခဲ့ပေ။ မဲပေးပိုင်ခွင့်ရှိသူ နှစ်ထောင်ပင်မရှိသည့် ဆိပ်ကမ်းမဲဆန္ဒနယ်၌ လာရောက်မဲပေးသူ တစ်ထောင့်သုံးရာသာ ရှိခဲ့ပြီး ဦးပြည့်စုံသည် ထောက်ခံမဲတစ်မဲမှ မရရှိခဲ့ပေ။ အဆိုပါမဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့ သူဒီချုပ်အမတ်မှာလည်း ခိုင်လုံမဲ ၇၂၆ မဲဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

မဲအများဆုံးရသောအမတ်

ပြည်သူ့လွှတ်တော်တွင် ခိုင်လုံမဲတစ်သိန်းကျော်ရရှိသူ ၁၁ ဦးရှိပြီး ဒီချုပ်ကိုယ်စားလှယ်လောင်းများဖြစ်သည်။ အဆိုပါ ၁၁ ဦးတွင် မုံရွာမဲဆန္ဒနယ်မှ ဦးသန့်စင်မောင်သည်ခိုင်လုံမဲ ၁၆၇,၈၆၅ မဲဖြင့် အများဆုံးဖြစ်သည်။ ဦးသန့်စင်မောင်သည်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် တွင် အပြတ်သားဆုံးအနိုင်ရရှိသူလည်းဖြစ်ပြီး ၎င်း၏အနီးကပ်ဆုံးပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီမှ ဦးသန်းထွန်းအောင်ကို ခိုင်လုံမဲ တစ်သိန်းလေးသောင်း ကျော် အသာရပြီး အနိုင်ရရှိခဲ့သည်။

မဲရလဒ်ကွာဟမှု အကျဉ်းမြောင်းဆုံးနေရာ

မဲကွာဟမှုအကျဉ်းမြောင်းဆုံးရလဒ်မှာ ကန်ပက်လက်မဲဆန္ဒနယ်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်ချင်း လူမျိုးဒေသခံ ဦးစံခင်သည် ခိုင်လုံ မဲ ၃၄၈၄ မဲသာ ရရှိခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီမှ လက်ရှိ ကန် ပက်လက်ကိုယ်စားလှယ် သူရဦးအောင်ကိုကို ၄၉ မဲအသာဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။ သူရဦးအောင်ကိုသည် ကြိုတင်မဲတွင် ဦးစံခင်ကို အသာရခဲ့သော်လည်း မဲရုံတွင် လာပေးသည့် မဲအရေအတွက်တွင် ဦးစံခင်က ပိုမိုအသာရရှိခဲ့ခြင်းဖြစ်သည်။

အခြားကျဉ်းမြောင်းသောရလဒ်များမှာ ရှမ်းပြည်နယ် ကွမ်းလုံမဲဆန္ဒနယ်တွင် ကိုးကန့်ဒီမိုကရေစီ နှင့် ညီညွတ်ရေးပါတီမှ ဦးယန်ကျင်းကန်က ပြည်ခိုင်ဖြိုးပါတီမှ လက်ရှိ ကွမ်းလုံအမတ် ဦးဟော်ရှောက်ချမ်းကို ၅၉ မဲအကွာဖြင့် အနိုင်ရရှိခဲ့သည်။ ကချင်ပြည်နယ် ဆော့လော်တွင် ဒူးလေးပါတီမှ ဦးလာမာလေးက ပြည်ခိုင်ဖြိုးပါတီမှဦးဇောင်းခေါင်ကို ၆၇ မဲအသာဖြင့်အနိုင်ရရှိခဲ့သည်။ ဆွမ်ပရာဘွမ်တွင်လည်း ဒီချုပ်မှ ဦးလုံဂျုံဆန်မိုင်က ပြည်ခိုင်ဖြိုးပါတီမှ ဦးခမိုင်မုန်ကွမ်ကို ၈၆ မဲအသာဖြင့် အနိုင်ရရှိခဲ့သည်။

