Friday, March 14, 2014

နာမည်ကျော် ဗြိတိန် Harrow School မြန်မာတွင် ဖွင့်မည်

ကမ္ဘာပေါ်တွင် ငါးကျောင်းသာ ရှိပြီး ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ၊ အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း ပန်ဒစ်နေရူး၊ ဂျော်ဒန်ဘုရင် ဟူစိန်စသည့် ကမ္ဘာကျော် ပုဂ္ဂိုလ်များကို မွေးထုတ်ပေးခဲ့သော Harrow School ပုဂ္ဂလိက ကျောင်းကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်သွားမည် ဖြစ်ဖြစ်ကြောင်း ကျောင်းတာဝန်ယူ ဖွင့်လှစ်မည့် ရိုးမကုမ္ပဏီ ထံမှ သိရသည်။
အဆိုပါ ကျောင်းကို ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ်တွင် ရိုးမအုပ်စုက တည်ဆောက်ထား သည့် ပန်းလှိုင်ဂေါက်ကွင်း အိမ်ရာ (Pan Hlaing Golf Estate) တွင် ဖွင့်လှစ်မည် ဖြစ်ကာ ဗြိတိန် သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပြီး Harrow International Management Services က တာဝန်ယူ စီမံခန့်ခွဲ သွားမည်ဟု အဆိုပါ ကုမ္ပဏီများ ထံမှ သိရှိရသည်။

ပန်းလှိုင်ဂေါက်ကွင်း အိမ်ရာအတွင်းရှိ လေးဧက ကျယ်သည့် မြေနေရာတွင် အဆိုပါ စာသင်ကျောင်း ဖွင့်လှစ်ရန် အချို့ အချက်အလက်များကို အစိုးရပိုင်းနှင့် ညှိနှိုင်း ဆွေးနွေးမှုများ မပြီးပြတ်သေးကြောင်း Yoma Strategic Holdings ကုမ္ပဏီထံမှ သိရသည်။

နိုင်ငံခြားသားများ ပြည်တွင်းသို့ ပိုမို ဝင်ရောက်လာချိန် မြန်မာနိုင်ငံသား များလည်း အဆင့်မီ နိုင်ငံ တကာ ကျောင်းများတွင် အပ်နှံမှု များလာသောကြောင့် နိုင်ငံတကာ ကျောင်းပညာရေး ဈေးကွက်အတွင်း စီးပွားရေး လုပ်ငန်းရှင်များ ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ် လာကြခြင်း ဖြစ်နိုင်ကြောင်း အငြိမ်းစား အထက်တန်း ကျောင်းအုပ်ကြီး ဦးကျော်ဝင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ် ကလေး ၈ ဒသမ ၅ သန်း ရှိပြီး နိုင်ငံအတွင်း ဖွင့်လှစ်ထားသည့် ထိပ်တန်း နိုင်ငံတကာကျောင်း ငါးကျောင်းတွင် ပညာ သင်ကြားနေသူ ကျောင်းသား အရေအတွက်မှာ ၃၂၀၀ ဦး ရှိသည်။

၁၅၇၂ ခုနှစ်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် စတင်တည်ထောင်ခဲ့သည့် Harrow School သည် လန်ဒန် တွင် နှစ်ကျောင်း၊ တရုတ်နိုင်ငံ၊ ဘေဂျင်းတွင် တစ်ကျောင်း၊ ဟောင်ကောင်တွင် တစ်ကျောင်းနှင့် ဘန်ကောက်တွင် တစ်ကျောင်းသာ ဖွင့်လှစ်ထားပြီး ဝင်စတန်ချာချီ အပါအဝင် ဗြိတိန် ဝန်ကြီးချုပ် ခြောက် ဦး၊ အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း ပန်ဒစ်နေရူး၊ ဂျော်ဒန်ဘုရင် ဟူစိန်၊ ထိုင်းဘုရင့် မျိုးနွယ်များနှင့် ကမ္ဘာကျော် အနုပညာရှင်များ၊ နိုင်ငံရေး ခေါင်းဆောင် များကို မွေးထုတ်ပေးခဲ့သည့် အစဉ်အလာရှိ ထိပ်တန်းကျောင်း တစ်ကျောင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List