အင်္ဂလိပ်ဘာသာစကားတွင် Winner Takes All (နိုင်တဲ့လူအကုန်ယူသည်) ဟူသော စကားပုံရှိသည်။ မြန်မာနိုင်ငံမှာတော့ နိုင်တဲ့သူ အကုန်မယူနိုင်။ ရွေးကောက်ပွဲတွင် အနိုင်ရသူများ၏ ပထမဆုံး ဆောင်ရွက်ကြမည့် လုပ်ငန်း စဉ်သည် အမှိုက်ကောက်ဖို့ဟူသော စကားကိုကြားရတော့ အားလုံး အံ့သြ သွားကြသည်။
ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ရွေးကောက်ပွဲတွင်အနိုင်ရ ခဲ့ကြသော အောက်မြန်မာပြည်မှ လွှတ်တော်ကိုယ်စားလှယ်များကို အမှိုက် ကောက်ကြ ရမည်ဟု ညွှန်ကြားချက်ပေးလိုက်သောအခါ ပြည်သူ လူထုဘက်မှ ဝေဖန် သံများသောသောညံသွားလေသည်။ အများစုကတော့ လွှတ်တော်အမတ်များကို အမှိုက်ကောက်ခိုင်းခြင်းကို သဘောကျကြသည်။
လူထုနှင့် တသားတည်း ဖြစ်သည်။ ပြည်သူလူထုစည်းမဲ့ကမ်းမဲ့ အမှိုက်ပစ် ခြင်းကို တားဆီးပညာပေးရာရောက်သည်။ စည်ပင်သာယာမှ အမှိုက်မှန် မှန်ကျုံးကြရန် တဖက်လှည့်ဖြင့် အသိပေးရာရောက်သည် ဆိုခြင်းကြောင့်ဖြစ် သည်။ စင်ကာပူနိုင်ငံတွင်လည်း ၀န်ကြီးချုပ် လီကွမ်းယုသည် သူခေါင်း ဆောင်ဖြစ်ခါစက ကိုယ်တိုင်တံမြက်စည်း ကိုင်ကာ အမှိုက်ကောက်ဖူးသည့် သာဓကရှိသည်။ မြန်မာကို စင်ကာပူလိုဖြစ်ချင်သည်ဆိုလျှင် လေအေး စက်တပ်ထားသော ဧည့်ခန်းထဲမှ ကုလားထိုင်တွင်ထိုင်ကာ ပြောနေရုံနှင့်ဖြစ် လာမည်မဟုတ်။ အဟုတ်တကယ် အလုပ်လုပ်ကြဖို့လိုမည် ဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်က သူအပါအ၀င်လွှတ်တော်အမတ်များ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ပြည်သူလူထုနှင့်အတူ အမှိုက်ကောက်ပြကြတော့ မည်ဆိုတော့ တိုင်းသူပြည်သား အတော်များများက သဘောကျကြခြင်းဖြစ် သည်။ နမူနာအနေဖြင့် လုပ်ပြလျှင် ကောင်းပါသည်။
သို့သော် လွှတ်တော်အမတ်များသည် အခြား ဥပဒေပြုရေး လွှတ်တော်တွင်း လွှတ်တော်ပ တာဝန်များလှသည်ဖြစ်ရာ အမှိုက်ကောက်ခြင်းကြောင့် အဖိုးတန်သောအချိန်များ ဆုံးရှုံးသွားမှာကိုတော့ မဖြစ်စေချင်ပါပေ။
တကယ်တော့ အမှိုက်ကောက်ရမည့် အလုပ်သည် စည်ပင်သာယာ၏ အလုပ်ဖြစ်ပြီး အမှိုက်ကိုစနစ်တကျစွန့်ပစ်ဖို့ တာဝန် သည် ပြည်သူလူထု၏ တာဝန်ဖြစ်သည်။ လူထုက အမှိုက်ကို စနစ်တကျ စွန့်ပစ်ရမည်။ စည်ပင် သာယာဌာနဘက်က လူတွေ အမှိုက် အလွယ်တကူစွန့်ပစ်လို့ရအောင် အမှိုက်ပုံးများ လူမြင်ကွင်းတွင် ပေါပေါ သီသီချထားပေးရမည်။ ထို့အပြင် ထိုအမှိုက်ပုံးများကိုလည်း