Friday, March 14, 2014

၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး လွှတ်တော်တွင်း နိုင်ငံရေးလုပ်ရန် ဆုံးဖြတ်

ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည့် မြန်မာနိုင်ငံရေး ဖြစ်စဉ်တွင် အရပ်ဘက်လူ့အဖွဲ့အစည်း လှုပ်ရှားမှု များ လုပ်ကိုင်နေရာမှ လွှတ်တော် နိုင်ငံရေးသို့ ကူးပြောင်း လုပ်ဆောင်ရန် ဆုံးဖြတ်ချက် ချထားကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက The Voice သို့ ပြောကြားသည်။
မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် မီကာဆာဟိုတယ်တွင် ပြု လုပ်သော ရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ အလုပ်ရုံ ဆွေးနွေးပွဲ အပြီးတွင် The Voice နှင့် တွေ့ဆုံစဉ်၌ ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး ကူးပြောင်းမှု ဖြစ်စဉ်များတွင် လစ်လပ်နေသော နေရာများကို ဝင်ရောက် ဖြည့်ဆည်း ပေးနိုင်ရန် အတွက် လွှတ်တော်တွင်း နိုင်ငံရေးလုပ်ရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

“ရွေးကောက်ပွဲကိုလည်း ဝင်ရောက် ယှဉ်ပြိုင်မှာပါ၊ ဒါပေမဲ့ ဒီ ၂၀၁၅ ကို ဝင်ပြိုင်မှာလား၊ ဘယ်လို ပုံစံနဲ့ ဝင်ရောက် ယှဉ်ပြိုင်မလဲ ဆိုတာတော့ ပြောလို့ မရသေးပါဘူး” ဟု ၎င်းကဆိုသည်။

ထို့အပြင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီအမည်ကိုလည်း ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ဦးကိုကိုကြီးသည် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတွင် ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင်များနှင့် အတူ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဟောပြော ဆောင်ရွက်နေပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံထားသည်။

ထို့အပြင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးမှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံထားပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက လွှတ်တော်ရေးရာကိစ္စရပ်များတွင် ဝင်ရောက် ပါဝင်လာရန် ကမ်းလှမ်းခြင်း ခံထားရသူ တစ်ဦးဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List