Wednesday, March 12, 2014

ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ တွေ့ဆုံမည်


နိုင်ငံရေးပါတီ ၁၁ ပါတီစုပေါင်း ဖွဲ့စည်းထားသည့် ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (FDA) ၏ မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းပြရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကိုယ်စားပြု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း FDA အဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲကို ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေးစင်တာ၌ ယနေ့ (မတ်လ ၁၂ ရက်) ပြုလုပ်မည်ဖြစ်ပြီး FDA နှင့် NCCT တို့၏ ပထမဆုံး တွေ့ဆုံပွဲ ဖြစ်ကြောင်း၊ နိုင်ငံရေးဆိုင်ရာ ရပ်တည်ချက်၊ ရှေ့ လုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြား သည်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ နိုင်ငံရေး ယုံကြည်မှု တည်ဆောက်ပြီးတော့ အောင်မြင်အောင် ဆက်သွားဖို့ တိုက်တွန်းမယ်” ဟု ဦးခင်မောင်ဆွေက ရှင်းပြသည်။

ဘားအံငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြိုအဖြစ် အစိုးရနှင့် အလွတ်သဘော လာရောက် တွေ့ဆုံသည့် NCCT အဖွဲ့အနေနှင့် FDA အပါအဝင် အခြားနိုင်ငံရေးဆိုင်ရာ ပါတီ၊ အဖွဲ့အစည်းများကို တွေ့ဆုံရန် စီစဉ်ထားပြီး ၈၈ မျိုးဆက် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ပြော ကြားသည်။

တိုင်းရင်းသားများ ကိုယ်စားပြု NCCT နှင့် FDA တို့ ယခုတွေ့ဆုံပွဲမှာ ပထမဆုံးအကြိမ် ဖြစ်သော်လည်း FDA အဖွဲ့ဝင် ပါတီအချို့မှာ ၂၀၁၃ ခုနှစ်အတွင်း ချင်းမိုင်မြို့၌ တိုင်းရင်းသား လက်နက်ကိုင် အများအပြားနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ တွေ့ဆုံ ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List