Friday, December 18, 2015

ဖားကန့်တွင် ကျောက်စိမ်းသယ် ယာဉ်များကို တားဆီးသူ ဆန္ဒပြခေါင်းဆောင် ၇ ဦးအား ကေအိုင်အေတပ်ရင်း ၆ က ခေါ်ဆောင်သွား


ဖားကန့်ဒေသတွင် ကျောက်စိမ်းလုပ်ငန်းခွင်သုံး မြေစာတင် မော်တော်ယာဉ်များ အပါဝင် ယာဉ်ကြီးများ မြို့အတွင်းသို့ ဖြတ်သန်းသွားလာခြင်း မပြုရန် ဆန္ဒ ဖော်ထုတ်သူ ခေါင်းဆောင် ၇ ဦးကို ဒေသတွင်းတွင် လှုပ်ရှားနေသည့် ကေအိုင်အေ တပ်ရင်း ၆ က ခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသူ ဖားကန့် ဒေသခံ မြို့မျက်နှာဖုံးတစ်ဦးက ပြောသည်။
"ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းက ခေါ်သွားတာ၊ လမ်းတွေပိတ်ပြီး ယာဉ်တွေကို တားဆီးရကောင်းလားဆိုပြီး ဆန္ဒပြခေါင်းဆောင်တွေကို ခေါ်သွားတာ" ဟု အဆိုပါ အမည်မဖော်လိုသူ ပုဂ္ဂိုလ်ကပြောသည်။

ပြီးခဲ့သည့် လမှ စတင်၍ ဖားကန့်ဒေသတွင် တရုတ်နိုင်ငံမှ ယာဉ်စီးရေ ထောင်ချီ ၀င်ရောက် လာခဲ့ပြီးနောက် အဆမတန် ကျောက်စိမ်း ထုတ်လုပ်မှု များပြားလာခဲ့ပြီး ၊ ယာဉ်ပိတ်ဆို့မှုများ ဆိုရွားစွာ ဖြစ်ပေါ်နေကာ ၊ မြေစာစွန့်ပစ်မှုလည်း များပြားလာ သောကြောင့် ဒေသခံအချို့က ကျောက်စိမ်း လုပ်ငန်းသုံး ယာဉ်များကို မြို့တွင်း ဖြတ်သန်း သွားလာခြင်းမပြုရန် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

ဦးဇောင်ဘွမ် ၊ ဦးနော်လော် ၊ ဦးဒူးခေါ် ၊ ဦးဇော်တော် ဒေါ်ကရိမ်အပါဝင် စုစုပေါင်း ၇ ဦးကို ကေအိုင်အေတပ်ရင်း ၆ က ဝေခါမှော်ဒေသတွင် ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ အချို့ကလည်း The Ladies News သို့ပြောသည်။

"ဒေသခံတွေက သဘာဝ ပတ်ဝန်းကျင် တအားပျက်စီးပြီး ယာဉ်တိုက်မှုတွေလည်း တအားဖြစ် ၊ မြေစာပုံတွေလည်း ခဏခဏ ပြိုကျဖြစ်နေလို့ နောက်ထပ် တိုင်းရင်း သား နယ်မြေက သယံဇာတတွေ စပ်ကူးမတ်ကူး ကာလမှာ ကုန်ခန်းသွားမှာစိုးလို့ ကန့်ကွက်တာကို အခုလိုကန့်ကွက်တဲ့ ကချင်လူမျိုးတွေကို ကေအိုင်အိုက ခေါ်သွားတာ လူကြားလို့ မကောင်းဘူး" ဟု ဖားကန့် မြို့ခံ မြို့မိမြို့ဖ တစ်ဦးကလည်း ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လုံးခင်းရဲစခန်းသို့ ဆက်သွယ် မေးမြန်းခဲ့ရာ တာဝန်ကျ ရဲအရာရှိက ယင်းကိစ္စအပေါ် သိရှိခြင်း မရှိကြောင်းပြောသည်။

ကေအိုင်အို အကြံပေးတစ်ဦးကမူ "ဖမ်းသွားတာ မဟုတ်ပါဘူး။ သူတို့ တားဆီးတဲ့ ပုံစံက တစ်မျိုးဖြစ်နေတဲ့အတွက် ဘယ်လိုလုပ်သင့်တယ် ဆိုတာကို ခေါ်ဆွေးနွေးဖို့ဆိုပြီး ခေါ်သွားတာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဂွန်မော်က ကျန်တော့်ကိုပြောတယ်" ဟု အတည်ပြုပြောဆိုသည်။

အစိုးရသက်တမ်း ကုန်ဆုံးခါနီး ကာလဖြစ်သည့် ယခုကာလအတွင်း ဖားကန့်ဒေသတွင် အတိုင်းအဆမရှိ အလွန်အကျွံ ကျောက်စိမ်း တူးဖော်မှုများ ရှိနေသည့်အတွက် ဒေသခံ ပြည်သူများက ကန့်ကွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

လတ်တလော ကာလအတွင်းမှာပင် စီးရေထောင်နှင့်ချီသည့် တရုတ်နိုင်ငံလုပ် ယာဉ်ယန္တာရားများမှာ ဖားကန့်ဒေသသို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

(မှတ်ချက် ။ ။ ဖြေဆိုသူဒေသခံများ၏ လုံခြုံရေးအခြေနေအရ နာမည်များကို
အသုံးမပြုခဲ့ခြင်း ဖြစ်သည်။)
သတင်း - စိုင်းထွန်းအောင်လွင်
Photo - Lee Yu Kyung
The Ladies News Journal

No comments:

Post a Comment

My Blog List