လွှတ်တော်သုံးရပ်စလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇၇ ရာခိုင်နှုန်းအထက် အနိုင်ရအောင် ဦးဆောင်ပေးနိုင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးမဲဆန္ဒနယ်တွင် သူ၏ပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီမှ ဦးကျော်ဇင် ဟိန်းကို မဲပေးသူ တစ်သောင်းခွဲကျော်ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ခိုင်လုံမဲ ၅၄,၆၇၆ မဲရရှိပြီး ရာခိုင်နှုန်းအားဖြင့် ၇၆ ဒသမ ၆၇ ရာခိုင်နှုန်းဖြစ်သည်။ သို့သော် ဒီချုပ်အမတ်များက ခိုင်လုံမဲရရှိမှုတွင် ရာခိုင်နှုန်းအားဖြင့် ပုဇွန် တောင်၌ ၈၈ ရာခိုင်နှုန်း၊ မင်္ဂလာတောင်ညွန့်တွင် ၈၇ ရာခိုင်နှုန်း၊ လမ်းမတော်တွင် ၈၇ ရာခိုင်နှုန်း၊ စမ်းချောင်းတွင် ၈၇ ရာခိုင်နှုန်း၊ တာမွေတွင် ၈၆ ရာခိုင်နှုန်း၊ ကျောက်တံတားတွင် ၈၆ ရာခိုင်နှုန်း၊ ပန်းဘဲတန်းတွင် ၈၆ ရာခိုင်နှုန်း၊ လသာတွင် ၈၅ ရာခိုင်နှုန်း၊ ကမာရွတ်တွင် ၈၅ ရာခိုင်နှုန်း၊ မုံရွာတွင် ၈၅ ရာခိုင်နှုန်း၊ ချမ်းအေးသာ စံတွင် ၈၅ ရာခိုင်နှုန်းနှင့် မဟာအောင်မြေတွင် ၈၅ ရာခိုင်နှုန်းဖြင့် ပြိုင်ဘက်များအပေါ် အပြတ်သားဆုံးအောင်ပွဲခံခဲ့သည်။

သို့သော် ရာခိုင်နှုန်းအားဖြင့် ကြည့်ပါက ပြိုင်ဘက်အပေါ် အပြတ်သားဆုံးအနိုင်ရသည်မှာ စစ်အုပ်ချုပ်ရေးအောက်တွင် ကျင်းပခဲ့ရသည့် လောက်ကိုင်မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးအမတ် ဦးလူတယ်ဟုန် ဖြစ်ပြီး ခိုင်လုံမဲ ၈၉ ရာခိုင်နှုန်းအထိ ရရှိခဲ့သည်။

လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှာ ဖြူးမှဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ဒီချုပ်မှ ဦးသန်းညွန့်ကို ခိုင်လုံမဲတစ်သောင်းစွန်းစွန်းဖြင့် ရှုံးနိမ့်ခဲ့သည်။

ပြည်သူ့လွှတ်တော်အတွက် မဲပေးပိုင်ခွင့်ရှိသူ ၃၄ သန်းကျော်ရှိ သော်လည်း ၂၃ သန်းကျော်သာ မဲပေးခဲ့ကြသည်။ ထိုအထဲတွင် ပယ်မဲနှင့်ပျောက်မဲမှာ တစ်သန်းခွဲခန့်အထိရှိခဲ့သည်။

ရွေးကောက်ပွဲ အနိုင်၊အရှုံး ရလဒ်များအပြီးသတ်ကြေညာပြီး ပြည်သူ့လွှတ်တော်၌ ဒီချုပ်က ၂၅၅ နေရာဖြင့် အများဆုံးဖြစ်ပြီးချိန်တွင် ပြည်ခိုင်ဖြိုးက ၃၀ နေရာ၊ ရခိုင်အမျိုးသားပါတီက ၁၂နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ၁၂ နေရာ၊ တအာင်း (ပလောင်)အမျိုးသားပါတီက သုံးနေရာ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က (PNO) ပါတီက သုံးနေရာဖြင့် ထိပ်ပိုင်း၌ အစဉ်လိုက် ရပ်တည်လျက်ရှိသည်။

အမျိုးသားလွှတ်တော် အကြိတ်အနယ်အဖြစ်ဆုံးမဲဆန္ဒနယ်

တိုင်းဒေသကြီး/ပြည်နယ် တစ်ခုလုံးကို မဲဆန္ဒနယ် ၁၂ ခုစီ အညီအမျှ သတ်မှတ်ထားသော အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများတွင် အကြိတ် အနယ်အဖြစ်ဆုံးမဲဆန္ဒနယ်မှာ ရှမ်းပြည်နယ် အမှတ် (၅) မဲဆန္ဒနယ်ဖြစ် သည်။ ပြည်ခိုင်ဖြိုးမှ ဦးစိုင်းဆာလူက တအာင်း(ပလောင်) အမျိုးသားပါတီမှ ဦးညီစိန်ကို ၁၉၉ မဲအသာဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မဲရုံသို့လာပေးသော မဲတွင် ဦးညီစိန်က၂၆၀၅ မဲအသာရခဲ့သော်လည်း ကြိုတင်မဲတွင် ဦးစိုင်းဆာ လူက ၂၄၀၆ မဲအထိ အသာရခဲ့သဖြင့် ၁၉၉ မဲအကွာဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ် သည်။

