Friday, December 18, 2015

ဘယ်အစိုးရတက်တက် ခရိုနီတွေ လက်ခမောင်းခတ်နေဦးမှာပဲ


“ခရိုနီဆိုတဲ့ စကားလုံးရဲ့အဓိပ္ဗါယ်ကို ဘယ်သူကမှလည်း သေသေချာချာ မဖွင့်ခဲ့သေးဘူး။ အဲဒါကို အန်တီ သတိထားမိပါတယ်။ အန်တီတို့ကတော့ အဂတိတရားကင်းစင်တဲ့အစိုးရ ထူထောင်မယ်လို့ ပြောထားပြီးသားပါ” ဒီစကားကို ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမကျင်းပမီ ၃ ရက်အလို၊ ရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးပြုလုပ်တဲ့ နိုဝင်ဘာ ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ နေရာကတော့ တက္ကသိုလ်ရိပ်သာ လမ်း ခြံအမှတ် ၅၄ သူမရဲ့ နေအိမ်ခြံဝင်းအတွင်းမှာဖြစ်ပြီး အဲဒီနေ့က နာမည်ကျော် မြန်မာသူဌေးကြီးတဦးဖြစ်တဲ့ မိုက်ကယ်မိုးမြင့်ရဲ့ဇနီး ဒေါ်ဥမ္မာမိုးမြင့်လည်း ခြံထဲမှာ ရှိနေခဲ့ပါတယ်။
အခုတော့ ရွေးကောက်ပွဲကြီးပြီးလို့ NLD လည်း ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အာဏာလွှဲပြောင်းပေးရေးနဲ့ပတ် သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစရှိတဲ့ မြန်မာ့နိုင်ငံရေးမှာ အဓိကကျသူတွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် အဆိုပါ ပုဂ္ဂိုလ်များရဲ့နောက်ကွယ်မှာ ရှိနေတယ်လို့ အများက ယူဆထားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နဲ့တောင် တွေ့ဆုံခဲ့ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ မြန်မာ့နိုင်ငံရေး ရာသီဥတုက အခုအချိန်ထိတော့ သာယာလှပလို့ နေပါတယ်။ လက်ရှိ အာဏာရပါတီဘက်က လူကြီးလူကောင်းဆန်စွာ ရွေးကောက်ပွဲရဲ့ အဆုံးအဖြတ်ကို နာခံပြီး အနိုင်ရပါတီကို အသာတကြည် အာဏာလွှဲပေးမယ်ဆိုတဲ့အနေအထားပါ။ မြန်မာ့နိုင်ငံရေး၏ ဧပြီကောင်း ကင်တွင် တိမ်ကင်းစင်ပြီး နေသာလျက်ရှိပါသည်ဆိုတာမျိုးပါ။ ဒီအချိန်မှာ ခရိုနီတွေ ဘာလုပ်နေမလဲ။ ဘာလုပ်ဖို့လိုတယ်ဆိုတာ သူတို့ ကောင်းကောင်း သိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် New York Times သတင်းဆောင်းပါးမှာ ဦးဇော်ဇော်က “NLD အပြတ်အသတ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ထားခဲ့တယ်။ အဲဒီအတွက် ကျွန်တော်ပျော်ပါတယ်”လို့ ပြောထားပါတယ်။ အဲဒီ ဆောင်းပါး ထဲမှာပဲ ဦးဇော်ဇော်ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ယခင်က စစ်အစိုးရနဲ့ ဆက်စပ်မှုရှိလို့ အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှု ခံခဲ့ရကြောင်း၊ နောက်ပိုင်းမှာ ဦးဇော်ဇော်ဟာ စစ်တပ်နဲ့ ခပ်ကင်းကင်းနေဖို့ကြိုးစားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီအရင်ကတည်းက မြန်မာခရိုနီတွေ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အနား ကို လူမသိ သူမသိ ရောက်ရှိနေတာ အချိန်တော်တော် ကြာပါပြီ။ HTOO ကုမ္ဗဏီရဲ့ အကူအညီနဲ့ NLD ရုံးချုပ် အသစ်ပြန်လည်တည်ဆောက်မယ်ဆိုတဲ့ သတင်းက ၂၀၁၃ ခုနှစ်ကတည်းက ထွက်ပေါ်ခဲ့တာပါ။ လက်ရှိ လုပ်ကိုင် နေတဲ့ ဒီချုပ်ရုံးချုပ်သစ် ပြန်လည်ဆောက်လုပ်ရေးကော်မတီရဲ့ အတွင်းရေး မှူးက NLD ပါတီဝင်မဟုတ်တဲ့ ဦးရဲမင်းဦး (AGD ဘဏ်ရဲ့ MD) ဖြစ်ပြီး သူဟာ ဦးတေဇနဲ့ ညီအစ်ကို ၀မ်းကွဲတော်စပ်သူလို့ ကြားသိရပါတယ်။

