Tuesday, March 11, 2014

မန္တလေး ဧရာဝတီမြစ်ကြောင်း လုံခြုံရေး အင်အား ၂၀၀ ဦးကျော်ဖြင့် ရေကြောင်း ရဲတပ်ဖွဲ့ ဖွဲ့စည်းမည်


မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လက်နက်ကိုင်လုယက်မှုများ ဖြစ်ပေါ်လျက်ရှိသော ဧရာဝတီမြစ်ကြောင်း တစ်လျှောက် လုံခြုံရေးအတွက် အင်အား ၂၀၀ ဦးကျော်ဖြင့် ရေကြောင်း ရဲတပ်ဖွဲ့ကို မန္တလေး မြို့တော် တွင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း အဆိုပါ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယ ရဲမှူးကြီး ဇော်မင်းဦး က ပြောကြားသည်။
ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကုန်တင်စက်လှေ၊ သင်္ဘောများပေါ်မှ ကုန်ပစ္စည်းများကို အုပ်စုလိုက် ခိုးယူခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက်ယူခြင်း ဖြစ်ပွားမှု များပြားလာသည့် အတွက် ရေကြောင်း လုံခြုံရေးအတွက် ယင်းသို့ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဒုတိယ ရဲမှူးကြီး ဇော်မင်းဦးက ထပ်မံ ပြောကြား သည်။

“မန္တလေးတိုင်း ဧရာဝတီမြစ်ကြောင်း တစ်လျှောက်မှာ မြစ်ကြောင်း လုံခြုံရေးအတွက် ရေကြောင်း ရဲတပ်ဖွဲ့ ဖွဲ့စည်းတာပါ၊ အခု လောလောဆယ်မှာ ရုံးခန်းဖွင့်ဖို့ မြေနေရာ ရှာနေတယ်။ နေရာရတာနဲ့ ချက်ချင်း လုပ်ဆောင်မှာပါ။ အင်အား ဖွဲ့စည်းပုံကတော့ ဦးရေ ၂၀၀ ကျော်ပါ။ ရဲမှူးတစ်ဦး ဦးဆောင်ပြီး လုပ်ဆောင်မှာပါ” ဟု ၎င်းက ထပ်မံ ပြောကြားသည်။

အဆိုပါ လုယက်သူများသည် မန္တလေးတိုင်း ဒေသကြီး ရှမ်းကလေးကျွန်း အနီးရှိ သဲသောင်ပြင်တွင် တံငါလုပ်ငန်းနှင့် တောင်ယာလုပ်ငန်း လုပ်ကိုင်သူများ အဖြစ် ဟန်ဆောင် နေထိုင်ပြီး ညပိုင်း အချိန်များ တွင် ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကုန်တင်စက်လှေ၊ သင်္ဘောများရှိ ပစ္စည်း များကို တုတ်၊ ဓား၊ လေးခွများဖြင့် ဓားပြဆန်ဆန် ပစ္စည်းလုယူမှုများ ပြုလုပ်နေသူ ၁၈ ဦးပါ အုပ်စုတစ်ဖွဲ့ကို မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီက ဖမ်းဆီးရမိပြီး အခြားအမှုများ ကျူးလွန်ခြင်း ရှိ မရှိ စုံစမ်း စစ်ဆေး လျက်ရှိကာ မသင်္ကာမှုဖြင့် အရေးယူ ဆောင်ရွက်နေကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယ ရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

“အခုလိုမျိုး ခိုး၊ဆိုး၊ နှိုက်တွေကို ဖမ်းဆီး ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ကုန်ပို့ဆောင်ရေး ယာဉ်တွေ အများကြီး အဆင်ပြေပါတယ်။ အရင်ကဆိုရင် ညတိုင်းနီးပါး ပစ္စည်းယူခံရ တယ်။ နေ့တိုင်းကြီးဆိုတော့ အစောင့်ထားလည်း မလွယ်ဘူး။ မသိလိုက်လို့ ခိုးတာ ဘာမှ မဖြစ်ဘူး။ သိသိရက်ကြီးနဲ့ ငြိမ်ခံနေရသလို ဖြစ်နေတာ။ အခုဆိုရင် လုံးဝ မရှိတော့ဘူး။ မြို့နယ်မှူးတွေ ကိုယ်တိုင် ဦးစီးပြီး လုပ်ဆောင်တာ တော်တော်လေးကို ပါးသွားတယ်” ဟု ဧရာဝတီမြစ် ဂေါဝန်ဆိပ်ကမ်းရှိ စွမ်းကေကေ ရေကြောင်းကုန်ပစ္စည်း သယ်ဆောင်ရေး လုပ်ငန်းမှ လုပ်ငန်းရှင် ဦးသောင်းရွှေက ဆိုသည်။

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ညပိုင်းအချိန် ဆိုက်ကပ်သော ကုန်တင်စက်လှေ၊ သင်္ဘောများကို မတ်လဆန်းပိုင်းမှ စတင်ကာ လူအုပ်စု တစ်စုက ကုန်ပစ္စည်းများကို တုတ်၊ ဓား၊ လေးခွများ ကိုင်ဆောင်၍ ဓားပြဆန်ဆန် လုယူမှုများရှိသဖြင့် မဟာအောင်မြေမြို့နယ် မြစ်ကြောင်း တစ်လျှောက်တွင် စက်လှေ သုံးစင်း၊ အောင်မြေသာစံ မြို့နယ်တွင် တစ်စင်း၊ ပုသိမ်ကြီး မြို့နယ်နှင့် အမရပူရ မြို့နယ်တို့တွင် စက်တပ် လှေများဖြင့် နယ်မြေရဲတပ်ဖွဲ့က လူအင်အား ၅၀ ကျော်ဖြင့် ညပိုင်းအချိန် လှည့်ကင်း ပတ်၍ ဆောင် ရွက်နေရကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူက ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List