Thursday, March 13, 2014

လုပ်ငန်းရှင်တွေကို ပြစ်ဒဏ်ပေးနိုင်တဲ့ ဥပဒေကြမ်း ဆွေးနွေဖို့ လွှတ်တော်သဘောတူ


အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခတွေမှာ ခုံသမာဓိကောင်စီနဲ့ ခုံသမာဓိအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်နာတဲ့ အလုပ်ရှင်တွေကို ပြစ်ဒဏ်ပေးနိုင်တဲ့ ဥပဒေကြမ်းကို ဒီနေ့ ပြည်သူ့လွှတ်တော်က ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
၂၀၁၂ ခုနှစ် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေမှာ ငွေဒဏ်သာပါရှိပြီး ထောင်ဒဏ် မပါတာကြောင့် ထောင်ဒဏ်တွေ ထည့်သွင်းလိုက်တဲ့အခါ အလုပ်ရှင်တွေဘက်က ပိုမိုလိုက်နာလာနိုင် တယ်လို့ ယူဆကြောင်း အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထင်အောင်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

"နေပြည်တော်ကောင်စီနယ်မြေနှင့် နောင်ဖြစ်ပေါ်လာမယ့် ပြည်ထောင်စုနယ်မြေများအတွင်းမှာ နောင်ဖြစ်ပေါ်လာမယ့် အငြင်းပွားမှုများကို ဖြေရှင်းနိုင်ဖို့အတွက် ခုံသမာဓိအဖွဲ့နဲ့ ခုံသမာဓိကောင်စီတို့က ချမှတ်ခဲတဲ့ ဆုံးဖြတ်ချက်များကို အလုပ်ရှင်၊ အလုပ်သမားတို့က လိုက်နာဆောင်ရွက်ရာမှာ အလုပ်ပြန်လည်ခန့်အပ်စေ ဖို့ ဆုံဖြတ်ချက်ကို တချို့သောအလုပ်ရှင်များက လိုက်နာမှုအားနည်းတာကြောင့် လိုက်နာဆောင်ရွက် လာစေဖို့အတွက် ပြဌာန်းထားတဲ့ ဥပဒေရဲ့ ပြစ်ဒဏ်သတ်မှတ်ချက်များမှာလည်း ငွေဒဏ်သာပါ ရှိပြီး ထောင်ဒဏ်သတ်မှတ်ချက် မပါရှိတာကြောင့် ထောင်ဒဏ်ကိုပါ ထည့်သွင်းသတ်မှတ်ခြင်းဖြင့် ပိုမိုလိုက်နာဆောင်ရွက်မှု ရှိလာမှာဖြစ်ပြီး ဟန့်တားရာမှာ ထိရောက်တဲ့ပြစ်ဒဏ်ဖြစ်စေဖို့ ရည်ရွယ်ပြီး ခုလိုပြင်ဆင်ရေးဆွဲရခြင်းဖြစ်ပါတယ်"

အလုပ်ရှင်၊ အလုပ်သမားအကြား အငြင်းပွားစရာကိစ္စတွေကို ဖြေရှင်းပေးရာမှာ ခုံသမာဓိကောင်စီနဲ့ ခုံသမာဓိအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်တွေထဲက အလုပ်ပြန်လည်ခန့်အပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာတဲ့ အလုပ်ရှင်တချို့ ရှိနေတယ်လို့ သိရပါတယ်။ အဲဒီလိုဖြစ်ရတာဟာ ပြစ်ဒဏ်ပိုင်းမှာ အားနည်းနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းမှာ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို အလုပ်ရှင်ဘက်က မပျက်မကွက် ဆွေးနွေးညှိနှိုင်းပေးရမှာဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းနေချိန်မှာ အလုပ်မပိတ်ရ သတ်မှတ်ထားသလို အဲ့ဒီအချက်တွေကို ပျက်ကွက်ရင် ထောင်ဒဏ် ၃ လအထိ၊ သို့မဟုတ် ငွေ ကျပ် တစ်သိန်းအထိ သို့မဟုတ် နှစ်ရပ်လုံးကျခံရမှာ ဖြစ်ပါတယ်။

မူလဥပဒေမှာ ငွေဒဏ် အနည်းဆုံး ၃သောင်းကနေ အများဆုံး ၁ သိန်း ပေးဆောင်ရမယ် လို့သာ ပြဌာန်းထားတာ ဖြစ်ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List