အချိန်မှန်မှန် မပျက်မကွက် နေ့စဉ် စနစ်တကျသိမ်းဆည်းရမည်။ ယခုအခါ မြန်မာနိုင်ငံဝယ် လူထုနှင့်စည်ပင်နှစ်ဖက်စလုံးမှ စည်းဖောက် လျက်ရှိသည်။ လူတွေသည်စည်းမရှိကမ်းမရှိ အမှိုက်များကို တွေ့ရာနေရာတွင် စွန့်ပစ်ကြသည်။ တခါတရံ ရန်ကုန်မြို့တွင် နောက်ဆုံးပေါ် ဇိမ်ခံကားအကောင်းစားကြီးတွေပေါ်မှ ကားပြတင်းဖွင့်ကာ အမှိုက်များ လမ်းပေါ်သို့ ပြီးစလွယ် (ငါ့လက်ကလွတ်ပြီးရော ပုံစံဖြင့်) ပစ်ချသွားကြတာမြင်တော့ ပိုက်ဆံသာချမ်းသာ၍ အသိတရား ဆင်းရဲရှာသူများအဖြစ် ဒေါသဖြစ်ရသည်။ တခါကလည်း ကိုယ်ပိုင်ကားတစီးပေါ်မှ လမ်းပေါ်သို့ အမှိုက်များပစ်ချရာ ထိုကားနောက်မှပါလာသော စက်ဘီးစီးလာသည့် နိုင်ငံခြားသားတယောက် သည် အမှိုက်များကို ပြန်ကောက်ကာ မီးပွိုင့်တွင် ထိုကားပိုင်ရှင်အားလိုက် ပြန်ပေးသည်ကိုလည်း တွေ့ခဲ့ရသည်။ မြန်မာတယောက်အနေဖြင့် ထိုအပြုအမူများကို အလွန်ရှက်ရွံ့မိပါသည်။ တခါကလည်း ကျွန်တော်သည် နိုင်ငံ ခြားသားများနှင့် ဗန်းမော်မှ မန္တလေးသို့ ခရီးသည်တင် လူစီးသင်္ဘောဖြင့် စုန်ဆင်းချလာရာ သင်္ဘောပေါ်တွင် အမှိုက်ပုံးလည်းမရှိ၊ မြစ်ထဲသို့လည်း အမှိုက်မစွန့်ပစ်ချင်သော နိုင်ငံခြားသားများသည် ကြွပ်ကြွပ်အိတ်ကြီး တလုံးထဲတွင် တလမ်းလုံးသူတို့၏ အမှိုက်များကို စနစ်တကျထည့်သွင်း လာကြပေသည်။ ကျွန်တော်တို့ထင်သည်မှာ သင်္ဘောပေါ်တွင် အမှိုက်ပုံးမရှိသော်လည်း ဆိပ်ကမ်းသို့ရောက်လျှင်တော့ အမှိုက် များကို သင်္ဘောပေါ်မှ အလုပ်သမားများက လာသိမ်းကာ စနစ်တကျစွန့်ပစ်လိမ့်မည်ဟု ယူဆခဲ့ကြပါသည်။ သို့နှင့် နောက်တရက်တွင် မန္တလေး ဂေါဝိန်ဆိပ်ကမ်းသို့ သင်္ဘောဆိုက်ကပ်သောအခါ အလုပ်သမား တယောက်က ကျွန်တော်တို့အဖွဲ့ စနစ်တကျစွန့်ပစ်ထားသော ကြွပ်ကြွပ်အိတ်ကြီးကို လာကြည့်ကာ ဘာမပြောညာမပြောနှင့် မြစ်ထဲသို့ပစ်ချလိုက်ပေသည်။ ထိုအခိုက်ဝယ် ကျွန်တော်သည် နိုင်ငံခြားသားများကို မျက်နှာမပြ၀ံ့တော့လောက်အောင် ရှက်ရွံ့မိပါသည်။ ထိုသို့မြစ်ထဲသို့ပစ်ချချင်လျှင်ဖြင့် ဗန်းမော်၊ ကသာ၊ မန္တလေးခရီးစဉ်တလျှောက် ကျွန်တော်တို့သည် အဘယ့်ကြောင့် အမှိုက်များကို အပင်ပန်းခံကာ သယ်လာကြဦး မည်နည်း။ မြန်မာတော်တော်များ များအတွက် မြစ်များ၊ ချောင်းများ၊ မြောင်းများသည် အမှိုက်ကန်ကြီးသဖွယ် ဖြစ်နေသည်မှာ အတော်ကိုပြင်ရခက်သောကိစ္စ ဖြစ်နေပေသည်။ ကျွန်တော်တွေ့ဖူးသော နိုင်ငံခြားသား အားလုံးနီးပါးသည် အမှိုက်ပစ်ရာတွင် အလွန်စည်းကမ်းရှိကြပါသည်။ ကိုယ်စား သော သကြားလုံး၊ ချိုချဉ် အခွံတခုကို ပင်လျှင် အမှိုက်ပုံးမတွေ့ပါက ဘောင်းဘီအိတ်ထဲတွင် ထည့်ယူလာပြီး အမှိုက်ပုံးတွေ့မှ စွန့်ပစ် ကြပါသည်။ ငှက်ပျောခွံ စသည်တို့ကိုလည်း လမ်းဘေးတွင် လက်လွတ်စပယ်လွှင့်ပစ်တာ မတွေ့ဖူးပါ။ Tourist ကားမောင်းမည့် ဒရိုင်ဘာများ၊ တိုးရစ်ဂိုက်အသစ်များကို ပထမဆုံးသင်ကြား ပေးရသည်မှာ အမှိုက်ကို ဖြစ်ကတတ်ဆန်း မစွန့်ပစ်ဖို့ ဖြစ်သည်။ အမှိုက်ကို ကားပေါ်မှ လုံးထွေး၍ပစ်ချခြင်းကို နိုင်ငံခြားသားများသည် အလွန်အထင်သေးကြပါသည်။ ကျွန်တော်တို့သည် ကမ္ဘာနှင့်ရင်ပေါင်တန်းချင်လျှင် သူတို့၏ ကောင်းကွက်များကို နမူနာ ယူရမည်ဖြစ်သည်။ ထို့ကြောင့် NLD အမတ်များ အမှိုက်ကောက်မည်ဆိုတော့ အားလုံးက ၀မ်းသာအားရ ထောက်ခံခြင်း ဖြစ်သည်။ အမှိုက်ကောက်သလို၊ စနစ်တကျအမှိုက်ပစ်ဖို့၊ စနစ်တကျ အမှိုက်မှန် မှန်သိမ်းဖို့ပါလိုပါသေးသည် အမှိုက်ဆိုရာဝယ် ကွမ်းတံတွေး ထင်သလိုထွေးကြခြင်းလည်း ပါဝင်ပါ သည်။ အားလုံးဝိုင်းဝန်း၍ လုပ်ကြလျှင်ဖြင့် တဖြည်းဖြည်းနှင့်နိုင်ငံသည် သန့်ရှင်းလာနိုင်ပါ၏။ ဤကားမြင်ရသော အမှိုက်များဖြစ်သည်။ မြင်ရသော အမှိုက်များမှာ ဖယ်ရှားရလွယ်၏။
မမြင်ရသောအမှိုက်များကား နိုင်ငံရေးအမှိုက်များဖြစ်သည်။ ထိုအမှိုက်များမှာ မြန်မာ့နိုင်ငံရေးလောကတွင် ပလိပ်ရောဂါ ပိုးလို ပံျ့နှံ့ကျန်ရစ်၏။ ခေတ်အဆက်ဆက် က စနစ်တကျမစွန့်ပစ်ဘဲ ညစ်ပတ်ရှုပ်ပွကျန်ခဲ့သော သမိုင်းကြောင်းကို အနိုင်ရ NLD ပါတီသည် ဆက်ခံရှင်းလင်းရတော့မည်ဖြစ်သည်။ NLD သည် အိမ်တလုံးကို လက်ခံရလိုက်ရာတွင် အသင့်တက်နေနိုင်သော အိမ်သစ်တလုံးကို ရလိုက်ခြင်းမဟုတ်ဘဲ ပြင်စရာတွေ ပြည့်နှက်နေသော ခြစားနေသည့်အိမ်ဟောင်းတလုံးကို ရလိုက်ခြင်းဖြစ်သည်။ ပထမဆုံး အနေဖြင့် မြန်မာ တနိုင်ငံလုံးရှိ ၀န်ထမ်းအဖွဲ့အစည်း အားလုံးသည် လာဘ်ငွေမရလျှင် ဘာမှအလုပ်မလုပ်ပေးချင်သော အချောင် သမားစိတ်ဓာတ်များကို စတင်ရင်ဆိုင်ရမည်ဖြစ်သည်။ ချုံးချုံးကျနေသော ဗျူရိုကရေစီ ယန္တရားကို NLD သည် စတင်ကိုင်တွယ်ရမည်ဖြစ်သည်။ နှစ်ပေါင်း များစွာအရိုးစွဲလာသော လာဘ်ပေးလာဘ်ယူယန္တရားကို ရပ်တန့်အောင် စွမ်းဆောင်ဖို့ဆိုသည်မှာ အတော်ပင်ခက်ခဲပေလိမ့်မည်။ မည်သူမျက်နှာမှ မထောက်ဘဲ နိုင်ငံရေးအမှိုက်များကို ပြစ်ဒဏ်ဟူသော အမှိုက်ပုံးထဲသို့ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ထည့်ပစ်ရမည်ဖြစ်သည်။ ဟိုတလောက အခွန်ဦးစီးဌာနမှ စာရေးကြီးတယောက် သိန်း ၁၃၀၀ လာဘ်စားသည့် အမှုဖြင့် ထိုစာရေးကြီးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းများ ကြားရ၏။ သာမန်စဉ်းစားဥာဏ်ဖြင့် တွေးကြည့်လျှင်ပင် အထက်အရာရှိ များမပါဘဲ စာရေးကြီးတယောက်သည် ဤမျှများပြားသောငွေကို လက်ခံပါ့မလားဟု သဘောပေါက်နိုင်သည်။
အထက်အရာရှိမပါဘဲ ဤလာဘ်စားမှုသည် ဖြစ်နိုင်စရာအကြောင်းမရှိပေ။ ကာယကံရှင်စာရေးကြီးကလည်း ဤလာဘ်ငွေမှာအထက်အရာရှိကိုပေးရန် သူ လက်ခံယူခဲ့ခြင်းဖြစ်သဖြင့် အထက်အရာရှိများကိုပါစစ်ဆေးပါဟု ထွက် ဆိုချက်ပေးသည်။ သို့သော် ဦးသိန်းစိန်အစိုးရနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ကျွန်တော်တို့ စဉ်းစားသလို မစဉ်းစားဘဲ တဖက်လှည့်စဉ်းစားတတ်သော ၀ါသနာရှိလေရာ မီးခိုးကြွက်လျှောက် ပေါ်လာရမည့် အဂတိလိုက်စားမှုတရားခံများမှာ ဆက်လက်ပေါ်ထွက်လာခြင်း မရှိတော့ပေ။ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်တွင်တော့ အဂတိလိုက်စားမှုများကို ဆွစ်ဇာလန်အစိုးရနှင့် အမေရိကန်အစိုးရက မီးခိုးကြွက်လျှောက် ဖော်ထုတ်သဖြင့် တနွယ်ငင်တစင်ပါဆိုသလို ဖီဖာဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ ဖမ်းဆီး စစ်ဆေးခြင်းခံနေရပြီ ဖြစ်သည်။ မြန်မာနိုင်ငံမှာဆိုလျှင်တော့ ဤအမှုမျိုးသည် ဘယ်တော့မှာပေါ်မှာ မဟုတ်ချေ။ ထို့ကြောင့် NLD သည် လာဘ်ပေးလာဘ်ယူအမှိုက်များကို ရှင်းပစ်ရမည့် တာဝန်ရှိလာပေ၏။ လာဘ်ပေးလာဘ်ယူတင်မဟုတ်၊ ယခင်အစိုးရ အဆက်ဆက်ရှုပ်သွားခဲ့သော မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်း တောင် စီမံကိန်းစသည့် စီမံကိန်းများကိုလည်း ရှင်းရမည်။ Global Witness အဖွဲ့က တင်ပြခဲ့သော ဖားကန့် ကျောက်စိမ်းတွင်းများ၏ နောက်ကွယ်မှ ခရိုနီ၊ အာဏာပိုင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အရှုပ်တော်ပုံကိုလည်း ရှင်းရမည်။ မြန်မာနိုင်ငံအတွင်းသို့ တရားဝင်သဖွယ် ပြောင်ပြောင်တင်းတင်းဝင်လာကာ အာဏာပိုင်နှင့်ပေါင်းကာ သစ်များကို ပေါ်တင်ခိုး နေကြသော တရုတ်သစ်သူခိုးများ၊ ပြည်တွင်းမှသစ္စာဖောက်များ အရှုပ် ဇာတ်လမ်းကိုလည်း