Wednesday, March 12, 2014

ဒုချီးရားတန်းဖြစ်စဉ်၌ လူများစွာ သေဆုံးသည်ဟူသည့် သတင်းနှင့် ပတ်သက်ပြီး သက်သေမတွေ့ရဘဲ ဖြစ်စဉ်နောက်ပိုင်း မီးလောင်မှုမှာ နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်နိုင်ဟု စုံစမ်းစစ်ဆေးရေးကော်မရှင် ထုတ်ပြန်


ဇန်န၀ါရီ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခရေမြိုင်ရဲကင်းမှ လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးနေသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံ တကာ သတင်းဌာနများ၊ နိုင်ငံတကာ အဖွဲ့အစည်းအချို့နှင့် အင်တာနက် သတင်းစာမျက်နှာ စသည်တို့ တွင် ပြောဆိုဖော်ပြသကဲ့သို့ လူများစွာ သေဆုံးသည်ဟူသည့်သတင်းနှင့် ပတ်သက်ပြီး တိကျသေချာသော သက်သေ မတွေ့ရှိခဲ့ရသော်လည်း ဖြစ်စဉ်နောက်ပိုင်း မီးလောင်မှုမှာ နိုင်ငံရေးရည်ရွယ်ချက်တစ်ရပ်ဖြင့် တိုက်ခိုက်လိုသည့် အဖွဲ့အစည်းတစ်ခု၏ ပြုလုပ်ခြင်း ဖြစ်နိုင်သည်ဟု မတ် ၁၁ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ဒုချီးရားတန်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ဒုချီးရားတန်းရွာ အရေးကိစ္စဖြစ်စဉ် ဖြစ်ရပ်အမှန် ပေါ်ပေါက်အောင် စစ်ဆေးရန် စုံစမ်းစစ်ဆေးရေး ကော် မရှင်ကို နိုင်ငံတော်သမ္မတရုံးမှ ဖေဖော်ဝါရီ ၆ ရက်က အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကော်မရှင်
အဖွဲ့ဝင်များ အနေဖြင့် မောင်တောမြို့နယ်အတွင်း အခင်းဖြစ်ပွားရာဒေသရှိ ဒေသခံများနှင့် အစိုးရ တာဝန်ရှိသူများကို တွေ့ဆုံမေးမြန်းခြင်း၊ နယ်မြေအတွင်းရှိ အခင်းဖြစ်စဉ်များအပေါ် တိုက်ရိုက်လေ့လာမှု များကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၁ ရက်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေက “ကျွန်တော်တို့အနေနဲ့ အထောက်အထားအပေါ်မှာ မူတည်ပြီးတော့ပဲ သုံးသပ်ချက်ကို ထုတ်ပါတယ်။ အထောက်အထား မရှိတဲ့ဟာ ဘယ်လိုလုပ်သွားပြီး သုံးသပ်လို့ရမလဲ” ဟု ပြောကြားသည်။

မြေပြင်စုံစမ်း တွေ့ရှိချက်များအရ ပျောက်ဆုံးနေသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းသည် လက်နက်နှင့်အတူ ပျောက်ဆုံးနေဆဲဖြစ်ပြီး ၎င်း၏အခြေအနေမှာ အသက်ရှင်သန်နိုင်ရန် အခွင့်အလမ်း နည်းပါးနိုင်ကြောင်း၊ ဒုချီးရားတန်း အနောက်ကျေးရွာ မီးလောင်မှုသည် ရဲတပ်ဖွဲ့ဝင်များ၏ ပယောဂ ထက် နိုင်ငံရေးရည်ရွယ်ချက် တစ်ရပ်ဖြင့် တိုက်ခိုက်လိုသည့် အဖွဲ့အစည်းတစ်ခု၏ ပြု လုပ်ခြင်းဖြစ်နိုင်ကြောင်း ဒုချီးရားတန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်သည့် နိုင်ငံဖြစ်သောကြောင့် မတူညီမှုများ ရှိသော်လည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး နည်းလမ်းများ ရှာဖွေသွားရန်နှင့် အမျိုးဘာသာ သာသနာကို ရိုးရိုးသားသား ချစ်ခင်မှုကို အကြောင်းပြုပြီး နိုင်ငံရေးအရ အသုံးချ၊ အမြတ်ထုတ်မှုများ မပြုလုပ်သင့်ကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ၈၈ မျိုးဆက်ငြိမ်းချမ်ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောကြားထားသည်။

