Friday, December 18, 2015

ခြိမ်းခြောက်ငွေညှစ် အရှုပ်တော်ပုံနှင့် ပတ်သက်၍ အင်ဒိုနီးရှား ပါလီမန် ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်


အမေရိကန် သတ္တုတွင်း ကုမ္ပဏီကြီး တစ်ခုထံမှ ခြိမ်းခြောက်ငွေညှစ်ရန် ကြိုးပမ်းခဲ့သည်ဟု စွပ်စွဲချက်များ ရင်ဆိုင်နေရသော အင်ဒိုနီးရှား ပါလီမန်ဥက္ကဋ္ဌသည် ဒီဇင်ဘာ ၁၆ ရက်တွင် ရာထူးမှနုတ်ထွက်ခဲ့ရာ အင်ဒိုနီးရှား၌ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး နိုင်ငံရေး အရှုပ်တော်ပုံတစ်ခု ဖြစ်လာခဲ့သည်။ 
ယင်းသတ္တုတွင်း ကုမ္ပဏီက နိုင်ငံတွင်း၌ လုပ်ငန်းလည်ပတ်မှု တိုးချဲ့နိုင်ရန်အတွက် အပြန်အလှန်အားဖြင့် ယင်းကုမ္ပဏီ၏ အင်ဒိုနီးရှားကုမ္ပဏီခွဲ Freeport-McMoRan တွင် ရှယ်ယာများ ခွဲပေးရန် ပါလီမန်ဥက္ကဋ္ဌ ဆက်ယာနိုဗန်တိုက တောင်းဆိုခဲ့ကြောင်း၊ ယင်းရှယ်ယာများကို သမ္မတဂျိုကိုဝီဒိုဒိုနှင့် ဒုတိယသမ္မတတို့ကို ခွဲဝေပေးမည်ဟု ၎င်းက ပြောကြားခဲ့သည်ဟု လျှို့ဝှက် အသံဖမ်းယူခံ ခဲ့ရသည်။

ပြီးခဲ့သော သီတင်းပတ်များစွာက ယင်းအသံဖိုင်များ ထွက်ပေါ်လာချိန်တွင် နိုင်ငံရေး မုန်တိုင်းတစ်ရပ်အဖြစ် ထွက်ပေါ်လာခဲ့သည်။ ထို့ပြင် သူလျှိုအဖြစ်မှ ကုမ္ပဏီအမှုဆောင်အဖြစ်သို့ ပြောင်းသွားခဲ့သူ တစ်ဦးနှင့် gasoline godfather ဟု အမည်ပြောင်ပေးခံ ရသော နိုင်ငံရေးနှင့် ဆက်နွှယ်သည့် လုပ်ငန်းရှင် အပါအ၀င် အရောင်အသွေးစုံသော လူများကြောင့် အင်ဒိုနီးရှားတွင် လူစိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။ နိုဗန်တိုသည် ဖိအားများ မြင့်တက်လာနေသော်လည်း သြဇာကြီး ပါလီမန်ဥက္ကဋ္ဌရာထူးကို ဆက်လက် ဖက်တွယ်ထားရန် ကြိုးပမ်းခဲ့သည်။ သို့သော် ပါလီမန်ရှိ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကောင်စီက ယင်းအမှုအား စုံစမ်းစစ်ဆေးမှုကို အပြီးသတ်လိုက်ချိန်တွင် နိုဗန်တိုက ဒီဇင်ဘာ ၁၆ ရက် နှောင်းပိုင်း၌ ရာထူးမှ နုတ်ထွက်ခဲ့သည်။

ယင်းကောင်စီမှ အဖွဲ့ဝင်အများစုက နိုဗန်တိုသည် ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်မှု၌ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းကို မည်သည့်နည်းဖြင့်ဖြစ်ဖြစ် ရာထူးမှ ဖယ်ရှားရန် စီစဉ်ထားဖွယ်ရှိချိန်တွင် နိုဗန်တိုက ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ နုတ်ထွက်ခဲ့သော်လည်း နိုဗန်တိုသည် ဥပဒေပြုအမတ် တစ်ဦးအဖြစ် ဆက်ရှိနေမည်ဖြစ်သည်။

သတ္တုတွင်း ကုမ္ပဏီထံမှ ရှယ်ယာများ တောင်းယူရန် နိုဗန်တိုကို ညွှန်ကြားခဲ့ကြောင်း ပြောကြားမှုများကို ၀ီဒိုဒိုနှင့် ဒုတိယသမ္မတ ယူဆွတ်ကာလာတို့က ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့သည်။ အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် အကျင့်ပျက် ခြစားမှု အဆိုးရွားဆုံး နိုင်ငံများ၌ ပါဝင်သော်လည်း နိုဗန်တိုက ပြည်ပကုမ္ပဏီကြီး တစ်ခုထံမှ ခြိမ်းခြောက် ငွေညှစ်ရန် ဗြောင်ကျကျ ကြိုးပမ်းမှုသည် ထိတ်လန့်အံ့အား သင့်စရာ ကောင်းနေသည်။

နိုဗန်တိုက ပြီးခဲ့သောဇွန်က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၌ Freeport ထံမှ ရှယ်ယာ ရာခိုင်နှုန်း ၂၀ တောင်းခံခဲ့မှုကို အင်ဒိုနီးရှား အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ဒုတိယအကြီးအကဲဟောင်း မာရိုဂျမ်ဆူဒင်က မိုဘိုင်းဖုန်းဖြင့် လျှို့ဝှက်အသံဖမ်းထားခြင်း ဖြစ်သည်။ ယင်းအသံဖိုင်ကို စွမ်းအင်ဝန်ကြီးက ကျင့်ဝတ်ပိုင်းဆိုင်ရာ ကောင်စီထံ ပေးအပ်ခဲ့ရာမှ ယင်းအရှုပ်တော်ပုံ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သော လောင်စာတင်သွင်းသည့် လုပ်ငန်းမှ လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ မူဟာ မက်ရီဇာချာလစ်ကလည်း Freeport ထံမှ ခြိမ်းခြောက်ငွေညှစ် ရန် ကြိုးပမ်းမှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း သိရသည်။

Ref : AFP
Eleven Media Group

No comments:

Post a Comment

My Blog List