Tuesday, March 11, 2014

လင်းဇင်းကုန်းရှိ ထိုင်းဘုရင် ဥဒုမ္ဗရ မဟာထေရ စေတီတော် ဌာပနာ ပိတ်ပွဲ ကျင်းပမည်

မြန်မာ့သမိုင်းတွင် ကုန်းဘောင်မင်းဆက် ထူထောင်သူ အလောင်းဘုရား၏ သားတော် ဆင်ဖြူရှင် ဘုရင်လက်ထက်တွင် ဖမ်းဆီး ခေါ်ဆောင်လာသည့် ထိုင်းဘုရင်ကို ထားရှိသော မန္တလေးမြို့တော် အမရပူရမြို့နယ် လင်းဇင်းကုန်းရပ်တွင် ထိုင်းနိုင်ငံသားများက ဖမ်းဆီးခံ ထိုင်းဘုရင် အထိမ်းအမှတ် အဖြစ် တည်ထားသည့် ဥဒုမ္ဗရ မဟာထေရ စေတီတော် ဌာပနာပိတ်ပွဲကို မတ်လ ၂၆ ရက်နေ့ (တပေါင်း လပြည့်နေ့) တွင် ထိုင်းမင်းမျိုး မင်းနွယ်များက လာရောက် ကျင်းပမည် ဖြစ်ကြောင်း ယင်းလင်းဇင်းကုန်း တူးဖော်ရေး တာဝန်ခံ ဦးမြင့်စန်းက ပြောကြားသည်။
ထိုင်းမင်းမျိုးမင်းနွယ်များနှင့် ထိုင်းလူမျိုးများ၊ လင်းဇင်းကုန်း ဝန်းကျင်ရှိ အလှူရှင်များက ဗုဒ္ဓ၏ ဓာတ်တော် များ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားများ၊ သတ္တဌာန ပုံစံများ ပါဝင်သည့် ဌာပနာများကို ယင်းစေတီ၏ ဒုတိယ အဆင့် တွင် ထည့်သွင်းပြီး ဌာပနာပိတ်ပွဲ ကျင်းပမည် ဖြစ်ပြီး အဆိုပါ ဌာပနာပိတ်ပွဲသို့ မြို့နယ် သံဃနာယက အပါအဝင် လင်းဇင်းကုန်း ဝန်းကျင်ရှိ ကျောင်းတိုက်များမှ သံဃာတော် ၂၉ ပါးနှင့် ထင်ရှားသော ဆရာတော်ကြီးများ ကြွရောက်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဥဒုမ္ဗရ ဘုရင်ကြီး အထိမ်းအမှတ် စေတီဌာပနာ ပိတ်ပွဲပြီးပါက စေတီကို မူလ တူးဖော်ထားသည့် လက်ရာအတိုင်းထားရှိမည် ဖြစ်ပြီး ပြန်လည်မွမ်းမံမည်မဟုတ်ကြောင်း၊ စေတီ၏ ကြံ့ခိုင်မှုကို ဘိုးတော် ဘုရား လက်ထက်တွင် ရှိသည့် အုတ်အမျိုးအစားအတိုင်း အစားထိုး ပြုပြင်သွားမည် ဖြစ်ကာ စေတီ၏ အရှေ့မြောက်ဘက်ရှိ ဥဒုမ္ဗရ အရိုးအိုး စေတီတော်ကို ဧပြီလအတွင်း ယင်းစေတီအတွင်းမှ တွေ့ရှိသည့် အရိုးအိုး သပိတ်ကို ထည့်သွင်း၍ ဌာပနာပိတ်ပွဲ ကျင်းပရန် အစီအစဉ် များလည်း ရေးဆွဲထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဌာပနာပိတ်ပွဲ ကျင်းပမည့် ဥဒုမ္ဗရ ဘုရင်ကြီး အထိမ်းအမှတ် စေတီတော်ကို ပြုပြင်ရာတွင် မည်သည့် အထောက်အထားမှ မတွေ့ရှိကြောင်း၊ ခေတ်အဆက်ဆက်က ဌာပနာ ဖောက်ပြီးသား လိုဏ်ခေါင်း ကိုသာ တွေ့ရကြောင်း ၎င်းကဆိုသည်။

လင်းဇင်းကုန်းရှိ ဥဒုမ္ဗရစေတီနှင့် တူးဖော်ရေး ကိစ္စများသည် မန္တလေးတိုင်း ဒေသကြီး ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနက တာဝန်ယူ ကြီးကြပ် တူးဖော်ဆောင် ရွက်ခြင်း မဟုတ်သည့်အတွက် မှတ်ချက်ပေးရန် မရှိကြောင်း အဆိုပါဌာန တာဝန်ရှိသူများ က ပြောကြားသည်။

