Monday, March 10, 2014

သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသားများ ပူးပေါင်း ပါဝင်နိုင် မည့် သဘောတူညီချက် ထုတ်ပြန်ပေးရန် တောင်းဆို


လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသား အဖွဲ့အစည်း ကိုးဖွဲ့ ပူးပေါင်း ပါဝင်ရမည့် အခန်းကဏ္ဍကို အစိုးရက သီးခြား ထုတ်ပြန် ကြေညာပေးရန် တိုင်းရင်းသားအဖွဲ့ ၁၀ ဖွဲ့က မတ်လ ၉ ရက်နေ့တွင် တောင်းဆိုလိုက်သည်။
မတ်လ ၉ ရက်နေ့တွင် ကမာရွတ်မြို့နယ် ဒိုင်းမွန်း ကွန်ဒိုရှိ စကားဝါ ခန်းမတွင် ပြုလုပ်သော သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် ပတ်သက်ပြီး တိုင်းရင်းသားများ၏ စိုးရိမ်ပူပန်မူများ ဆွေးနွေးပွဲတွင် တိုင်းရင်းသား အဖွဲ့အစည်းများက အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးစု အမည်များ လွဲမှားခြင်း၊ မှားယွင်း ကောက်ယူခြင်း မဖြစ်ပေါ်စေရန် တိုင်းရင်းသားအဖွဲ့အစည်းများ ပူးပေါင်း ပါဝင်နိုင်မည့် သဘောတူညီချက် ထုတ်ပြန်ပေး ရန် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် မတ်လ ပထမပတ်အတွင်း နေပြည်တော်တွင် တွေ့ဆုံစဉ် တင်ပြ ခဲ့သော်လည်း ယခုအချိန်အထိ အပြုသဘော ဆောင်ရွက်မှု မရှိသောကြောင့် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ထုတ်ပြန်ပေးရန် တောင်းဆိုရခြင်း ဖြစ်ကြောင်း နာဂတိုင်းရင်းသားများ အဖွဲ့အစည်းမှ ဗဟိုအလုပ် အမှုဆောင် ဦးရှုမောင်က ပြောကြားသည်။

“ကျွန်တော်တို့ကို ပူးပေါင်း ပါဝင်လို့ ရတယ်လို့ သဘောတူ ပြောခဲ့တာပဲ။ ဒါပေမဲ့ ဘယ်လို ပုံစံမျိုးနဲ့ ပူးပေါင်း ပါဝင်ရမလဲ ဆိုတာကို အခုထိ ထုတ်ပြန်ပေးတာ မရှိဘူး” ဟု ၎င်းကဆိုသည်။

ယင်းသို့ တိုင်းရင်းသား လူမှုအဖွဲ့အစည်းများ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်တွင် ပါဝင်နိုင်ခြင်း မရှိပါက တိုင်းရင်းသားများနှင့် ပတ်သက်သော ဓလေ့ထုံးတမ်းများ၊ လူမျိုးစုများ ရောနှောသွား မည် ဖြစ်ပြီး နိုင်ငံတော်က ဖော်ဆောင်နေသော ငြိမ်းချမ်းရေး တည်ဆောက်မှု လမ်းစဉ်ကိုပါ ပျက်ပြားစေနိုင်ကြောင်း ချင်းတိုင်းရင်းသားများ လူမှုအဖွဲ့ဝင် ဦးဆလိုင်းအိုင်ဇက်က ထောက်ပြ ပြော ဆိုထားသည်။

တိုင်းရင်းသား ဒေသများတွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ ဒေသခံ လူမှုအဖွဲ့အစည်း များ၏ အခန်းကဏ္ဍသည် အရေးကြီးပြီး သန်းခေါင်စာရင်း မကောက်မီ ကာလအတွင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ UNFPA မှ တာဝန်ရှိသူများက တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် ထပ်မံ တွေ့ဆုံမည် ဖြစ် ကြောင်း UNFPA မှ သန်းခေါင်စာရင်း ကောက်ယူမှု အစီအစဉ် ဆိုင်ရာ ကျွမ်းကျင်သူ Ms. Petra Righetti က ပြောကြားသည်။

“ကောက်ခံတဲ့ အချိန်မှာ ဘယ်လို ကောက်ခံရမလဲ ဆိုတာကို ရှင်းလင်း ညှိနှိုင်း ပြောဆိုဖို့ အစီအစဉ် ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ကရင်၊ ကချင်၊ ကယန်း၊ ရခိုင်၊ ရှမ်း၊ နာဂ၊ ချင်း၊ မွန်၊ ပလောင် တိုင်းရင်းသား လူမှုအဖွဲ့အစည်း များက ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ဝင် ဒေါ်ခွန်ဂျာ က ပြောကြားသည်။

ထို့အပြင် လက်ရှိ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ် များသည် ပြည်သူလူထု ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ မျှော်လင့်ချက်များကို ရိုက်ချိုး နင်းချေသော လုပ်ရပ်များ ဖြစ်ပေါ်လာနိုင်သောကြောင့် ဖြစ်ပေါ်
လာမည့် အကျိုးဆက်များသည် အစိုးရ၊UNFPA နှင့် ငွေကြေး ထောက်ပံ့သော နိုင်ငံများ၏ တာဝန်ဖြစ်ကြောင်း ကချင်အရပ်ဘက် လူ့အဖွဲ့အစည်း ၂၉ ဖွဲ့က မတ်လ ၉ ရက်နေ့တွင် ကြေညာချက် တစ်စောင် ပူးတွဲ ထုတ်ပြန်လိုက်သည်။

လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် မတူကွဲပြားသော တိုင်းရင်းသား ဓလေ့များကို အလေးထား ဆောင်ရွက်ရန် နေပြည်တော် ကောင်စီနယ်မြေ MICC ခန်းမတွင် မတ်လ ပထမပတ်အတွင်း ပြုလုပ်သော သန်းခေါင်စာရင်း ကောက်ယူရေး အထိမ်းအမှတ် အခမ်းအနား တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List