Sunday, March 09, 2014

ဂျပန်နှင့် စေ့စပ်ဆွေးနွေးမည် မဟုတ်ဟု တရုတ်ထုတ်ပြန်


သမိုင်းဖြစ်ရပ်များအရေး၊ နယ်မြေ အငြင်းပွားမှုများ အရေးနှင့် ပတ်သက်ပြီး ဂျပန်နှင့် စေ့စပ်ဆွေးနွေးမည် မဟုတ်ဟု တရုတ်နိုင်ငံက ထုတ်ပြန်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဒုတိယကမ္ဘာစစ် ကာလအတွင်း တရုတ်နယ်မြေများ သိမ်းပိုက်ခဲ့ခြင်းကို ဂျပန်က အပြစ်ရှိကြောင်း ပြန်လည် တောင်းပန်ခြင်း မရှိသဖြင့် တရုတ်-ဂျပန် ဆက်ဆံရေးမှာ ကာလကြာရှည် တင်းမာလျက်ရှိသည်။
ယင်းကဲ့သို့သော အတိတ်သမိုင်းဆိုင်ရာ သဘောထား ကွဲလွဲမှုများအပြင် အရှေ့တရုတ် ပင်လယ်တွင်းရှိ ကျွန်းစုများ ပိုင်ဆိုင်ရေးနှင့် ပတ်သက်၍လည်း အငြင်းပွားမှုများ ပေါ်ပေါက် လာခြင်းကြောင့် တရုတ်-ဂျပန် ဆက်ဆံရေးမှာ ပြီးခဲ့သည့် ၁၈ လလုံး သိသိသာသာ ဆိုးရွားခဲ့သည်။“သမိုင်းနဲ့ နယ်မြေ အခြေခံမူတွေနဲ့ ပတ်သက်ရင် စေ့စပ်ဆွေးနွေးစရာ မလိုပါဘူး” ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝန်ယီက တရုတ်ပါလီမန်တွင် ပြောကြားလိုက်သည်။

အတိတ်သမိုင်းနှင့် ရှင်းရှင်းလင်းလင်း အဆက်အသွယ် ဖြတ်ခြင်း၊ တစ်ဖက်သတ် စကားများ ပြောကြားနေမှု ရပ်ဆိုင်းခြင်း စသည်တို့ လုပ်ဆောင်မှသာ လက်ရှိ အခြေအနေမှ ထွက်ခွာနိုင်မည် ဖြစ်ပြီး အနာဂတ် ဆက်ဆံရေး တည်ထောင်နိုင်မည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် နယ်မြေ အငြင်းပွားနေသော ဆန်ကာကူ (ဒိုင်အိုယူ) ကျွန်းစုများ အနီးတွင် နှစ်နိုင်ငံ သင်္ဘောများ ဝင်ရောက်လေ့ ရှိသဖြင့် တင်းမာမှုများ ပေါ်ပေါက်ခဲ့ပြီး တရုတ်လေယာဉ်များလည်း ဝင်ရောက် ပျံသန်းလာသဖြင့် ဂျပန်နိုင်ငံက တိုက်လေယာဉ် များ စေလွှတ်ဟန့်တားခဲ့ရသည်။

ယင်းကဲ့သို့သော စစ်ရေးဆိုင်ရာ တင်းမာမှု များကြောင့် ဂျပန်နိုင်ငံ၏ စစ်အင်အားကို တိုးမြှင့်ရမည်ဟု ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တောင်းဆိုနေပြီး ဒေသတွင်း နိုင်ငံများကလည်း မိမိတို့ စစ်အင်အားကို အသီးသီး တိုးမြှင့်လျက် ရှိသည်။

ဒုတိယကမ္ဘာစစ် စစ်ရာဇဝတ်သား များကို မြှုပ်နှံထားသည့် ယာစူကူနီဗိမာန်သို့ ဂျပန် ဝန်ကြီးချုပ် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် သွားရောက် လည်ပတ်ပြီးသည့် နောက်မှစ၍ နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးရွားလာခြင်း ဖြစ်ပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် ဂျပန်၏ စစ်ဝါဒကိုနှင့် စစ်ခေါင်းဆောင်များကို ဂုဏ်ပြုခြင်း ဖြစ်သည်ဟု တရုတ်က ဝေဖန်ထားသည်။

နာဇီဂျာမနီ လက်ထက်တွင် ပြုမူခဲ့သည့် စစ်ရာဇဝတ်မှုများကို ဂျာမန် နိုင်ငံသားများနှင့် အစိုးရက မကြာခဏ ထုတ်ဖော် တောင်း ပန်သော်လည်း ဂျပန်က စစ်ကာလ ရာဇဝတ်မှုများနှင့် ပတ်သက်၍ တောင်းပန်မှု နည်းပါးခြင်း၊ ရှေးရိုးစွဲ ဂျပန်နိုင်ငံရေး သမားများက တင်းမာသော မှတ်ချက်များ ပြောကြားခြင်းကြောင့် တရုတ်မှာ စိတ်ဆိုး ဒေါသထွက်လျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment

My Blog List