Tuesday, March 11, 2014

ပျောက်ဆုံးနေသော လေယာဉ်ရှာဖွေနေစဉ် အသက်ကယ်လှေတစ်စင်းဖြစ် ဖွယ်ရှိသည့် သဲလွန်စကို တွေ့ရှိခဲ့သဖြင့် စုံစမ်းနေကြောင်း မလေးရှား ပြောကြား


(ပျောက်ဆုံးနေသော လေယာဉ်နှင့်ပတ်သက်သည့် အချက်အလက်များအား AFP သတင်းဌာနမှ ဖော်ပြ ထားသော ဂရပ်ဖစ်ပုံ)

ပျောက်ချင်းမလှ ပျောက်သွားခဲ့သောမလေးရှားလေကြောင်းလိုင်းလေယာဉ်ကို နိုင်ငံတကာက ၀ိုင်းဝန်း ရှာဖွေနေစဉ် အသက်ကယ်လှေတစ်စင်း ဖြစ်နိုင်ဖွယ်ရှိသည့် အရာဝတ္ထုတစ်ခုကို တွေ့ရှိခဲ့သဖြင့် စုံစမ်းရန် သင်္ဘောများ စေလွှတ်ထားကြောင်း မလေးရှားက မတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။


လေယာဉ်ပျောက်ဆုံးသွားသည်ဟု ယူဆရသော တောင်တရုတ်ပင်လယ်တွင် မတ် ၈ ရက် နံနက်ပိုင်းက ကနဦးရှာဖွေမှုပြုလုပ်စဉ် ရေမိုင် ၅၀ (၉၂ ကီလိုမီတာ) ၀န်းကျင်ကို ရှာဖွေမှုပြုလုပ်ခဲ့သော်လည်း ရေမိုင် ၁၀၀ ၀န်းကျင်အထိ နှစ်ဆတိုးကာ ရှာဖွေသွားမည်ဖြစ်ကြောင်း မလေးရှားက မတ် ၁၀ ရက်တွင် ထုတ်ပြန် ခဲ့သည်။

ဗီယက်နမ်၊ မလေးရှား၊ ထိုင်း၊ သြစတြေးလျ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ တရုတ်နှင့် အမေရိကန်တို့မှ လေယာဉ် ၃၄ စင်း၊ သင်္ဘောအစင်း ၄၀ တို့ ဖြင့် မြေပြင်ထိန်းချုပ်ရေးစခန်းနှင့် လေယာဉ် အဆက် အသွယ်ပြတ်သွားသော နေရာအနီးတွင် ရှာဖွေနေကြသည်။

"ရှာဖွေရေးလေယာဉ်တစ်စင်းက အသက်ကယ်လှေလို တစ်စုံတစ်ရာကို တွေ့ရှိခဲ့တယ်လို့ ဒီနေ့သတင်း ရထားပါတယ်။ အတူရှာဖွေနေသူတွေကို ဆက်သွယ်ထားပြီး အတည်ပြုဖို့ သင်္ဘောတွေလွှတ်ထားပါတယ်" ဟု မလေးရှားပြည်တွင်းလေကြောင်း ဥက္ကဋ္ဌ အဇာရူဒင်အဒူရာမင်က ပြောကြားခဲ့သည်။

ဗီယက်နမ်တောင်ပိုင်းတွင် အပျက်အစီးရှာဖွေတွေ့ရှိကြောင်း အစောပိုင်း၌ သတင်းထွက်ပေါ်ခဲ့ သဖြင့် လေယာဉ်ပျောက်ဆုံးမှုအတွက် ဆွေမျိုးမိသားစုများ၏ မချိတင်ကဲဖြစ်မှုများ၊ မချင့်မရဲဖြစ်မှုများ နက်ရှိုင်းစေခဲ့သည်။

လေယာဉ်တွင် လိုက်ပါသွားသူများအနက် နှစ်ဦးသည် ခိုးခံထားရသော နိုင်ငံကူးလက်မှတ်များကို သုံးစွဲခဲ့ကြောင်း တွေ့ရှိခဲ့ပြီးနောက် မလေးရှားက အကြမ်းဖက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို စတင်ဆောင် ရွက်ခဲ့သည်။ အခိုးခံနိုင်ငံကူးလက်မှတ်သုံးခဲ့သူ နှစ်ဦးအနက် တစ်ဦးကို အတည်ပြုနိုင်ခဲ့ကြောင်း မလေးရှားရဲဦးစီးချုပ်က ပြောကြားခဲ့ပြီး အသေးစိတ်မပြောကြားခဲ့ပေ။

ပင်လယ်ပြင်အထက် ဝေဟင်၌ ပျောက်ဆုံးသွားခဲ့သော လေယာဉ်တစ်စင်းကို ခြေရာခံရန် ကြိုးပမ်းမှုသည် ရက်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

My Blog List