အမရပူရ မြို့နယ်ရှိ လင်းဇင်းကုန်း သုသာန်အတွင်း ဥဒုမ္ဗရစေတီနှင့် ကျောင်းတော်ရာများ တွေ့ရှိမှုသည် ကုန်းဘောင်ဆက် မဟာရာဇဝင်တော် ကြီးတွင် ဘကြီးတော် ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၈၁ ခုနှစ်၌ ဘကြီးတော်ဘုရားက သံဃာတော်များ ဘွဲ့တံဆိပ် ကပ်ရာတွင် လင်းဇင်းကုန်း သုသာန် ဝန်းကျင်ရှိ ထိုင်းကျောင်းဆရာတော် အရှင်တိသသရဏ ဆရာတော်ကို အရှင်နလိန္ဒဓဇမဟာဓမ္မရာဇဂုရုဘွဲ့ ကပ်လှူခဲ့ သည်ဟု မှတ်တမ်းများရှိခဲ့သည်ကို ထောက်ခြင်းအားဖြင့် လင်းဇင်းကုန်းတွင် မူလက ထိုင်းဘုန်း ကြီးကျောင်း ရှိခဲ့သည်ကို တွေ့ရှိရကာ ကုန်းဘောင်ခေတ် နောက်ပိုင်းနှင့် ကိုလိုနီခေတ်မှစ၍ လင်းဇင်းကုန်း ဝန်းကျင်ကို သုသာန်မြေ အဖြစ် ဆက်လက် အသုံးချ နေခဲ့သည်မှာ ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ် အထိ ဖြစ်သည်ဟု အမရပူရမြို့ခံ သမိုင်းပညာရှင် အချို့က ထောက်ပြ ပြောဆိုကြသည်။

“အဘတို့ ငယ်စဉ်ကတော့ ဥဒုံစေတီလို့ လူကြီးသူမတွေက ပြောတာကို ကြားဖူးတယ်၊ အဘတို့ကလည်း ဥဒုံစေတီလို့ပဲ ခေါ်တယ်” ဟု အသက် ၈၀ အရွယ်ရှိ အမရပူရမြို့ခံ ဦးသိန်းက ဆိုသည်။

ထိုင်းဘုရင် သင်္ချိုင်းထားရှိသည် ဟူသော လင်းဇင်းကုန်း သုသာန်တွင် တွေ့ရသည့် သပိတ်၊ သင်္ကန်းစ၊ အရိုးစများသည် ဥဒုမ္ဗရဘုရင်၏ အရိုးနှင့် သင်္ကန်းစများ ဖြစ်နိုင်သည်ဟု သေချာစွာ မပြောနိုင်ဘဲ အမရပူရခေတ်တွင် ပျံလွန်တော်မူခဲ့သည့် ထင်ရှားသော ဆရာတော်ကြီးများ၏ အရိုးများ၊ သပိတ်၊ သင်္ကန်းစများ ဖြစ်နိုင်ကြောင်း ယင်းထိုင်းဘုရင် သင်္ချိုင်းကို မတူးရသေးသည့် နေရာများ ရှိသည့်အတွက် ထိုင်းဘုရင် ဥဒုမ္ဗရ သချိုင်းနေရာဟု မပြောနိုင်ကြောင်း ထိုင်းနိုင်ငံ ယဉ်ကျေးမှု တက္ကသိုလ် Silapakorn University တွင် ထိုင်းဘုရင် ဥဒုမ္ဗရအကြောင်း စာတမ်းဖတ်ခဲ့သူ ဒေါက်တာ တင်မောင်ကြည် က ပြောကြားသည်။

ဌာပနာ ပိတ်ပွဲအတွက် ရှမ်းပြည်ရောက် ဆရာတော်များနှင့် ဘာသာရေး အသင်းအဖွဲ့များက ဆွမ်းကပ်ရန် အတွက် ဆွေးနွေးမှုများ ရှိနေကြောင်း မြန်မာ-ထိုင်း ရေသဖန်း အဖွဲ့ဝင် ဦးစိုးကျော်သူက ပြောကြားသည်။

အမရပူရ မြို့နယ်ရှိ အိုးတော် ရပ်ကွက်နှင့် ဆင်စွယ်ပွတ် ရပ်ကွက်အတွင်း နယ်နိမိတ်တွင် ပါဝင်သည့် ယခင် လင်းဇင်းကုန်း သုသာန်ဟောင်းရှိ ထိုင်းဘုရင် ဥဒုမ္ဗရသင်္ချိုင်းနှင့် စေတီတော် ဧရိယာ ၁ ဒသမ ၀၃၂၄ ဧကကို ဝန်းခြံခတ် တူးဖော်ခွင့်ပြုရန် မြန်မာ-ထိုင်း ရေသဖန်းအဖွဲ့ ချစ်ကြည်ရေး အဖွဲ့က ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့က စတင် လျှောက်ထားခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော် မတီထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List