Sunday, March 09, 2014

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသော အခြေခံဥပဒေ ပေါ်ပေါက်ရေး ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၌ လူအင်အား ၂၅၀ ကျော်ဖြင့် ဆန္ဒပြ


တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသော အခြေခံဥပဒေပေါ်ပေါက်ရေးအတွက် ရန်ကုန် တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင် မတ် ၈ ရက်၊ ညနေ ၃ နာရီအချိန်ခန့်တွင် လူအင်အား ၂၅၀ ကျော်ဖြင့် ဆန္ဒပြခဲ့သည်။
အဆိုပါ ဆန္ဒပြပွဲတွင် တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူများအပါအ၀င် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကို ကိုယ်စားပြုသော အခြေခံဥပဒေ ပေါ်ပေါက်လိုသူ ပြည်သူလူထုက “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ-၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉(ဃ)နှင့် ၅၉(စ)၊ ဒီမိုကရေစီစံနှုန်း နှင့် မညီညွတ်သော ပုဒ်မများနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအား ကိုယ်စားပြုသော အခြေံခံ ဥပဒေပေါ်ပေါက်ရေး” တို့ကို တောင်းဆိုကာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ အခုလိုဆန္ဒပြတာဟာ ဒီမိုကရေစီ အစစ်အမှန်လိုချင်လို့ပါ။ စစ်အာဏာရှင်လက်ထက် က ရေးဆွဲထားတဲ့ ဒီမိုကရေစီစံနှုန်းနဲ့ မညီတဲ့ပုဒ်မတွေကို ဆင်ပြင်ပေးဖို့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့
 တောင်းဆိုတာပါ။ ကျွန်တော်တို့ ဒီပုဒ်မတွေကို ပြင်ချင်တယ်ဆိုတာ တစ်ဦးတစ်ယောက်ကောင်းစားဖို့၊ အဖွဲ့အစည်းတစ်ခု ကောင်းစားဖို့ မဟုတ်ပါဘူး။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ကောင်းစားဖို့ပါ”ဟု ဆန္ဒပြရာတွင် ပါဝင်သော တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ ဦးမျိုးကိုက ပြောကြားသည်။

ထို့သို့ဆန္ဒပြရာတွင် လူအင်အား ၂၅၀ ကျော်က “တိုင်းရင်းပြည်သူလူထုတစ်ရပ်လုံးအား ကိုယ်စားပြုသော အခြေခံဥပဒေ ပေါ်ပေါက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး စသည့်ဗီနိုင်း ဆိုင်းဘုတ်များကိုင်ဆောင်ကာကြွေးကြာ်ဆန္ဒပြခဲ့သည်။

ဆန္ဒပြမှုပြုလုပ်ရာ လမ်းတစ်လျှောက်တွင် လမ်းအသုံးပြုသွားလာနေသည့် ခရီးသည်များနှင့် ပြည်သူလူထု အား ဒီမိုကရေစီ စံနှုန်းနှင့်မကိုက်ညီသော ပုဒ်မများကို ပြင်ဆင်သင့်သည့် လက်ကမ်းစာစောင်များ ကို ပေးဝေခဲ့ကြောင်း သိရသည်။

တိုင်းရင်းပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသော အခြေခံဥပဒေပေါ်ပေါက်ရေး ဆန္ဒထုတ်ဖော်ပွဲကို သက်ဆိုင်ရာမှ တရားဝင်ခွင့်ပြုမိန့်ရယူကာ ဆန္ဒပြခြင်းဖြစ်ပြီး ဆန္ဒပြမှုကို တောင်ဥက္ကလာပမြို့နယ် နန္ဒ၀န်ဈေးမှစတင်၍ အင်းဝမှတ်တိုင်ကြားမှ ပါရမီလမ်း၊ သံသုမာလမ်း၊သစ္စာလမ်း၊ ဝေဇယန္တာလမ်း၊ မေတ္တာ လမ်း၊ ရတနာလမ်း၊ သုမင်္ဂလာလမ်းတို့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒပြင်ဆင်ရေးနှင့် တိုင်းရင်းပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသော အခြေခံ ဥပဒေပေါ်ပေါက်ရေး ဆန္ဒပြမှုများသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ယခုဆန္ဒပြမှုသည် ရန်ကုန်တိုင်းအတွင်း (၁၅) ကြိမ်မြောက် ဆန္ဒပြမှုဖြစ်ကြောင်း သတင်းရရှိသည်။

Eleven Media Group

No comments:

Post a Comment

My Blog List