ဒါဟာ ၂၀၁၃ ကပေါ်ထွက်ခဲ့တဲ့ ဦးတေဇနဲ့ NLD ရဲ့ နှီးနွယ်မှုပါ။ ဒါနဲ့ပတ် သက်လို့ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးမှုဟာ ဟိုးအရင် ၈၈ ကာလကတည်းက ဖြစ်တယ်လို့ ဦးတေဇက ပြောပါတယ်။

“ငါ့အဖေလည်း စစ်သားကွာ၊ ပြောရရင် ပထမဦးဆုံးတပ်မတော်ဖြစ်တဲ့ BIA ခေတ်ကတည်းက ဗမာ့တပ်မတော်မှာ အဘ ဗိုလ်ချုပ်အောင်ဆန်းကိုချစ်လို့ ငါ့အဖေကငါ့ကို Nick Name ပေးထားတာ တေဇ ဆိုပြီးတော့။ အဲဒီခေတ်က စစ်တပ်မှာ ဘယ်နှယောက်ရှိမှာလဲ။ အဲဒီအချိန်တုန်းက အဖေတို့က ဂျုနီယာ ပေါ့။ ထို့အတူပဲ ကိုယ်တို့ ၈၈ အရေးအခင်းကာလမှာ ကိုမျိုးသိန်းကိုတော့ သိမှာပါ။ ကိုမျိုးသိန်းက အမေစုကားကို အမြဲမောင်းပေးရပါတယ်။ ကိုယ်တို့ စည်းရုံးရေးဆင်းသွားတယ်။ ကိုယ်တို့ ဆန်စက်မှာ စားတာ၊ သောက်တာအမြဲ လုပ်တယ်။ ကြို့ပင်ကောက်မှာပေါ့။ အဲဒီတော့ အသိတွေပါ ဟိုးအရင်က တည်းကနော်။ မြန်မာပြည်မှာ စီးပွားရေးလုပ်တဲ့လူ ဘယ်နှယောက်ရှိလို့လဲ၊ နိုင်ငံရေးလုပ်တဲ့လူ ဘယ်နှယောက်ရှိလို့လဲ။ အကုန်လုံး သိနေကြတာပေါ့”လို့ ဦးတေဇက NLD နဲ့ HTOO ဆက်ဆံရေးနဲ့ပတ်သက်လို့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကသာ ခရိုနီဆိုတဲ့ အဓိပ္ဗါယ်ဖွင့်ဆိုချက်ကို မေးခွန်းထုတ်ခဲ့ပေမယ့် ဦးတေဇကတော့ သူတို့ဟာ နိုင်ငံတကာအခေါ် မှာဆိုရင် BENSC (Business Executive for National Security Council)-အမျိုးသားလုံခြုံရေးအတွက် အလုပ်လုပ်ပေးနေသော စီးပွားရေးလုပ်ငန်းရှင် ကြီးများသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးတေဇ၊ ဦးဇော်ဇော် တို့အပြင် သူရဦးရွှေမန်းရဲ့သား ဦးတိုးနိုင်မန်းတို့ဆိုရင် လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြံထဲ ၀င်ထွက်နေတာ ကြာပြီဆိုတဲ့သတင်း တွေ ထွက်ပေါ်ခဲ့တဲ့အပြင် ဦးရွှေမန်းနဲ့ ခမည်းခမက် တော်စပ်တဲ့ ဇေကမ္ဘာ ဦးခင်ရွှေဟာဆိုလို့ရှိရင် ရွေးကောက်ပွဲမတိုင်ခင် ၁ လလောက်အလိုမှာ ကိုယ်တိုင်က ပြည်ခိုင်ဖြိုးအမတ်ဖြစ်ပါလျက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူကိုယ်တိုင် မဲထည့်မယ်လို့ News Watch ကို ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွယ်တာကို ကျပ် ၄၁၅ သိန်းနဲ့ လေလံဆွဲခဲ့ တာလည်း စကိုင်းနက် ဦးကျော်ဝင်းဆိုတာ မှတ်မိကြဦးမှာပါ။ သူတို့ကို ခရိုနီလို့ပဲခေါ်ခေါ် စီးပွားရေးသမားလို့ပဲခေါ်ခေါ် သူတို့အကျိုးစီးပွားအတွက် ကပ်သင့်တဲ့သူ၊ သင့်မြတ်အောင် ပေါင်းသင်းရမယ့်သူတွေနဲ့တော့လိုအပ်ချက် အရ ပေါင်းသင်းနေဦးမှာပါ။ အဆက်အသွယ်ကောင်းကောင်းရှိခြင်းရဲ့ အကျိုးကျေးဇူးကို ခရိုနီတွေထက် ဘယ်သူ ပိုသိနိုင်မှာလဲ။

