Sunday, March 09, 2014

ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စု ညီလာခံ ပေါ်ပေါက်ရေး ၈၈ နဲ့ NCCT သဘောတူ


အပစ်အခတ် ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးပမ်းဖော်ဆောင်ကြဖို့နဲ့ နိုင်ငံရေးအင်အားစုတွေ အားလုံးပါဝင်တဲ့ ပြည်ထောင်စုညီလာခံတစ်ခု ပေါ်ပေါက်လာအောင် ပူးပေါင်းကြိုးစားဖို့ဆိုတဲ့ အချက် ၂ ချက်ကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ သဘောတူဆုံးဖြတ်လိုက်ကြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ရဲ့ ခေါင်းဆောင်တွေနဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ခေါင်းဆောင်တွေ မနေ့ညနေပိုင်းက ရန်ကုန်မြို့ M3 စားသောက်ဆိုင်မှာ တွေ့ဆုံဆွေးနွေး ဆုံးဖြတ်ခဲ့ကြတာလို့  ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီး က ပြောပါတယ်။

"ငြိမ်းချမ်းရေးဖြစ်စဉ် အားကောင်းလာအောင် ပြီးတော့ နိုင်ငံရေးအရ အရေးပါတဲ့လူတွေအားလုံး ပါဝင်တဲ့ ပြည်ထောင်စု ညီလာခံကြီးတစ်ခု ပေါ်ပေါက်လာဖို့ အဲဒီကိစ္စမှာ ကျနော်တို့ အပြုသဘောဆောင် တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်၊ အဲဒီအတွက်ကိုလည်း ကျနော်တို့ ပူးတွဲဆောင်ရွက်သွားကြမယ်"

အဲဒီတွေ့ဆုံမှုမှာ ၈၈ မျိုးဆက်အဖွဲ့က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုအံဘွယ်ကျော်၊ ကိုမြအေးတို့ ပါဝင်ခဲ့သလို၊ NCCT အဖွဲ့က UNFC အထွေထွေအတွင်းရေးမှူး ဦးနိုင်ဟန်သာ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ခေါင်းဆောင် ဦးခွန်ဥက္ကာ၊ ကရင်နီတိုးတက်ရေးပါတီက ဦးဆွေမျိုးသန့်၊ ချင်းအမျိုးသား လွတ်မြောက်ရေးတပ်ဦးက ဆလိုင်းလျှံမုံး၊ ကချင်လွတ်မြောက်ရေးအဖွဲ့က ဗိုလ်မှူးကြီး ဆင်ဝါး၊ ရခိုင်အမျိုးသမီးအဖွဲ့ခေါင်းဆောင် ဒေါ်စောမြရာဇာလင်းတို့ ပါဝင်ကြတယ်လို့ သိရပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List