Friday, December 18, 2015

‘‘ဒီးဒီက အမျိုးသမီးထုအကုန်လုံးကို ရည်စူးထားတာ။ အမေစုက အမျိုးသမီးတွေထဲမှာ တကယ့်ကို Heroဆိုတော့ အမေစုလည်းပါတာပေါ့’’ စန္ဒီမြင့်လွင်နှင့်တွေ့ဆုံခြင်း


သရုပ်ဆောင်ဘက်တွင် ပရိသတ်အသိအမှတ်ပြုမှုရရှိနေသကဲ့သို့ ဂီတဘက်တွင်လည်း တစ်ကိုယ်တော်စီးရီးသုံးခွေထွက်ရှိထားသည်အထိ အောင်မြင်မှုရရှိထားသည့် စန္ဒီမြင့်လွင်က ၎င်း၏ စတုတ္ထတစ်ကိုယ်တော်အခွေ 'Queen'ကို မကြာမီရက်ပိုင်းအတွင်း စတင်ဖြန့်ချိပေးတော့မည်ဖြစ်သည်။ ထို့အပြင် လာမည့် ၂၀၁၆ ဖေဖော်ဝါရီ တွင်လည်း ပထမဆုံးတစ်ကိုယ် တော်ဖျော်ဖြေပွဲပြုလုပ်မည်ဖြစ်သောကြောင့် စန္ဒီမြင့်လွင်ကို ၎င်း၏အနုပညာလှုပ်ရှားမှုများအကြောင်းနှင့် 'Queen' တေးစီးရီး အမည်ပေးဖြစ်ပုံတို့ကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဒီဇင်ဘာ ၂၀ ရက်မှာ စပြီးဖြန့်တော့မယ့် စတုတ္ထတစ်ကိုယ်တော်အခွေအတွက် အချိန်ဘယ်လောက်ယူပြီး စီစဉ်ခဲ့ရလဲ။ သီချင်းပုံစံတွေကကော အရင်အခွေတွေနဲ့ယှဉ်ရင် ဘယ်လိုအပြောင်းအလဲတွေရှိမလဲ။
တတိယတစ်ကိုယ်တော်အခွေ ‘ကလီယိုပါထရာ’ပြီးကတည်းက စီစဉ်နေတာ။ အဲဒီအချိန်ကတည်းက သီချင်းတွေ စစုနေတာ။ ကလီယိုပါထရာ အမ်တီဗီထွက်ပြီးတဲ့အချိန် ဇန်နဝါရီလောက်ကတည်းက စလုပ်နေတာ။ သီချင်းပုံစံတွေကတော့ အရင်အခွေတွေနဲ့ မတူဘူး။ ပြောင်းသွားမယ်လို့ထင်တယ်။ ဒီအခွေထဲမှာဟစ်ဟော့ပ်အတွက်လည်းပါသလို
ပေါ့ပ်တွေအတွက်လည်း ပါပါတယ်။ အေးအေးလေးတွေလည်း ပါပါတယ်။ အများကြီးပါပဲ။

ဒီအခွေကို 'Queen'လို့ပေးထားတာက အမျိုးသမီးထုကို ကိုယ်စားပြုပြီးပေးဖြစ်တာဆိုတော့ အခုနိုင်ငံရေးမှာ အမျိုးသမီးတစ်ယောက်ခေါင်းဆောင်ဖြစ်နိုင်တယ်ဆိုတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး ပေးဖြစ်တာလား။
ဒီးဒီက အမျိုးသမီးထုအကုန်လုံးကို ရည်စူးထားတာ။ အမေစု (ဒေါ်အောင်ဆန်းစုကြည်)က အမျိုးသမီးတွေထဲမှာ တကယ့်ကို Hero ဆိုတော့ အမေစုလည်းပါတာပေါ့။ ဒါပေမဲ့ ဒီးဒီပြောချင်တာက တစ်ဦးတစ်ယောက်တည်းကို ရည်ညွှန်းတာမဟုတ်ပါဘူး။ အားလုံးကို ရည်ညွှန်းတာပါ။