“ကျွန်တော့်မှာ အဆက်အသွယ်ကောင်းတွေရှိတော့ စီးပွားရေးလုပ်ရတာ လွယ်ကူတာပေါ့”လို့ အေးနေ၀င်းက နိုဝင်ဘာလအတွင်းက AFP ကို ပြောခဲ့ပါတယ်။

အရင်က တိုးတိုးတိတ်တိတ် ဆက်ဆံခဲ့ရာက ဒီဇင်ဘာ ၁၆ ရက်မှာ ရွေးကောက်ပွဲအနိုင်ရ NLD အမတ်လောင်းတွေကို ဦးတေဇပိုင် ရွှေစံအိမ်ဟိုတယ်မှာ စွမ်းရည်မြှင့်သင်တန်းပေးမယ်လို့ ဖြစ်လာတာဟာ ဒီချုပ်နဲ့ ခရိုနီတွေရဲ့ နှီးနွယ်မှုကို ပထမဆုံးအကြိမ် ပေါ်ပေါ်တင်တင် ချပြလိုက်တာလို့ ယူဆလို့ ရပါတယ်။ ဒါကြောင့်လည်း အများပြည်သူက ဘယ်လဲ ဘာလဲလို့ မေးခွန်းထုတ်တာတွေ ဖြစ်လာတာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ “မြန်မာပြည်သူတွေကို ဒုက္ခဆင်းရဲတွင်း ပိုနက်စေခဲ့တဲ့ ထိပ်တန်းခရိုနီတွေရဲ့ မဖြူစင်တဲ့ငွေတွေနဲ့ ထောက်ပံ့ပေးမှုအား လက်ခံရ ယူမှုကို ဘယ်ပြည်သူမှ နှစ်သက်မည်မထင်ပါ။ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ယုံယုံ ကြည်ကြည်နဲ့မဲပေးခဲ့တဲ့ ဆင်းရဲသားပြည်သူတွေရဲ့ ခံစားချက်ကို ထောက်ထားသင့်ပါတယ်”ဆိုတဲ့ သဘောမျိုး ရေးသားပြောဆိုမှုတွေ အွန်လိုင်းမှာ ပွထနေပါတယ်။

ဒါပေမယ့် သေချာစွာ ပြောနိုင်တာကတော့ နောင်မှာ ဒီလို ကိစ္စရပ်မျိုးတွေ ခပ်စိပ်စိပ် တွေ့လာရတော့မှာပါ။ ခရိုနီနဲ့ပတ်သက်လို့ NLD ရဲ့ အယူအဆက သူတို့ကို လုံးဝ ပစ်ပယ်မှာမဟုတ်ဘဲ သူတို့လက်ထဲမှာရှိနေတဲ့ ငွေလုံးငွေရင်း နဲ့ ပိုင်ဆိုင်မှုတွေကို တိုင်းပြည်အတွက် အကျိုးရှိအောင် ဘယ်လို အသုံးချ မလဲဆိုတဲ့ ချည်းကပ်ပုံမျိုးပါ။

