Tuesday, March 11, 2014

၂၀၁၅ ရွေးကောက်ပွဲတွင် ဟင်္သာတ မဲဆန္ဒနယ်မှ ဝင်ပြိုင်မည်ဟု ဦးဌေးဦး ပြောကြား


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက၂၀၁၅ ရွေးကောက်ပွဲတွင် ဟင်္သာတ မဲဆန္ဒနယ်မှ ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့် မြို့နယ်သို့ ရောက်ရှိစဉ် ၂၀၁၀ ပြည့်နှစ်က ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည့် မူလ မဲဆန္ဒနယ် ဖြစ်သည့် ဟင်္သာတ မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်အစိုးရ လက်ထက်က ဧရာဝတီတိုင်း ဒေသကြီးတွင် တိုင်းမှူးအဖြစ် လည်းကောင်း၊ သမဝါယမဝန်ကြီး၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး အဖြစ် တာဝန်ယူခဲ့ပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲတွင် ဇာတိမြေ ဖြစ်သော ဟင်္သာတ မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

“အခြား နေရာတွေကလည်း ကျွန်တော့်ကို ခေါ်ထားတာတော့ ရှိပေမယ့် ဟင်္သာတ မြို့ကပဲ အရွေးခံမယ်၊ ဒီဒေသမှာ ရှိတဲ့ လယ်သမားတွေကို ငွေချေးဖို့ဆိုပြီး သမဝါယမဝန်ကြီး အဖြစ်နဲ့ရော လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး အဖြစ်နဲ့ပါ ရောက်ခဲ့တယ်။ ဒါတွေက ကျွန်တော့်အတွက် အမှတ်ရစရာတွေပါ” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

၎င်းက ယင်းသို့ ပြောဆိုခြင်းသည် လက်ရှိ အာဏာရ ပါတီ၏ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦး က ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ပထမဆုံးအကြိမ် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ ပြိုင်ဘက် ပါတီများအနက် အဓိက ယှဉ်ပြိုင်ရမည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲဆန္ဒနယ် ရွေးချယ်မည့် အကြောင်း ထုတ်ဖော် ပြောကြားခြင်း မရှိခင် ပြောဆိုခြင်းလည်း ဖြစ်ကြောင်း ပုသိမ်မြို့ရှိ နိုင်ငံရေး လေ့လာသူ တစ်ဦးက သုံးသပ်သည်။

“သူ့နယ်မြေမှာ ပြန်ပြိုင်မယ်ဆိုတာ ဆန်းတော့ မဆန်းပါဘူး။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲ လိုတော့ လွယ်မှာ မဟုတ်ဘူး” ဟု ဟင်္သာတမြို့ရှိ လူ့အခွင့်အရေးကွန်ရက် အဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးသည်၂၀၁၀ ရွေးကောက်ပွဲ၌ ဟင်္သာတ မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူ တစ်ဦးဖြစ်ပြီး၂၀၁၂ ခုနှစ် အတွင်းက ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်၏ လုပ်ပိုင်ခွင့်များအား ထိပါးစေနိုင်သော စကားများ ပြောဆိုခဲ့ရာ ထိုစဉ်က ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ တာဝန် ယူထားပြီး ယခု သာသနာရေး ဝန်ကြီးအဖြစ် တာဝန်ယူလျက် ရှိသည့် ဦးဆန်းဆင့်က တရားစွဲဆိုရန် စီစဉ်ခဲ့ဖူးသူ တစ်ဦးဖြစ်သည်။

လက်ရှိအချိန်၌ အဓိက ယှဉ်ပြိုင်ဘက် ဖြစ်လာနိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဟင်္သာတခရိုင်၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကိုသာ လုပ်ဆောင်လျက် ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲ အတွက် စည်းရုံးရေး လုပ်ငန်းစဉ်များ စတင်ခြင်း မရှိသေးပေ။

The Voice Weekly

No comments:

Post a Comment

My Blog List