ရလဒ်အပြတ်သားဆုံး မဲဆန္ဒနယ်

မန္တလေးတိုင်းဒေသကြီး အမှတ် (၂) မဲဆန္ဒနယ်တွင် ဒီချုပ်ကိုယ်စားပြု ဦးထွန်းထွန်းဦးက ခိုင်လုံမဲ သုံးသိန်းကျော်အထိရခဲ့ပြီး အနီးကပ်ဆုံး ပြိုင်ဘက်ပြည်ခိုင်ဖြိုးမှ ဒေါက်တာလှကြွယ်ကို ခိုင်လုံမဲ နှစ်သိန်းခုနစ်သောင်း ကျော်အသာ ရခဲ့သဖြင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် အပြတ်သားဆုံး ရလဒ်ဖြစ်ခဲ့သည်။ ခိုင်လုံမဲ သုံးသိန်းကျော်ရရှိသူ လေးဦးရှိ ပြီး ဒီချုပ်မှဝင်ရောက်ယှဉ်ပြိုင်၍ အနိုင်ရရှိခဲ့သူများ ဖြစ်သည်။ စစ်ကိုင်း(၂)နှင့် (၄)၊ မန္တလေး (၂)နှင့်(၃)မှ အဆိုပါ ဒီချုပ်ကိုယ်စားလှယ်များမှာ ပြိုင်ဘက်များကို ခိုင်လုံမဲနှစ်သိန်းကျော် အထိ အသာရခဲ့ကြသည်။

အမျိုးသားလွှတ်တော်အတွက် မဲပေးပိုင်ခွင့်ရှိသူ ၃၄သန်းကျော်ရှိသော်လည်း ၂၃ သန်း ကျော်သာ မဲပေးခဲ့ကြသည်။ ထိုအထဲတွင် ပယ်မဲနှင့်ပျောက်မဲမှာ တစ်သန်းကျော်အထိရှိခဲ့သည်။

လက်ရှိအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် မန္တလေးတိုင်းဒေ သကြီး မဲဆန္ဒနယ် အမှတ် (၈) မှ ခိုင်လုံမဲတစ်သိန်းကျော်ဖြင့် အနိုင်ရခဲ့သည်။

ရွေးကောက်ပွဲအနိုင်၊ အရှုံးရလဒ်များအပြီးသတ်ကြေညာပြီးချိန်တွင် အမျိုးသားလွှတ်တော်၌ ဒီချုပ်က ၁၃၅ နေရာဖြင့် အများဆုံးဖြစ်ပြီး ပြည်ခိုင်ဖြိုးက ၁၂ နေ ရာ၊ ရခိုင်အမျိုးသားပါတီက ၁၀ နေရာ၊ ရှမ်းတိုင်းရင်း သားများ ဒီမို ကရေစီအဖွဲ့ချုပ်က သုံးနေရာ၊ တအာင်း(ပလောင်)အမျိုးသား ပါတီက နှစ်နေရာဖြင့် ထိပ်ပိုင်း၌ အစဉ်လိုက်ရပ်တည်လျက်ရှိသည်။

၂၀၁၅ ရွေးကောက်ပွဲတွင်မရှုမလှ ရှုံးနိမ့်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီသည် ကြိုတင်မဲရလဒ်များဖြင့်သာ ရွေးကောက်ပွဲအနိုင်အရှုံးဆုံးဖြတ်ပါက ရလဒ် ကောင်းမည့်ပါတီဖြစ်သည်။

ယင်းပါတီသည် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် ကြိုတင်မဲသာ ရေတွက်ပါက ၁၆၁ နေရာအထိ အနိုင်ရပြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် များတွင် ကြိုတင်မဲဖြင့်သာ ရေတွက်ပါက ၈၉ နေရာအထိအနိုင်ရသည့် ပါတီဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List