Friday, March 14, 2014

သမ္မတ၏ ခွင့်ပြုချက်ဖြင့် ငွေကျပ်သန်းပေါင်း ၁၆၀၀၀ ကျော် အစိုးရအဖွဲ့ ထုတ်သုံး


ဘဏ္ဍာငွေ မလုံလောက်ခြင်းနှင့် နှစ်စဉ် ကြုံတွေ့နေရသော မြန်မာနိုင်ငံ အစိုးရ အဖွဲ့သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ခွင့်ပြုချက်ဖြင့် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘဏ္ဍာငွေမှ ၁၆၇၃၂ ဒသမ ၂၁၉ သန်း ထုတ်ယူ သုံးစွဲထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
အဆိုပါ သုံးစွဲငွေ စာရင်းကို အတည်ပြု မှတ်တမ်း တင်ပေးရန် နိုင်ငံတော် သမ္မတက မတ် ၁၃ နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ အကြောင်းကြားစာ ပေးပို့လိုက်ခြင်း ဖြစ်သည်။

သုံးစွဲငွေတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက တောင်ငူခရိုင် ပဲခူး-စစ်တောင်း တူးမြောင်း ပြန်လည် တူးဖော်ရေး အတွက် ကျပ် ၁၁၂၅၀ သန်း၊ လက်ပံတန်း ဆည်မြောင်း၊ တာတမံ၊ ရေကာတာများ မိုးရာသီ လုံခြုံရေးအတွက် ကျပ် ၆၈ ဒသမ ၈၀၀ သန်း၊ မန္တလေးတိုင်းရှိ ထီးလှိုင်ကန် ပြုပြင်ခြင်း လုပ်ငန်းအတွက် ကျပ်သန်း ၂၀၀၀၊ တောင်သာမြို့နယ် ဇဂျမ်း၊ ကန်မြဲ နယ်မြေရှိ သောက်ရေနှင့် စိုက်ပျိုးရေ ရရှိရေး အတွက် ကျပ်သန်း ၃၉၀ နှင့် ပဲခူးတိုင်း တောင်ငူခရိုင် အတွင်း စစ်တောင်းမြစ်ရေ လွှမ်းမိုးမှုကို ကာကွယ်နိုင်ရေး အတွက် ကျပ် ၈၀၃ ဒသမ ၃၅၀ သန်းတို့ကို ထုတ်ယူ သုံးစွဲထားကြောင်း သမ္မတ၏ အဆိုပါ အကြောင်းကြားစာတွင် ပါရှိသည်။

ထို့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ကျပ် ၁၀၇ ဒသမ ၁၀၄ သန်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ၂၁၇ ဒသမ ၂၀၀ သန်း၊ ပို့ဆောင်ရေး ဝန်ကြီးဌာနမှ စစ်ကိုင်းတိုင်း၊ ကလေးခရိုင် ကမ်းပြိုမှုအတွက် ၃၂၇ ဒသမ ၃၄၀ သန်း၊ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် ကမ်းပြိုခြင်း အတွက် ၁၆၇ ဒသမ ၂၀၀ သန်း၊ ဧရာဝတီတိုင်း၊ ကန်ကြီးဒေါင့်မြို့ ကမ်းပါးပြိုခြင်း အတွက် ၂၀၆ ဒသမ ၃၀၀ သန်း၊ လပွတ္တာ-သင်္ကန်းကြီး ကားလမ်း ကမ်းပါးပြိုကျမှု အတွက် ၂၇၅ ဒသမ ၉၀၀ သန်းကို ထုတ်ယူ သုံးစွဲထားခြင်း ဖြစ်ကြောင်း အဆိုပါ အကြောင်းကြားစာ အရ သိရှိရသည်။

ယင်းငွေများကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ လမ်းတံတား အရေးပေါ် ပြုပြင်ခြင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အရေးပေါ် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့က ဆိုသည်။

အခြေခံဥပဒေတွင် နိုင်ငံတော် သမ္မတက နိုင်ငံအတွင်း အရေးပေါ် ကိစ္စများနှင့် လိုအပ်ချက်များ ရှိပါက ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ သီးသန့် ထုတ်ယူ သုံးစွဲနိုင်ကြောင်း ဖော်ပြထားသည်။

ယင်းသုံးစွဲငွေစာရင်းကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း နာယက သူရ ဦးရွှေမန်း က ကြေညာ ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List