ရှင်းရပေဦးမည်။ လွှတ်တော်တွင်းဝယ် အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ၅၉ (စ)ပြင်ဆင်ရေးစသည်တို့ကို လည်း ရှင်းရပေဦးမည်။ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ တိုင်းရင်းသားတို့ဖယ်ဒရယ်အခွင့်အရေးများရရှိရေးစသော ယခင်အစိုးရ အဆက်ဆက် လက်စမသတ်နိုင်ခဲ့သော နိုင်ငံရေးအမှိုက်များကို ကောက်ရဦးမည်ဖြစ်သည်။ စင်စစ်မြင်နိုင်သော အမှိုက်ထက် မမြင်နိုင်သောနိုင်ငံ ရေးအမှိုက်က NLD အစိုးရအတွက် ပိုမိုများပြားပေ လိမ့်မည်။ ခရိုနီအမှိုက်၊ လွှတ်တော်အမှိုက်၊ နိုင်ငံရေးအမှိုက်များကို ရှင်းရပေဦးမည်။
ကမ္ဘာပေါ်ဝယ် ရွေးကောက်ပွဲတခုကျင်းပပြီးနောက် အနိုင်ရပါတီက လွှတ်တော်ထဲမရောက်ဘဲ ရှုံးနိမ့်သူများဖြင့် လွှတ်တော်ပြန်ကျင်းပခြင်း သည်လည်း မြန်မာတနိုင်ငံတည်းသာရှိပေလိမ့်မည်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြိုအနိုင်ရပြီး အာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကရှုံးသည်။ သို့သော် ပထမအကြိမ်လွှတ်တော် ဆယ့်သုံးကြိမ်မြောက် အစည်းအဝေးကျင်းပ တော့ ရှုံးသူများက လွှတ်တော်မှာ ပေါ်လာကြသည်။ ထူးပေဆန်းပေ၏။ နိုင်ငံတကာမှာတော့ ရွေးကောက်ပွဲပြီး၍ ခေါ်သောလွှတ်တော်သည် နိုင်သူတို့နှင့်သာ တွေ့ရမြဲဖြစ်သည်။ မြန်မာနိုင်ငံမှာတော့ မြင်ဖူးပြီးသား မျက်ခွက်အဟောင်းများ ပြန်ပေါ်လာသည်။ သူတို့ရှုံးရခြင်းမှာ ဘာကြောင့် ညာကြောင့်ဟု မဟုတ်တမ်းတရားတွေ ထင်ရာမြင်ရာ မီဒီယာကိုပြောကြသေးသည်။ သည်လိုဖြစ်ရသည်မှာ ရွေးကောက်ပွဲကျင်းပသောနေ့နှင့် လွှတ်တော်အသစ်ခေါ်သောကာလကို ရက်ပေါင်း ကိုးဆယ် (သုံးလတိတိ) ခွာထားရမည်ဟူသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၃ ကြောင့် ဤသို့ ဖြစ်ရခြင်းဖြစ်သည်။ သို့သော် ထိုပုဒ်မ၌ ရွေးကောက်ပွဲကျင်းပသည့်နေ့မှ ရက်ပေါင်းကိုးဆယ်အတွင်း ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပ ရမည်ဟုဆိုထားရာ ရက်ပေါင်းကိုးဆယ်ထက်လျော့၍ (ဥပမာတလ အတွင်း)လွှတ်တော်ခေါ်ပေးချင်လျှင် ခေါ်ပေး၍ရပေသည်။ လွှတ်တော် ဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကအပေါ်တွင်သာ မူတည်လေသည်။ နိုင်ငံတကာတွင်တော့ ရှုံးနိမ့်သူများသည် အာဏာလွဲပေးရေးမှတပါး လွှတ်တော်ထဲသို့ ဥပဒေပြုရန်ပြန်ဝင်မလာကြတော့ပေ။ ရှုံးသူများကို