ဒုချီးရားတန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်ဖြစ်သူ မောင်တောဒေသခံ ဦးလှသိန်း (ခ) မော်ဂျီဟူလာက “ဒုချီးရားတန်းဖြစ်စဉ်မှာ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ လူများစွာသေတယ်ဆိုတဲ့ ကိစ္စမှာ ကျွန်တော်တို့ စစ်ဆေးတွေ့ရှိချက်မှာ ကျွန်တော်တို့သွားပြီး စစ်ဆေးတဲ့အချိန်မှာ သူတို့ရွာသားတွေ တင်ပြတာက အမျိုးသမီးတွေ တင်ပြတာပဲရှိတယ်။

လူသေတယ်ဆိုတာ ပြောတာပဲရှိတယ်။ ဒေါက်တာသာလှရွှေ ပြောသလိုပေါ့ သေတာပြုတာတော့ ကျွန်တော်တို့စုံစမ်းတော့ သူတို့ပြောတာပဲ ရှိတယ်။ ကျွန်တော်တို့ သူတို့ပြောတဲ့ နေရာတွေကို လိုက်ကြည့်တာရှိတယ်။ မတွေ့ရှိခဲ့ပါဘူး။ သူတို့ပြောတာကိုပဲ ကျွန်တော်တို့ နားထောင်တာပဲရှိတယ်။ ကြားတာပဲရှိတယ်” ဟုဆိုသည်။

မောင်တောမြို့နယ် ဒုချီးရားတန်းရွာဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများကို ဆက်သွယ် အတည်ပြုခြင်း မရှိဘဲ AP သတင်းဌာနနှင့် ဧရာဝတီ သတင်းဌာနတို့က မောင်တောမြို့နယ် ဒုချီးရားတန်းတွင် ဇန်န၀ါရီ ၁၄ ရက်က အကြမ်းဖက်မှုတစ်ရပ် ဖြစ်ပွားခဲ့သည့်အတွက် မွတ်စလင် အမျိုးသမီးများနှင့် ကလေးငယ်များ အသတ်ခံရကြောင်း မောင်တောမြို့နယ် ဒေသခံတစ်ဦး၏ အဆို အရ သေဆုံးသူ ၄၀ ခန့်ရှိကြောင်း၊ သေဆုံးသူအချို့၏ ဒဏ်ရာများမှာ ဓားဒဏ်ရာများသာဖြစ်ကြောင်း တစ်ဖက်သတ် စွပ်စွဲဖော်ပြခဲ့ခြင်းသည် သတင်းမှားများသာဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့ပြီး သတင်းအမှားများ အသုံးပြုကာ သတင်းဖော်ပြခြင်း၊ သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်နေသည့် သတင်း ဌာနများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် ရခိုင်ဒေသပြဿနာကို ပိုမိုရှုပ်ထွေးအောင် လုပ်နေသကဲ့သို့ ဖြစ်နေသည်ဟု အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မီဒီယာများအနေဖြင့် ဒုချီးရားတန်းဖြစ်စဉ်ကိစ္စကို ရေးသားဖော်ပြရာတွင် ယင်းဒေသ၌ လွန်ခဲ့သောနှစ်ပေါင်း များစွာက ဖြစ်ပွားခဲ့သည့် အခြေအနေများကို စဉ်းစားပြီး သေချာကျနမှန်ကန်စွာ ရေးပေးရန် လိုအပ်ကြောင်းနှင့် ဒုချီးရားတန်းဖြစ်စဉ် တစ်ခုတည်းကိုသာ ကွက်၍စဉ်းစားရေးပါက အဖြေထက် ပြဿနာ များ ဖြစ်လာနိုင်သည်ဟု စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့မှ ဥပဒေပညာရှင် ဒေါက်တာဆလိုင်းငွန် ကျုံးလျန်က ပြောကြားသည်။


Eleven Media Group

No comments:

Post a Comment

My Blog List