Tuesday, February 04, 2014

White Card ကိုင်သူများကို မဲပေးခွင့် ပယ်ဖျက်ပေးရန် စစ်တွေတွင် လူနှစ်ထောင်ကျော် ဆန္ဒပြ



ရွေးကောက်ပွဲတွင် ယာယီ သက်သေခံလက်မှတ် (White Card) ကိုင်ဆောင်သူများကို ရွေးကောက်ပွဲ ဝင်ခွင့်၊ ဆန္ဒမဲပေးခွင့်ကို ပယ်ဖျက်ပေးရန် ဖေဖော်ဝါရီလ ၃ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လူနှစ်ထောင်ကျော် ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း အဆိုပါဆန္ဒပြမှုကို ဦးဆောင်သူ ဒေါ်ညိုအေးက ပြောကြားသည်။

အဆိုပါဆန္ဒပြပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့ စစ်တွေမြို့ ဦးဥတ္တမပန်းခြံမှ ဝင်္ကပါကွင်း အထိ သုံးနာရီကြာ လမ်းလျှောက် ချီတက်ဆန္ဒပြ ခဲ့ကြကြောင်း ဆန္ဒပြသူများထံမှ သိရှိရသည်။

White Card ကိစ္စအပြင် ရခိုင်ပြည်နယ်မှ လုံခြုံရေးတပ်ဖွဲ့များကို ခေတ်မီလက်နက် တပ်ဆင်ကာ အရေးပေါ် အခြေအနေများတွင် အထက်အမိန့် စောင့်နေရန် မလိုဘဲ ကာကွယ်ပိုင်ခွင့်အရ ပစ်မိန့်ပေးထားရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ အတိုင်း နိုင်ငံသားစိစစ်မှုကို အမြန်ဆုံးလုပ်ရန်၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများကို အလိုမရှိ၊ နယ်စည်းမထား ဆရာဝန်များအဖွဲ့-ဟော်လန် (MSF) ခုနစ်ရက်အတွင်း ထွက်သွားရန် စသည့် အချက်များကို တောင်းဆိုခဲ့ ကြကြောင်း ၄င်းတို့ထံမှ သိရှိရသည်။

White Card ကိုင်ဆောင်သူများ သည် နိုင်ငံသားဖြစ်ခွင့် ရရှိထားသူများ မဟုတ်သဖြင့် မဲပေးခွင့်မပြုရန် တောင်းဆိုခြင်း ဖြစ်ကြောင်း၊ White Card ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုပါက နိုင်ငံ၏ အချုပ်အခြာအာဏာကိုပါ ထိပါးနိုင်ကြောင်း ဆန္ဒပြသူများက ပြောဆိုကြသည်။

ရခိုင်ပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံနေရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များကို ခေတ်မီလက်နက် တပ်ဆင်ရေးနှင့် လုပ်ပိုင်ခွင့်ပေးရေး အတွက် တောင်းဆိုခြင်း ဖြစ်ကြောင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် လူ့အဖွဲ့အစည်း နှစ်ခုကြား ခွဲခြားဆက်ဆံပြီး လတ်တလော မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ဖြစ်စဉ်တွင်လည်း သတင်းမှား များကို ထုတ်ပြန်ခဲ့သဖြင့် ဆန္ဒပြခြင်း ဖြစ်ကြောင်း ဒေါ်ညိုအေးက ဆက်လက် ပြောကြားသည်။

အလားတူ ဆန္ဒပြပွဲများကို မောင်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး စသည့် မြို့နယ်အချို့တွင် ထပ်မံ ပြုလုပ်မည် ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

မည်သည့်နိုင်ငံသားဟု ခွဲခြားမရသူများကို ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်သူများ အက်ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (င) အရ White Card ထုတ်ပေးခဲ့ခြင်း ဖြစ်ပြီး မဲပေးခွင့်မပေးခွင့်မှာ ရွေးကောက်ပွဲကော် မရှင် နှင့်သာ သက်ဆိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် White Card ကိုင်ဆောင်သူ ခြောက်သိန်းခန့်ရှိကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List