Friday, March 14, 2014

လူထု မှန်ကန်စွာ မဲပေးနိုင်ရေး ရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်မည်


၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူလူထု မှန်ကန်စွာ မဲပေးနိုင်ရေးအတွက် ရွေးကော်ပွဲ ကော်မရှင်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ ပူပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် မီကာဆာ ဟိုတယ်တွင် မတ်လ ၁၃ ရက်နေ့က ပြုလုပ်သော ရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲတွင် ပြည်သူလူထုက မဲပေးရာတွင် ပယ်မဲများ ဖြစ်ပေါ်လာစေခြင်း မရှိစေရန် အရပ်ဘက် လူ့အဖွဲ့အစည်း များမှ ပညာပေးခြင်း လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးတင်အေက ပြောကြားသည်။

“မဲပေးတယ် ဆိုတာ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးပဲလေ၊ အဲဒါကို အပြည့်အဝ မှန်ကန်စွာ အသုံးချတတ်အောင် လူထုကို ပညာပေးဖို့ လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲတွင် နိုင်ငံသားများတိုင်း ပါဝင် ကူညီနိုင်ရန် ရွေးကောက်ပွဲ တရားမျှတရေး ကိုပါ အရပ်ဘက် လူ့အဖွဲ့အစည်း များတွင် တာဝန်ရှိကြောင်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ၈၈ မျိုးဆက် ကျောင်းသား ဦးကိုကိုကြီးက ပြောကြားသည်။

“ရွေးကောက်ပွဲ ဆိုတာ ဒီမိုကရေစီနိုင်ငံ ဖြစ်နေသရွေ့ ရှိနေမှာပဲ၊ ဒီတော့ ဒီမိုကရေစီ မရင့်ကျက်သေးတဲ့ အချိန်မှာ အားလုံး စုပေါင်းပြီးတော့ ရွေးကောက်ပွဲ တရားမျှတရေးကို လက်ဆင့်ကမ်း ပေးသွားရမှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ရွေးကောက်ပွဲတွင် တရားမျှတရေး အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်ပအရပ်ဘက် လူ့အဖွဲ့အစည်း ရှစ်ဖွဲ့နှင့် ပြည်တွင်းအရပ်ဘက် လူ့အဖွဲအစည်း ၃၃ ဖွဲ့ တက်ရောက်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကာလအတွင်း မဲဆန္ဒရှင် ကို ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အရပ်ဘက်လူ့အဖွဲ့အစည်းများကို ခေါ်ယူ တွေ့ဆုံ ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List