“သူတို့အနေနဲ့ မှန်မှန်ကန်ကန် တင်ပြပြီး အားလုံးနဲ့ တန်းတူရည်တူယှဉ်ပြိုင် မယ်၊ ဥပေးဘောင်အတွင်းက လုပ်မယ်ဆိုရင် ကျွန်တော်တို့က လက်ခံမယ်။ ဘယ်စီးပွားရေးသမားကိုမှ အာဃာတနဲ့ လုပ်မှာမဟုတ်ဘူး။ ပြည့်ဝမ်းဖောက် တဲ့ အလုပ်မျိုး ကျွန်တော်တို့က လုပ်မှာမဟုတ်ဘူး”လို့ NLD အတွင်းစည်းက ပုဂ္ဂိုလ်တဦးက ပြောဖူးပါတယ်။

ဒါဟာ လက်တွေ့လည်း ကျပါတယ်။ တခုတော့ ရှိတယ်။ အဂတိတရားကင်းတဲ့ အစိုးရထူထောင်မယ်လို့ ကတိပြုထားတဲ့အတွက် ခရိုနီတွေအနေနဲ့ လုပ်ကွက်ကောင်းကြီးတွေ၊ စီမံကိန်းကြီးတွေ၊ မြေနေရာ ကောင်းကြီးတွေကို အောက်ဈေးနဲ့ လက်သိပ်ထိုး အရယူတာမျိုးတွေတော့ အရင်လို မရလောက်တော့ဘူးလို့ မျှော်လင့်ရတယ်။ နောက်တခါ ၀င်ငွေ ခွန်အပါအ၀င် တိုင်းပြည်ကို ပေးဆောင်ရမယ့် အခြား အခွန်အခပေါင်းကို လည်း မှန်မှန်ကန်ကန် ပေးဆောင်စေမယ်လို့ မျှော်လင့်တယ်။

ခရိုနီတွေနဲ့ပတ်သက်လာရင် ဒီ အခြေအနေကိုပဲ အဆိုးထဲကအကောင်း အဖြစ် မှတ်ယူရမှာပါ။ အခွင့်ထူးခံတွေအဖြစ်နဲ့ ရှိသမျှသူတို့ချည်းရခဲ့တဲ့ “ကိုသူရ”တွေ မဟုတ်တော့တဲ့အတွက် စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ အလုပ်တခုကို စွန့်စားလုပ်ကိုင်ပြီး ကြီးပွားလာမယ့် စီးပွားရေးလုပ်ငန်းရှင် သစ်တွေ သာမန်ပြည်သူတွေထဲကနေ ပေါ်ထွက်လာဖို့ အခွင့်အလမ်းတွေ ပွင့်လာနိုင်ပါတယ်။ ဒီလို စီးပွားရေးဝန်းကျင်ဖြစ်လာဖို့လည်း အစိုးရသစ်မှာ တာဝန်ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စစ်အစိုးရလက်ထက်က အဆက်အသွယ်ကောင်းတွေ ကြောင့် တိုင်းပြည်က ဆင်းရဲပေမယ့် ကမ္ဘာ့သူဌေးကြီးတွေနဲ့ ပုခုံးချင်းယှဉ် နိုင်လောက်အောင် ကြီးပွားသွားတဲ့ ခရိုနီတွေလက်ထဲမှာ အရင်လို အခွင့်ထူးတွေ မရတော့သည့်တိုင်အောင် သူတို့ လက်ထဲမှာ ငွေကြေး၊ ပိုင်ဆိုင်မှုနဲ့ ဓနဥစ္စာကြွယ်ဝမှု ကျန်ရှိနေမှာ ဖြစ်တယ်။ စီမံကိန်းတခု လုပ်ခွင့်ရဖို့အတွက် အများသူငါနည်းတူ တင်ဒါဝင်ဆွဲရတယ်ဆိုဦးတော့ ငွေလုံးငွေရင်းက သူတို့ လက်ထဲမှာပဲရှိတာပါ။

မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ပတ်သက်ပြီးတော့လဲ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ Sean Turnell က “အဓိက အမြတ်ထွက်သွားတာကတော့ ခရိုနီတွေပဲ”လို့ ပြောပါတယ်။ စီးပွားရေးမှာ အောင်မြင်ဖို့အတွက် ငွေကြေး ဓနအင်အားထက်ပိုပြီး လက်ဆုပ်လက်ကိုင်ပြနိုင်သော၊ ပိုမိုလက်တွေ့ကျ သော အရာ ဘာများရှိပါသလဲ။ ဒါ့ကြောင့် ဘယ်အစိုးရတက်တက် ခရိုနီတွေ လက်ခမောင်းခတ်နေဦးမှာပဲလို့ ပြောတာပါ။

ဥက္ကာဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List