Thursday, December 17, 2015

နိုင်ငံရေးဆွေးနွေးပွဲများ ၂၀၁၆ ဇန်န၀ါရီ ၁၃ရက်မတိုင်မီ ပြုလုပ်မည်နိုင်ငံရေးဆွေးနွေးပွဲများ ဒေါ်အောင်ဆန်းစုကြည်တက်၊ မတက် မသေချာသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်မည်


၂၀၁၆ ဇန်န၀ါရီလဆန်းတွင် ပြုလုပ်မည့် ပထမအကြိမ်နိုင်ငံရေးဆွေးနွေးပွဲများ၌ ဒေါ်အောင်ဆန်းစုကြည်တက်၊ မတက် အတိအကျမပြောနိုင်သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်ဆောင်ရွက်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောကြားသည်။
နေပြည်တော်ရှိ မြန်မာကွန်ဗန်းရှင်းစင်တာတွင် ဒီဇင်ဘာ ၁၆ ရက်က ကျင်းပပြုလုပ်သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သဘောတူညီချက်ကို သမ္မတထံပေးအပ်ခြင်း အခမ်းအနားအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးမြန်းမှုကို ဦးဉာဏ်ဝင်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးဆွေးနွေးပွဲများတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ်၌ လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းရှစ်ဖွဲ့အပြင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အဖွဲ့အစည်းခေါင်းဆောင်များကိုပါ ဖိတ်ကြားရန် စီစဉ်ထားသည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးပေါင်းကော်မတီ ဒုဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။


‘‘လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့တွေကိုလည်း ဒီနိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်လာနိုင်တဲ့ အနေအထားကြိုးစားပါတယ်။လက်မှတ်ရေးမထိုးထားတဲ့ အခြေ အနေမှာလည်း အထူးဧည့်သည် အဖြစ် ဖိတ်ကြားသွားဖို့ ရည်ရွယ် ချက်ရှိပါတယ်’’ဟု ဖဒိုစောကွယ် ထူးဝင်းက ပြောသည်။

လက်နက်ကိုင်ပဋိပက္ခကို ဖြစ်ပွားစေသည့် အခြေခံပြဿနာ များဖြစ်သော နိုင်ငံရေးပြဿနာ၊ လူမှုရေး၊ စီးပွားရေးပြဿနာများ ကို နိုင်ငံရေးဆွေးနွေးပွဲများဖြင့်အဖြေရှာမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို သဘောတူညီခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခတ်မှုရပ်စဲရေးသဘောတူစာချုပ် ပါ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူ ဘောင်သဘောတူညီချက်ရရှိခဲ့ ပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲများကို ဇန်န၀ါရီပထမပတ်၌ စတင်နိုင်ရန် လိုအပ်သည့် အမိန့်စာများ၊ကြေညာချက်များ ထုတ်ပြန်ပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောသည်။

‘‘ဆက်လက်ကျင်းပရမယ့် နိုင်ငံရေးဆွေးနွေးပွဲများနဲ့ ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ များမှာလည်း စိတ်ရှည်သည်းခံ ခြင်း၊ အပြန်အလှန်နားလည်ခြင်း နဲ့ ယုံကြည်မှုဆိုတဲ့ တန်ဖိုးများကို အခြေခံပြီး မဆုတ်မနစ်ကြိုးပမ်း ကြဖို့ တိုက်တွန်းလိုပါတယ်’’ဟုဦးသိန်းစိန်က ပြောကြားသည်။

နိုင်ငံရေး ဆွေးနွေးပွဲများ တွင် ပါဝင်ဆွေးနွေးရန် အစိုးရနှင့် လွှတ်တော်မှ ကိုယ်စားလှယ် ၁၅၀၊ တပ်မတော်မှ ၁၅၀၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများမှ ၁၅၀၊ နိုင်ငံရေးပါတီ များမှ ၁၅၀ လက်မှတ်ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသား ခေါင်းဆောင်များ ၅၀၊ ပညာရှင်များနှင့် အခြားဖိတ်ကြားသင့်သူ များ ၅၀၊ စုစုပေါင်း ၇၀၀ ဦး ပါဝင်မည် ဖြစ်သည်။

သို့သော်နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များနှင့်ပတ်သက်၍ ကိုယ်စားလှယ်များက အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေ။ နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်များကို ဒီဇင်ဘာ ၁၅ ရက်တွင် ရေးဆွဲပြီးစီးခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲများကို ဇန်နဝါရီဒုတိယပတ်မတိုင်မီ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း UPDJC တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ်များကပြောသည်။

NCA ပြဋ္ဌာန်းချက်များအရ အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးအပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များ ရေးဆွဲရမည်ဖြစ်ပြီးရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲများစတင်ရမည်ဖြစ်သည်။

NCA ကို အစိုးရနှင့်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့အ ကြား ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List