ဥပဒေပြုခွင့်အာဏာ၊ အုပ်ချုပ်ခွင့်အာဏာ ရက်ကိုးဆယ် ထပ်ပေးလိုက် ခြင်းသည် အကောင်းထက်အဆိုးကိုသာ ဖြစ်ပေါ်စေမည် ဖြစ်သည်။ ပြုတ်တော့မှာ သေချာနေ သော အုပ်ချုပ်ရေးအကြီးအကဲအချို့သည် သူတို့၏ လုပ်ပိုင်ခွင့်များကိုအသုံးပြု၍ နိုင်ငံပိုင်အဆောင်အအုံများကို ပုဂ္ဂလိကသို့လွှဲပေးခြင်း၊ ပုဂ္ဂလိကနှင့်စာချုပ်များကို အလောသုံးဆယ်ချုပ်ဆိုခြင်း၊ သက်တမ်းစေ့ကာနီးသော ကန်ထရိုက်စာချုပ်များကို နှစ်ရှည်ထပ်မံ သက် တမ်းတိုးခြင်း၊ လိုင်စင်ချပေးခြင်း စသည့်မူမမှန်သော လုပ်ငန်းများကို မိမိနှင့် မိမိပတ်ဝန်းကျင်မှ စီးပွားရေးသမားများအကျိုးကိုကြည့်၍ တရစပ် အချိန်မနှောင်းမီ (မပြုတ်မီ)အားသွန်ခွန်စိုက် မသမာမှုပြုကြတော့မည် ဖြစ်သည်။ ရာထူးမှမဆင်းမီ ထိုသုံးလသည် ၀န်ကြီးများ၊ ၀န်ကလေးများ၊ အရာရှိများအတွက် ထီပေါက်သလောက် ရိုက်စားခွင်ရှာ၍ အကောင်းဆုံး ကာလကြီးဖြစ်သည်။ ရွေးကောက်ပွဲဝယ်နိုင်သူက အမှိုက်ကောက်နေဆဲ ၀ယ်ရှုံးနိမ့်ထွက်ခွာရတော့မည့်သူများက တိုက်ဆောက်ကားစီး ဆယ်သက်စားမကုန်သော ခွင်များဆင်ကြတော့မည် ဖြစ်သည်။ အကယ်စင်စစ် ယခင်ကလည်း စားခဲ့ကြပြီးသားဖြစ်သည်။ ယခုသော် စားခဲ့ကြသော ငါးနှစ်စာနှင့်ညီမျှအောင် နောက်ဆုံးသုံးလတွင်ပုံအော အားစိုက် စားသုံးကြမည်ဖြစ်ကြောင်းကို လွှတ်တော်တွင် ထပ်တိုးတောင်းသော ဘတ်ဂျက်များ၊ လူမသိသူမသိ ခွင့်ပြုပေးလိုက်သောဌာနတွင်း စာချုပ်များ၊ ခွင့်ပြုမိန့်များ၊ အကြောင်းကြား စာများက သက်သေထူနေပြီဖြစ်သည်။ သုံးလအတွင်း ဆင်းရတော့မည့်လူများက သူတို့လက်စမသတ်နိုင်သော အလုပ်များ အတွက် ငွေများထပ်တောင်းကြခြင်းမှာ ရှက်ဖို့ကောင်းလှသည်။ မကြာခင်ကမှ အစိုးရသည် လွှတ်တော်သို့ လုပ်ဆောင်ရန် ကတိပေးထားသော လုပ်ငန်း ၈၄ ခုကို မလုပ်ဆောင်နိုင်သောကြောင့် ဖျက်သိမ်းပေးပါရန် လာရောက် တင်ပြဖူးသည်။ အလုပ်လုပ်ဖို့တော့ ၈၄ ခုဖျက်သိမ်းသည်၊ ငွေထပ်တောင်းရာ၌ နိုင်ငံ့ဘဏ္ဍာငွေကို ကျပ်ဘီလီယံပေါင်း (၂၄၆၄) ဘီလီယံထပ်တောင်းခြင်းမှာ ဦးခင်အောင်မြင့်ပြောသလို ဇီးသီး ဘန်းမှောက်ကြဖို့ပင် မဟုတ်။ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလိုများ ကျင့်သုံးနေကြသလားဟု တွေးမိပါ သည်။ တကယ်ဆိုလျှင် မြန်မာနိုင်ငံသည် အကြွေးနွံထဲတွင် နစ်နေတာကြာချေပြီ။ ငွေသုံးမည်ဆိုလျှင် တပြားတကျပ်ကအစ စိစိစစ်စစ်အတိုင်းအထွာနှင့် သုံးသင့်သည်။ ဦးသိန်းစိန်အစိုးရလက်ထက် ထင်တိုင်းသုံးခဲ့ကြသဖြင့် ဘတ်ဂျက်လိုငွေပြမှု(၀င်ငွေနှင့်ထွက်ငွေ မမျှဘဲ ပိုသုံးမှု)မှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ ကျပ်ဘီလီယံ ၇၂၀၀ သို့ရောက်လာကြောင်းသိရသည်။ (၁ ဘီလီယံမှာ သန်းပေါင်းတထောင်ဖြစ်သည်၊ ဘီလီယံ ၇၂၀၀ ဆိုလျှင်) မစဉ်းစားဝံ့ သောငွေများ လိုငွေပြနေတာဖြစ်သည် (၀ါ) မရှိဘဲပိုသုံးခဲ့ကြတာဖြစ်သည်။ မြန်မာနိုင်ငံသည် ဟိုချေးဒီချေးဖြင့် အကြွေးယူစားသောနိုင်ငံဖြစ်လာရာ နိုင်ငံခြားကြွေးမြီပေါင်းမှာလည်း အမေရိကန်ဒေါ်လာ ၉ ဘီလီယံသို့ရောက်လာပြီဟု ဆိုကြသည်။ ထိုအကြွေးများကိုဆပ်ဖို့လည်း ပြည်သူလူထုနှင့် နောက်တက်လာမည့်အစိုးရအတွက် ခေါင်းခဲစရာဖြစ်သည်။ တကယ်တော့ရှုံးနိမ့်သူအမတ်များသည် လွှတ်တော်အတွင်းဝယ် နောက်ထပ်ရက်ပေါင်းကိုးဆယ်မဆိုထားနှင့် ကိုးစက္ကန့်ပင် မရှိသင့်တော့ပေ။
ယခင်လူများကတော့ နောက်သုံးလတွင် (၂၀၁၆ မတ်လ ၃၁ ရက်နေ့နောက်ဆုံးထား၍) ဆင်းသွားတော့မည် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ၀န်ကြီးအားလုံး၊ ဗိုလ်ချုပ်အားလုံးသည် မျိုးရိုးစဉ်ဆက်ချမ်းသာ ကြသူများလား၊ အောင်ဘာလေထီအကြိမ်ကြိမ်ပေါက်ကြသူများလား၊ မိန်းမဘက်မှ အားလုံးအမွေရကြသည်လားတော့မသိ။ အားလုံး မချမ်းသာသူ မရှိ။ တိုက်နှင့်ခြံနှင့်၊ ဘဏ်စာရင်းနှင့်၊ ကုမ္ပဏီနှင့် ကိုယ်ပိုင်လုပ်ငန်းနှင့် စီးပွားရေး တောင့်တင်းကြသူတွေချည်းဖြစ်သည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တဦးပင်လျှင် တက္ကသိုလ် ရိပ်သာလမ်းသစ်တွင် တိုက်နှင့်ခြံနှင့်နေနိုင်သည်မှာ တော်ရုံတန်ရုံကြွယ်ဝမှုမဟုတ်ချေ။ ဘိုးစဉ်ဘောင်ဆက် ချမ်းသာလာလျှင်တော့ မပြောတတ်ပေ။ ၀န်ထမ်းလစာနှင့် ရိုးရိုးသားသားစုဆောင်းမည်ဆိုလျှင် လှိုင်သာယာ တွင် ပေနှစ်ဆယ်၊ ပေခြောက်ဆယ်မြေတကွက်ပင် ၀ယ်နိုင်မည်မဟုတ်ပေ။ NLD လွှတ်တော်အမတ်များကို ဒေါ်အောင်ဆန်းစုကြည်လုပ်သလို အာဏာမရမီ (လုပ်ငန်းခွင်မ၀င်မီ) ပိုင်ဆိုင်မှုနှင့် လုပ်ငန်းခွင်မှ ငါးနှစ်ကြာ သောအခါ ပိုင်ဆိုင်မှုကို စစ်ဆေးသလို သမ္မတကြီးဦးသိန်းစိန်အစိုးရမှ လွှတ်တော်အမတ်များ၊ ၀န်ကြီးများ၊ ဒုဝန်ကြီးများ၊ အရာရှိကြီးများကို စစ်ဆေးနိုင်သော် နိုင်ငံတော်အတွက် အလွန်ကောင်းမွန်လိမ့်မည်။