အရင်အခွေတွေမှာ ကိုယ်တိုင်ရေးတဲ့ သီချင်းတွေလည်းပါတော့ ဒီအခွေမှာကော ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေပါမလား။
‘ဟောလိဝုဒ်’ဆိုတဲ့သီချင်းမှာတော့ ဒီးဒီရက်ပ်လေးဝင်ရေးထား ပါတယ်။ ကိုယ်တိုင်ရေးထားတာတော့ အများကြီးမပါဘူး။ နောက်ပိုင်းဆိုရင်တော့ ပိုရေးဖြစ်မှာပါ။ အခုလောလောဆယ်တော့ သေချာမရေးဖြစ်သေးတာ။

အရင်အခွေတွေလည်း အတိုင်းအတာတစ်ခုအထိတော့ အောင်မြင်မှုရထားတာဆိုတော့ 'Queen' အတွက်ကိုကော ဘယ်လောက်မျှော်လင့်ထားလဲ။
အကောင်းဆုံးကြိုးစားထားပါတယ်။ အကောင်းဆုံးမျှော်လင့်ထားပါတယ်။ ကိုယ့်ကြိုးစားမှုနဲ့တန်တဲ့ တန်ပြန်သက်ရောက်မှုလည်းရမယ်လို့ မျှော်လင့်ပါတယ်။

စန္ဒီမြင့်လွင်ရဲ့ အခွေကာဗာပုံတွေက ခပ်မိုက်မိုက်ဒီဇိုင်းတွေနဲ့ရိုက် ဖြစ်တာက ကိုယ်တိုင်စဉ်းစားပြီး ရိုက်ဖြစ်တာလား။
တော်တော်များများကတော့ ဒီးဒီစဉ်းစားတာပဲများပါတယ်။ ကလီယိုပါထရာတုန်းက ဒီဇိုင်နာနဲ့စဉ်းစားတယ်။ ဒီဟာလည်း ဒီလိုပါပဲ။ စိတ်ကူးထဲမှာရှိတဲ့ပုံကို ရိုက်တယ်။ ရိုက်ပြီးတော့ ဘယ်လိုပုံစံလုပ်မယ်ဆိုတာကို ဒီဇိုင်နာကို ပြောပြတယ်။ သူကလည်း ဘယ်လိုလုပ်ရင်ပိုကောင်းမယ်ဆိုပြီး ကိုယ့်စိတ်ကူးကို ပုံဖော်ပေးတယ်။ တိုင်ပင်ပြီးလုပ်ဖြစ်တယ်။

တစ်ကိုယ်တော်အခွေတွေရဲ့ နာမည်တွေကိုကော ကိုယ်တိုင်ပဲ စဉ်းစားတာလား။
ဒီးဒီကိုယ်တိုင်ပေးဖြစ်တာ များပါတယ်။ ဆေးရောင်လှလှခြယ်ရအောင်ကတော့ ကိုရသ တိုင်တယ်ပေးတာ။ ရှော့ခ်ကကျတော့ ကိုနေဝင်းတို့ သီချင်းကို ကြိုက်လို့ဆိုပြီး သူတို့ကတော့ ပေးပါမပြောဘူး။ ကိုယ့်ဟာကိုယ်ပေးလိုက်တာ။ ကလီယိုပါထရာတုန်းကလည်း ကိုယ့်ဟာကိုယ် စဉ်းစားပြီးပေးတာ။ Queen လည်း အဲဒီလိုပါပဲ။ ကိုယ့်ဟာကိုယ် စဉ်းစားပြီးပေးတာ။

