Monday, March 10, 2014

ဟီလာရီ ကလင်တန်နှင့် လော်ရာဘုရှ်တို့ ဒေါ်အောင်ဆန်းစုကြည် အတွက် ဖောင်ဒေးရှင်း တည်ထောင်

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသည့် အနေနှင့် မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ထောက်ပံ့မည့် “စု” ဖောင်ဒေးရှင်းကို အမေရိကန် ပြည်ထောင်စု ထိပ်သီး အမျိုးသမီး ခေါင်းဆောင် ဟီလာရီ ကလင်တန်နှင့် သမ္မတဟောင်း ကတော် လော်ရာဘုရှ်တို့က ဦးဆောင်၍ မတ်လ ၉ ရက်နေ့တွင် စတင် တည်ထောင် လိုက်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း အတွက် ပံ့ပိုးပေးသော East-West Center ၏ အလုပ်အမှုဆောင် Dr.Jerrold က ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသည့် အနေနှင့် အဆိုပါ ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ရန်ပုံငွေ လိုအပ်ချက် အတွက် East-West Center က ထောက်ပံ့မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ကျန်းမာရေးနှင့် ပညာရေး လိုအပ်ချက် ဖြည့်ဆည်းပေးရန် လိုအပ်သောကြောင့် ယင်းကဏ္ဍများကို ကူညီရန် ထူထောင်ခြင်း ဖြစ်ပြီး ကလေးတိုင်း ပညာသင်ကြားခွင့်နှင့် ကျန်းမာရေး စောင့်ရှောက်ခွင့် ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Dr.Jerrold က ပြောဆိုသည်။

“မျိုးဆက်သစ်တွေ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ တာဝန်ယူမှု ရှိပြီးတော့ ဦးဆောင်နိုင်စွမ်း ရှိတဲ့ သူတွေကို ဒီဖောင်ဒေးရှင်းက မွေးထုတ်ပေးမယ်” ဟု နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယင်းအပြင် အဆင့်မြင့် ပညာရေးတွင် သုတေသန လုပ်ငန်းများနှင့် နိုင်ငံတကာအဆင့် မီစေရန် ကူညီသွားမည် ဖြစ်ကြောင်း၊ အခြေခံနှင့် အဆင့်မြင့် ပညာရေးအပြင် သတင်းနှင့် စာနယ်ဇင်းအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများ ဖွင့်လှစ်ပေးရန်လည်း ရှိကြောင်း အဆိုပါ ဖောင်ဒေးရှင်း ထံမှ သိရသည်။

အဆိုပါ ဖောင်ဒေးရှင်း ဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က လူသား အရင်းအမြစ် အတွက် သတင်းနှင့် စာနယ်ဇင်း စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများ ကိုလည်း ဖွင့်လှစ်ပေးရန် ရှိကြောင်း ပြောဆိုသည်။

စုဖောင်ဒေးရှင်းကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စဟီလာရီ ကလင်တန်နှင့် အမေရိကန် သမ္မတဟောင်း ကတော် မစ္စလော်ရာဘုရှ်တို့က ပူးတွဲ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားခြင်း ဖြစ်သည်။

ယင်းဖောင်ဒေးရှင်း ဖွင့်လှစ်ကြောင်းကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသော ဒေသတွင်း မီဒီယာ လွတ်လပ်ခွင့် ဆွေးနွေးပွဲတွင် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List