Tuesday, December 15, 2015

ပညာရေးမူဝါဒပိုင်းတွင် NLD ပါတီနှင့် NNER အချက်လေးချက်အဓိက ကွဲလွဲဟု ဒေါက်တာသိန်းလွင်ပြောကြား


ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုနိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) တို့ကြား ပညာရေးမူဝါဒပိုင်းတွင် အချက်လေးချက်အဓိကကွဲလွဲနေကြောင်း NNER ထိပ်ပိုင်းခေါင်းဆောင်ဒေါက်တာသိန်းလွင်က The Voice သို့ပြောကြားသည်။
NNER ၏မူဝါဒတစ်ခုဖြစ်သော မသင်မနေရပညာရေးစနစ်ကို ၉နှစ်အထိ ထားရှိရန်ကိစ္စကို NLD ပါတီကလေးနှစ်ထားရှိရန်၊ တိုင်းရင်းသားဘာသာ စကားသင်ကြားခွင့်ကို ကျောင်းအလိုက်စီမံခန့်ခွဲဆုံးဖြတ်ခွင့်ကိစ္စများ၊ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးနှင့် ကျောင်းသားသမဂ္ဂများဖွဲ့စည်းရေးစသည့် ကိစ္စတွင် အဓိကကွဲလွဲနေခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။

“ဒီအချက်လေးချက်က မသင်မနေရအချက်မှာ တော်တော်လေးကွဲတယ်။ တော်တော်လေးအငြင်းအခုံဖြစ်ရတယ်။ ကျွန်တော်တို့ မသင်မနေရကို အနည်းဆုံးကိုးနှစ်ဖြစ်ရမယ်။ ဥပဒေမှာလည်းပြဋ္ဌာန်းပေးပါဆိုပြီးပြောတယ်။ NLD ကလေး နှစ်ပဲ။ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးမှာ ကွဲလွဲတာကတော့ ကျောင်းအခြေခံတဲ့ဆုံးဖြတ်ခွင့်ပေါ့” ဟု ဒေါက်တာသိန်းလွင်ကပြောကြား သည်။

မိခင်ဘာသာစကားသင်ကြားရေးဆိုင်ရာတွင် NNER ကဒေသအလိုက် ကျောင်းကော်မတီကိုဆုံးဖြတ်ခွင့်ပေးမည်ဖြစ်ပြီး ဆရာများ၏ခံစားပိုင်ခွင့် အတွက်ဒေသနှင့်ကိုက်ညီသည့်ဆရာများခန့်ထားရေး၊ ထိုသို့သောကိစ္စ များကို ဒေသခံများကမိမိလိုအပ်ချက်အတိုင်း ဆုံးဖြတ်ခွင့်ကိုပေးသင့်သည်ဟု ဆိုရာတွင် NLD ပါတီတာဝန်ရှိသူကမဖြစ်နိုင်ဟုပြောကြားကြောင်း ၎င်းကရှင်းပြသည်။

အဓိကကွဲလွဲချက်လေးချက်သည် NLD ပါတီနှင့် NNER တို့ကြား ပြီးခဲ့သည့် နှစ်နှစ်တာအတွင်း ဆွေးနွေးချက်များဖြစ်ပြီး အစိုးရသစ်တာဝန်လွှဲပြောင်း ပြီးလျှင် ကွဲလွဲနေသည့်ပညာရေးမူဝါဒများနှင့်ပတ်သက်၍ ယင်းပါတီနှင့် ထပ်မံဆွေးနွေး သွားမည်ဖြစ်ကြောင်း ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုနိုင်ငံ လုံးဆိုင်ရာကွန်ရက်(NNER) ထံမှသိရှိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ပညာရေးကော်မတီတာဝန်ရှိသူထံ ထိုသို့ကွဲလွဲနေခြင်းဟုတ်၊ မဟုတ် အသေးစိတ်အချက်အလက်များမေးမြန်းရန် ဖုန်းဆက်သွယ်သော်လည်း ဖုန်းစက်ပိတ်ထား သောကြောင့် မေးမြန်းခွင့်မရပေ။

ပါတီ၏ရွေးကောက်ပွဲကြေညာစာတမ်းတွင် နိုင်ငံသားတိုင်းအနည်းဆုံး မူလတန်းပညာရေးတတ်မြောက်ပြီး အဆင့်ဆင့်တိုးမြှင့်သင်ယူခွင့်များ ရရှိရေး၊ ကာယ၊ ဉာဏစွမ်းရည်အားနည်းသူကလေးများ၊ ဆင်းရဲနွမ်းပါးသည့် ကလေးများ၊ ဝေးလံသောဒေသများတွင် နေထိုင်သည့်ကလေးများအတွက် အလေးထားသည့်ပညာရေးအစီအစဉ်များ၊ မိခင်စာပေဘာသာစကားကို မူလတန်းတွင်သက်ဆိုင်ရာပြည်နယ်၊ တိုင်းအစီအစဉ်ဖြင့်ဆောင်ရွက်နိုင်ရန် ထောက်ပံ့မည်ဖြစ်ကြောင်းဖော်ပြထားသည်။

ယင်းသို့ကွဲလွဲချက်များရှိနေသည့်အပေါ် ပညာရေးအကြံပေးပညာရှင် ဒေါက်တာမင်းသိမ်းက “ပြင်စရာရှိတာကိုပြင်ဖို့တောင်းနေရမှာပဲ။ NLD အစိုးရမို့လို့လည်းမဟုတ်ဘူး။တောင်းပုံတောင်းနည်းတော့ကွဲလွဲမှာ၊ ဆက်စဉ်းစားသွားရမှာ” ဟု မှတ်ချက်ပြုပြောကြားသည်။

လက်ရှိအတည်ပြုပြီးအမျိုးသားပညာရေးဥပဒေတွင်လည်း တိုင်းရင်းသား ဘာသာစကားသင်ကြားခွင့်ကို အချိန်ပြည့်မဟုတ်ဘဲကျောင်းချိန်ပြင်ပ သာသင်ကြားခွင့်ပြုခြင်းကြောင့် တိုင်းရင်းသားဒေသကလေးငယ်များအတွက် သီးသန့်အချိန်ပေးနေရသောကြောင့်ဖျက်သိမ်းသင့်ကြောင်း NNER အဖွဲ့ဝင်များကတောင်းဆိုသည်။

ယင်းအစားမူလတန်းပညာရေးကိုအထက်ဆင့်နှင့် အောက်ဆင့်နှစ်ပိုင်း ခွဲခြားပြီး အောက်ဆင့်တွင်သက်ဆိုင်ရာဒေသအလိုက် မိခင်ဘာသာစကားကို ကျောင်းစာသင်ချိန်၏၆၀ရာခိုင်နှုန်း သို့မဟုတ်၈၀ရာခိုင်နှုန်းသင်ကြားသင့်ပြီး ကျန်၄၀ရာခိုင်နှုန်းသို့မဟုတ်၂၀ရာခိုင်နှုန်းကို မြန်မာဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကား သင်ကြားသင့်ကြောင်း၎င်းတို့ကဆိုသည်။

ထို့ပြင်NNER အနေနှင့်ကျောင်းသားသမဂ္ဂများလွတ်လပ်စွာဖွဲ့စည်းပိုင်ခွင့်၊ လှုပ်ရှားပိုင်ခွင့်တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီမှာ သမဂ္ဂရဲ့ကိုယ်စားလှယ် ပါဝင်ခွင့်ရရှိရေးကို ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း အဆိုပါ ကွန်ရက်ထံမှသိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List