အခွေထွက်ရင် ပရိုမိုးရှင်းပွဲတွေလည်း လုပ်တာဆိုတော့ Queen ရဲ့ ပရိုမိုးရှင်းပွဲတွေကော ဘယ်မှာလုပ်ဖြစ်မှာလဲ။
အခွေထွက်မယ့် ၂၀ ရက် ညနေ ၃ နာရီကနေ ၅ နာရီအထိ ပထမဆုံးဝယ်တဲ့ အယောက်တစ်ရာကို ဒီးဒီရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲလက်မှတ်တွေပေးမယ်။ မန္တ လေးမှာ မလုပ်ဖြစ်ဘူး။ မေမြို့ပန်းပွဲတော်မှာတော့ လုပ်ဖြစ်တယ်။ ပန်းပွဲမှာ ဖျော်ဖြေပွဲမစခင် နေ့လယ် ၁၁ နာရီလောက်မှာ လက်မှတ်ရောင်းတဲ့နေရာနဲ့ မျက်နှာချင်းဆိုင် နန်းမြင့်မျှော်စင်အတက်မှာ လက်မှတ်ထိုးမယ်။ အဲဒါပြီးရင် တောင်ကြီးကို Kenebo ပွဲသွားစရာရှိတော့ တောင်ကြီးမှာတော့ လုပ်ဖြစ်မလားမသိဘူး။

အွန်လိုင်းကနေ ဖြန့်ထားတဲ့ ချစ်နေတုန်းပဲ Version 2 လည်း ဒီအခွေမှာ ပြန်ပါမှာဆိုတော့ ဘာတွေအပြောင်းအလဲလုပ်ထားလဲ။
အတီးပိုင်းကိုတော့ နည်းနည်းပြန်တီးထားတယ်။ အရမ်းကြီးပြောင်းလဲထားတာတော့မရှိဘူး။ Vresion 2 ပုံစံအတိုင်းပဲ ပြန်ထည့်ထားတယ်။

အခုနောက်ပိုင်းမှာ သီချင်းတွေကို အွန်လိုင်းကဖြန့်တာက အဆိုတော်တွေအတွက် ဘယ်လိုအားသာချက်တွေရှိလဲ။
လောလောဆယ်တော့ အဲဒီအကျိုးအမြတ်တွေကို သေချာတော့မသိသေးဘူး။ အခွေမထွက်သေးခင် အွန်လိုင်းကရောင်းတာက အနည်းနဲ့အများတော့ အကျိုးရှိပါတယ်။ ဒါပေမဲ့ Official အခွေ ထွက်တာနဲ့တော့ မတူဘူးပေါ့။ Official အခွေထွက်တာကတော့ ပိုထိရောက်ပါတယ်။

အခွေအသစ်တွေထွက်ပြီး အချိန်သိပ်မကြာဘဲ အွန်လိုင်းမှာ အခမဲ့ဒေါင်းလို့ရနေတာနဲ့ပတ်သက်ပြီးတော့ကော ပရိသတ်တွေကို ဘာပြောချင်တာမျိုးရှိမလဲ။
ဒါကတော့ အွန်လိုင်းရှိနေရင် အင်တာနက်ရှိနေရင်တော့ ရောက်မှာပဲလေ။ အဲဒါက ဘယ်လိုမှ ပြောလို့မရဘူး။ ကိုယ့်ကိုချစ်လို့၊ ကိုယ့်ကိုကြိုက်လို့ Share ကြတယ်။ အွန်လိုင်းမှာ ဖွင့်ကြတယ်။ ဒေါင်းလုတ်လုပ်ကြတာက ဒီးဒီတို့
တားလို့ရတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအဆိုတော်ကို တကယ်ချစ်တယ်၊ Respect ရှိတယ်ဆိုရင်တော့ သေချာဝယ်ပြီး သိမ်းထားမှာပေါ့။ ဒါကလေးစားမှုတစ်ခုပေါ့။ နားထောင်တာကတော့ ဘယ်နေရာမှာမဆို နားထောင်လို့ရတာပဲလေ။ ကိုယ့်ကိုတကယ်ချစ်တယ်ဆိုရင်တော့ ကိုယ့်အခွေတွေရော၊ ကာဗာတွေရော ကိုယ့်ပုံပါတဲ့ စီဒီအစစ်ကို ဝယ်သိမ်းမှာပဲ။ ဒီးဒီတို့ဆိုရင် နိုင်ငံခြားက ကိုယ်တကယ်ကြိုက်တဲ့ အဆိုတော်ရဲ့အခွေအစစ်ကို ဝယ် သိမ်းရတာကိုက စိတ်ထဲမှာ အရမ်းဖီလင်ဖြစ်တယ်။

ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ဖို့ရှိတော့ တစ်ကိုယ်တော်ပွဲမှာ ဘယ်လိုဖျော်ဖြေမယ်ဆိုပြီး စဉ်းစားထားတာမျိုးရှိလဲ။ တခြားအဆိုတော်တွေရဲ့ ဖျော်ဖြေပွဲတွေကိုကော ကြည့်ဖြစ်လား။
အကောင်းဆုံးဖြစ်အောင်လုပ်မယ်လို့ စဉ်းစားထားပါတယ်။ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားမှာပါ။ ကိုယ်ကြိုက်တဲ့ အဆိုတော်တွေရဲ့ပွဲတွေကိုတော့ အမြဲတမ်းကြည့်ဖြစ်ပါတယ်။ သွားပြီးကြည့်တာတော့ မကြည့်ဖူးသေးဘူး။ အခွေပဲကြည့်ဖြစ်တာများတယ်။ အခုနောက်ပိုင်းတော့ တော်တော်များများ ကြည့်ဖြစ်တယ်။ ဒီးဒီက Show ပွဲ ဆိုထားတာတွေဆို အရမ်းကြိုက်တယ်။

တစ်ကိုယ်တော်ပွဲဆိုတာ အဆိုတော်တစ်ယောက်အတွက် မှတ်တိုင်တစ်ခုဆိုတော့ ဒီဖျော်ဖြေပွဲက စန္ဒီမြင့်လွင်အတွက် ဘယ်လိုစိန်ခေါ်မှုတွေရှိမလဲ။
ပြောတာနဲ့ကို ကြောက်နေတယ်။ အဲဒီအကြောင်း စင်ပေါ်မှာ ပြောတာနဲ့တင် လန့်နေတာဆိုတော့ ပွဲကျရင်တော့ စဉ်းတောင်မစဉ်းစားရဲဘူး။ ဒါပေမဲ့ ကိုယ့်ဘက်က အကောင်းဆုံးကြိုးစား ပြင်ဆင်ပြီးမှသာ ပရိသတ်ရှေ့ကိုထွက်ပြမှာပါ။

အခုနောက်ပိုင်း သူငယ်ချင်းတွေနဲ့ Gym ဆော့တာလည်း တွေ့ရတယ်။ အရင်ကတည်းက ဆော့တာလား။ ဒါမှမဟုတ် တစ်ကိုယ်တော်ပွဲရှိလို့ လေ့ကျင့်ဖြစ်တာလား။
အရင်တုန်းကလည်း ဆော့ဖြစ်ပါတယ်။ Gym ဆော့ရတာကိုလည်း ကြိုက်တယ်။ ဒါပေမဲ့ တစ်ကိုယ်တော်ပွဲနီးတော့ ဆရာနဲ့သေချာပြန်ဆော့ဖြစ်တယ်။ အချိန်လည်းပေးဖြစ်တယ်။

သရုပ်ဆောင်ပိုင်းမှာ ပရိသတ် အားပေးမှုရထားပေမယ့် ဆက်မလုပ်ဖြစ်တာက ဘာကြောင့်လဲ။ အဆိုဘက်ကိုပဲ ဦးစားပေးလုပ်ဖြစ်နေလို့လား။ သရုပ်ဆောင်အလုပ်ကို ဆက်လုပ်ဖို့ရှိမလား။
အဲဒီလိုတော့မဟုတ်ပါဘူး။ မင်းသမီးကျတော့ ခေါ်ရိုက်ရမယ့်သူလည်းများတယ်လေ။ နောက်ပိုင်း သီချင်းဆိုတဲ့ဘက်ကို ဦးစားပေးလိုက်တဲ့အချိန်မှာ အဆက်အသွယ်နည်းနည်းပြတ်သွားတာပါပါတယ်။ အဲဒီမှာ ကားမရိုက်တော့ဘူး ထင်ကြတာ။ ဒီးဒီနဲ့လိုက်ဖက်တာ တွေပါရင်တော့ လုပ်ဖြစ်မှာပါ။

ကျေးဇူးတင်ပါတယ်။

7Day News Journal

No comments:

Post a Comment

My Blog List