Tuesday, March 11, 2014

လွှတ်တော်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း ပြည်ထောင်စု လွှတ်တော်အစည်းအဝေး စံချိန်တင်ကြာမြင့်ခဲ့ပြီး ည ၈ နာရီခန့်အထိ ကျင်းပခဲ့


လွှတ်တော်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း မတ် ၁၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေးသည် စံချိန်တင်ကြာမြင့်ခဲ့ပြီး ည  ၇ နာရီ ၄၅ အချိန်အထိ ကျင်းပခဲ့သည်။
    ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ အစည်းအဝေးတွင် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းအား အတည်ပြုနိုင်ရန်အတွက် ယင်းကဲ့သို့ လွှတ်တော်သက်တမ်းတလျှောက် အကြာမြင့်ဆုံးအဖြစ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
  
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အဆိုပါအခွန်အကောက်ဥပဒေကြမ်းအား အပြီးပြတ် အတည်ပြုနိုင်ရန် ညနေ ၅ နာရီ လွှတ်တော်အစည်းအဝေးအား ကျင်းပရန် ကနဦးပြောကြားခဲ့သော်လည်း အမှန်တကယ်ပြုလုပ်ရာတွင် ထိုသို့ ည ၈ နာရီဝန်းကျင်ခန့်ထိ ကျင်းပခဲ့ခြင်းဖြစ်သည်။
  
"ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က သီးခြားဖွဲ့စည်းထားတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စ ရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်၊ ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေးဝန်ကြီးနဲ့ အခြားဝန်ကြီးဌာန ၁၁ ခုနဲ့ ပြည်ထောင်စုရုံးဝန်ထမ်းများကို အထူးကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ယနေ့ဆွေးနွေးဆုံးဖြတ်မယ့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းဟာ နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် အထူးအရေးကြီးပြီး အလေးအနက်ထား ဆောင်ရွက်ကြရမယ့်ကိစ္စရပ်များလည်း ဖြစ်ပါတယ်။ 
 
ယခင်နှစ်များက လွှတ်တော်မှာ ဆွေးနွေးဆောင်ရွက်နိုင်မှု မရရှိခဲ့တဲ့အတွက် ယခုနှစ်မှာတော့ အခွန် အကောက်ဆိုင်ရာ ဥပဒေကြမ်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ယခုကဲ့သို့ စတင်ဆောင် ရွက်နိုင်အောင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့က ကြိုးပမ်းဆောင်ရွက်ပေးခဲ့ တဲ့ စေတနာများကိုလည်း သိရှိနားလည် အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ 
 
အစည်းအဝေးကာလ ကျန်ရှိတဲ့ရက်အတွင်းမှာ အချိန်မီပြီးစီးနိုင်အောင် ဆောင်ရွက်ရတဲ့အတွက် အကယ်၍အမှားအယွင်းအချို့ပါရှိပါကလွှတ်တော်တွင်းမှာပဲ ပြင်ဆင်တည့်မတ်ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ ယခုလို အချိန်လု အရေးတစ်ယူဆောင်ရွက်နေခြင်းဟာ ဘတ်ဂျတ်လည်း ၂၀၁၄ မတ်လမကုန်မီ ဥပဒေအတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် အင်မတန်မှ အရေးကြီးတဲ့အတွက် အခုလိုရုံးပိတ်ရက်မရှောင် ရုံးနားချိန်မရှောင် ဆောင်ရွက်ခဲ့တာ လေ့လာမယ်ဆို သိမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီဥပဒေကို ဒီနေ့ဆွေးနွေးတဲ့အခါမှာ အကယ်၍ ညနေ ၄ နာရီမှာ မပြီးဘူးဆိုရင် နောက်တစ်နာရီအတွင်း ငါးနာရီမှာဆက်ဆွေးနွေးလို့ ပြီးပြတ်မယ်ဆိုရင် ငါးနာရီအထိ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်" ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်အဖွင့်တွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
  
ယခုဥပဒေကြမ်းအား အတည်ပြုရာတွင် အခြားဥပဒေကြမ်းများ ဆွေးနွေးသကဲ့သို့မဟုတ်ဘဲ ပြင်ဆင်ချက် အမည်စာရင်း တင်သွင်းထားသူများအပြင် အခြားဆွေးနွေးလိုသည့် ကိုယ်စားလှယ်များကိုပါ ၀င်ရောက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့် ဒုဝန်ကြီးနှစ်ဦး တစ်ယောက်ခြင်း၊ ထိုသို့ ဥပဒေကြမ်း ဆွေးနွေးဆုံးဖြတ်နေချိန်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား တက်ရောက်လာသည့် ၀န်ကြီး (သို့မဟုတ်) ဒုဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စား လှယ်များအား အစည်းအဝေးခန်းမပြင်ပသို့ထွက်ကာ သီးခြားဆွေးနွေးခြင်းများ ပြုလုပ်စေပြီးမှသာ ခန်းမအတွင်း ထပ်မံဆွေးနွေးအတည်ပြုခြင်းများ လုပ်ဆောင်ခဲ့သည်။
  
မတ် ၁၀ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မူလအစီအစဉ်ပါ ၀င်ငွေခွန် ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို အတည်ပြုမည့်အစီအစဉ်ကို မပြုလုပ်ခဲ့ကြောင်း သိရသည်။
  
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ ပြန်လည်ပေးပို့လာသည့် အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ဥပဒေများပြဌာန်းရေးကို လွှတ်တော်က မှတ်တမ်းတင်ခြင်း၊ စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေကြမ်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်း၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေကြမ်းများနှင့်ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာများကို ဖတ်ကြားခြင်းများ ဆောင်ရွက်ခဲ့သည်။
  
ပြီးခဲ့သည့်လွှတ်တော်အစည်းအဝေးများကို အချိန်ကြာမြင့်ဆုံးအဖြစ် ညနေ ၄ နာရီကျော်အချိန် အထိသာ ပြုလုပ်ခဲ့သည်။

eleven media group

No comments:

Post a Comment

My Blog List