Wednesday, December 16, 2015

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အကောင်အထည် ဖော်မှုဆိုင်ရာအစည်းအဝေး (JICM)တတိယအကြိမ် ၃/၂၀၁၅ တွင်ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြားသောအဖွင့်အမှာစကား






အားလုံး မင်္ဂလာနံနက်ခင်းပါ …

ဒီနေ့အစည်းအဝေးကိုတက်ရောက်လာတဲ့ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်ကိုယ်စားများအားလုံးကို နှုတ်ခွန်းဆက်ပါတယ်။

ဒီနေ့အစည်းအဝေးက ပြီးခဲ့တဲ့ JICM အစည်းအဝေး နှစ်ကြိမ်အတွင်း ကျနော်တို့ ဆောင်ရွက်ခဲ့တာတွေကို ပြန်သုံးသပ်ဖို့၊ အတည်ပြုစရာတွေကို အတည်ပြုဖို့နဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။

NCA စာချုပ်မှာပါတဲ့ တိုင်းရင်းသားတွေရဲ့တောင်းဆိုချက်တစ်ခုဖြစ်တဲ့ NCA လက်မှတ်ထိုးအပြီး ရက်ပေါင်း (၆၀) အတွင်းမှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ရေးဆွဲရမယ်ဆိုတဲ့အချက်ကို မနေ့က ကျနော်တို့ ဖြည့်ဆည်းနိုင် ခဲ့ပါတယ်။

ဒီကတိကဝတ်ကို အထူးပြုဆောင်ရွက်နိုင်ခဲ့လို့ ကျနော်တို့ အစိုးရအနေနဲ့ ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။အခုဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ကျနော်တို့မှာ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်တစ်ခု ရှိလာ ပါပြီ။ ဒီနေ့ကျင်းပတဲ့ JICM မှာ အဲ့ဒီမူဘောင်ကို ကျနော်တို့ အတည်ပြုကြပါ မယ်။ ပြီးတဲ့အခါ နိုင်ငံတော်သမ္မတထံကို အခမ်းအနားနဲ့ အပ်နှံမှာဖြစ်ပါ တယ်။

မကြာခင်ရက်ပိုင်းအတွင်းမှာ နိုင်ငံတော်သမ္မတက နိုင်ငံရေးဆွေးနွေးပွဲ တွေကို ဘယ်နေ့မှာ စတင်မယ်ဆိုတာကို တရားဝင် ကြေငြာပါလိမ့်မယ်။ NCA စာချုပ်မှာ ပြဌာန်းထားတဲ့အချိန်ဇယား (Timeline) အတိုင်း ကျင်းပသွားနိုင်မှာ ဖြစ်ပါတယ်။

ကျနော်တို့အစိုးရအနေနဲ့ NCA စာချုပ်အတိုင်း လိုက်ပါဆောင်ရွက်နိုင်တဲ့ အပြင် ရှေ့လာမယ့်အစိုးရအတွက် အခြေခံကောင်းတွေ အုတ်မြစ် ချနိုင်တော့မှာဖြစ်တဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျနော်တို့နဲ့ အခုလို ပြည့်ပြည့်ဝဝ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီခေါင်း ဆောင် များကိုလည်း ဂုဏ်ပြုလိုပါတယ်။

ဒီနေရာမှာ အရေးကြီးတဲ့အချက်တစ်ချက်ကို ထောက်ပြလိုပါတယ်။ အဲ့ဒါ ကတော့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို နောင်အစိုးရလက်ထက် မှာ ပြောင်းလွယ်ပြင်လွယ်ရှိရအောင် ကျနော်တို့ ရေးဆွဲနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အခုလို ရေးဆွဲနိုင်ခဲ့တာကြောင့် ရှေ့အနာဂတ်ခရီးမှာ ပြင်ဆင်စရာ ရှိတာ တွေကို အင်အားစုအားလုံးက သက်တောင့်သက်သာနဲ့ ပြင်ဆင်နိုင်ပြီး ကျနော်တို့နိုင်ငံအတွက်အရေးကြီးတာတွေကို ထည့်သွင်းဆောင်ရွက်သွားနိုင် မှာဖြစ်ပါတယ်။

ကျနော်တို့နိုင်ငံကြီးတစ်ခုလုံး ငြိမ်းချမ်းရေးအတွက် ကျနော်တို့အားလုံး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ် ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Myanmar Peace Center



No comments:

Post a Comment

My Blog List