Tuesday, March 11, 2014

အော်ရီဒူးဖုန်းကတ် ဝယ်ယူရန် ကြိုတင် လျှောက်လွှာ တင်ခိုင်းထားခြင်း မရှိ


အော်ရီဒူးမြန်မာက ဇူလိုင်လအတွင်း စတင် ရောင်းချမည့် ဆင်းမ်ကတ်များ ဝယ်ယူနိုင်ရန် ပြင်ပ မိုဘိုင်းလ် ဖုန်းဆိုင်များတွင် ကြိုတင် လျှောက်လွှာဖြင့် လျှောက်ထားခိုင်းခြင်း မရှိကြောင်း အော်ရီဒူး မြန်မာမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။
ရန်ကုန်မြို့တွင်းရှိ မိုဘိုင်းလ် ဖုန်းဆိုင် အချို့တွင် အော်ရီဒူး ဆင်းမ်ကတ်များ ရရှိရန် လျှောက်လွှာဖြင့် ကြိုတင် လျှောက်ထားနိုင်ကြောင်း ကြေညာထားပြီး အချို့ဆိုင်များက ကြိုတင် စာရင်းပေး လျှောက်ထားသူ များကို ဆင်းမ်ကတ်များ စတင် ရောင်းချချိန်တွင် အခမဲ့ ပေးအပ်သွားမည်ဟုပင် ကြေညာ ထားကြောင်း လျှောက်လွှာ တင်ထားသူများထံမှ စုံစမ်းသိရှိရသည်။

“လူတွေက အော်ရီဒူး ဆင်းမ်ကတ် ဝယ်ဖို့ လျှောက်လွှာ တင်ရဦးမှာလား ဆိုတဲ့ ယုန်ထင်ကြောင်ထင် ထင်တာမျိုးတွေ ဖြစ်လာတယ်။ အော်ရီဒူး မြန်မာဘက်က လုပ်ခိုင်းတာ လုံးဝ မဟုတ်ပါဘူး။ တရားဝင် ဘာမှ မကြေညာထားဘူး။ သုံးလေးလလောက် စောင့်ကြပါ။ ဖောင်တင်စရာ မလိုပါဘူး။ လူတိုင်း လိုသလောက် ရမယ်” ဟု အော်ရီဒူးမှ အဆိုပါ အရာရှိက ဆိုသည်။

ပြည်တွင်း မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင်းရှိ သုံးစွဲသူများထံမှ အချက်အလက်များ ကောက်ယူနိုင် ရန် အော်ရီဒူးက မိုဘိုင်းလ် ဆိုင်များမှ တစ်ဆင့် ပြုလုပ်ခြင်းသာ ဖြစ်ပြီး ယင်းအချက်အလက် ကောက် ယူမှုသည် မတ်လ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့ အထိသာ အကျုံးဝင်ကြောင်း အော်ရီဒူးမြန်မာမှ မိုဘိုင်းလ် ဖုန်းဆိုင်များသို့ ပေးအပ်ထားသော ခွင့်ပြုစာတွင် ဖော်ပြထားသည်။

အော်ရီဒူး ဖုန်းကတ် သုံးစွဲရန် စိတ်ဝင်စားသူများက အမည်၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်၊ Email လိပ်စာ တို့ ပေးအပ်ရန်လိုပြီး အခြား အခကြေးငွေ ပေးရန် မလိုအပ်ကြောင်း အဆိုပါ ဝန်ဆောင်မှု ပြုလုပ်ပေးနေ သည့် Bestone မိုဘိုင်းလ် ဖုန်းဆိုင်ထံမှ သိရှိရသည်။

“အော်ရီဒူး ဆင်းမ်ကတ်တွေ လျှောက်ထားခိုင်းတယ် ဆိုတာက Survey (စစ်တမ်းကောက်ခြင်း) ပုံစံ လုပ်နေတာပါ။ ဈေးကွက်ထဲမှာ ဝယ်လိုအား ဘယ်လောက် ရှိလဲ သိချင်လို့ လုပ်နေတာ။ ကျွန်တော်တို့ ဆီမှာတော့ မလုပ်ပေးပါဘူး” ဟု Star မိုဘိုင်းလ် ဖုန်းဆိုင်မှ အရောင်းမန်နေဂျာက ဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List