ချမ်းသာသူက ထားစရာမရှိအောင် ချမ်းသာနေဆဲဝယ်၊ သာမန် မြန်မာနိုင်ငံသား ပြည်သူလူထုကတော့ စားစရာမရှိအောင် တနေ့စာ တနေ့ ရုန်းကန်နေကြရပြီ ဖြစ်သည်။ မိမိနိုင်ငံကိုပစ်၍ ရေခြားမြေခြား၌ မျက်နှာ အငယ်ခံကာ သမုဒ္ဒရာဝမ်းတထွာအတွက် မိတကွဲဖတကွဲ သားတကွဲ မယားတကွဲဖြစ်ကြရှာသူအပေါင်းမှာလည်း မရေတွက်နိုင်အောင် များပြားခဲ့ပြီဖြစ်သည်။ တိုင်းတပါးတွင် မည်သူသတ်မှန်းမသိဘဲ သေကြသူတွေ၊ အဓမ္မ ကျင့်ခံရသောမိန်းကလေးတွေ၊ ဘ၀ပျက်ကြရသော လူငယ်တွေ၊ ရေခြားမြေခြားတွင် အကျဉ်းကျခံရသူတွေ၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် စစ်ပြေးစစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ မိတကွဲဖတကွဲ ဖြစ်နေရှာသူကလေး ငယ်တွေ၊ နိုင်ငံခြားရှိဒုက္ခသည်စခန်းမှာ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသားတွေ မရေတွက်နိုင် အောင်ရှိနေကြဆဲ ဖြစ်သည်။ ပြည်တွင်းမှာလည်း ထမင်းတနပ်အတွက် ဖားကန့်တွင် ရေမဆေး ကျောက်ရှာရာမှ အရှင်လတ်လတ် မြေမြှုပ် သဂြိုဟ်ခံရသူတွေ၊ အလုပ်ရမည်ဆိုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင် မှောင်ခိုကူးခံရသူတွေ၊ ပြည်တွင်းလိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် အဓမ္မခိုင်းစေခံ နေရသူတွေ၊ ခေါင်းပုံဖြတ်ခံ နေရသူတွေ၊ တနေ့လုပ်အားခ မြန်မာငွေ သုံးထောင့်ခြောက်ရာ သတ်မှတ်ထားလင့်ကစား အမျိုးမျိုးဥပဒေကို လက်တလုံးခြားလှည့်ပတ်၍ အလုပ်သမားတွေကို လုပ်ခလစာ ပြည့်ပြည့်၀၀ မပေးတာတွေ၊ ကျောင်းနေရမည့် လူမမယ်ကလေးများ စားသောက်ဆိုင် လက်ဘက်ရည်ဆိုင်တို့တွင် စားပွဲထိုးနေရတာတွေ၊ သက်ကြီးရွယ်အိုများ နေစရာ စားစရာ ခိုလှုံစရာမရှိသော အဖြစ်အပျက်တွေသည် ရွှေရောင် ငွေရောင် တပြောင်ပြောင်ဖြစ်နေသော သမ္မတအိမ်တော်၊ လွှတ်တော်ကြီး များ၊ တပ်ချုပ်ကြီးရုံးခန်းစသည့် အပြင်ဘက်မှာရှိနေ ဖြစ်နေကြပါသည်။
မြန်မာတနိုင်ငံလုံးမှာ ထို့ထက်ဆိုးသော အဖြစ်များရှိနေကြပါသည်။ မြန်မာပြည်သူအများစု ဆင်းရဲနေကြပါသည်။ အလုပ် အသွားအပြန် စီးစရာ ဘတ်စ်ကားပင် ကောင်းကောင်းမရှိပါ၊ ငါးပိသိပ်ငါးချဉ် သိပ်လိုက်ကြ ရပါသည်။ မနက်စာနှင့်ညစာကို ပေါင်းစားကြရသူများပင် ရှိနေကြပါသည်။ နိုင်သူက အမှိုက်ကောက်၍ ရှုံးသူကတိုက်ဆောက်ကားစီးနေကြချိန်တွင် ပြည်သူလူထုကတော့ ဗိုက်မှောက်ကာနေကြရပါကြောင်း။
သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment