အမေရိကန်နဲ့ စစ်ရေးလေ့ကျင့်မှုလုပ်ဖို့ စီစဉ်ထားတာကို တောင်ကိုးရီးယားဖက်က မရုတ်သိမ်းရင် မိသားစုပြန်လည်တွေ့ဆုံရေး သဘောတူညီချက်ကို ပယ်ဖျက်ပစ်မယ်လို့ မြောက်ကိုးရီးယားက ခြိမ်းခြောက် ပြောဆိုထားပါတယ်။
ကိုးရီးယားစစ်ပွဲအတွင်း တကွဲတပြားစီ ဖြစ်နေတဲ့ တောင်နဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေကို နယ်စပ် အပန်းဖြေစခန်းမှာ ဒီလနှောင်းပိုင်းအတွင်း တွေ့ဆုံခွင့်ပေးဖို့ နှစ်နိုင်ငံ အစိုးရက သဘောတူထားပြီးနောက်
မြောက်ကိုးရီးယားနိုင်ငံက ခုလို ခြိမ်းခြောက်မှု လုပ်နေတာ ဖြစ်ပါတယ်။
ဒီလို အရေးကြီးတဲ့ သဘောတူညီမှုကို ရရှိပြီးနောက် တောင်ကိုးရီးယားနိုင်ငံက ရန်လိုတဲ့ အပြုအမူတွေ လုပ်ဆောင်တာဟာ အမျက်ဒေါသထွက်စရာဖြစ်နေတယ်လို့ မြောက်ကိုးရီးယားက ပြောပါတယ်။
တွေ့ဆုံဆွေးနွေးမှုတွေလုပ်နေတုန်း စစ်ဆင်ရေးလုပ်နေလို့ မရဘူးလို့လည်း ပြောလိုက်ပါတယ်။
တောင်ကိုးရီးယား အစိုးရကတော့ မိသားစုတွေ့ဆုံမှုနဲ့ စစ်ရေးလေ့ကျင့်မှုဟာ အဆက်အစပ်မရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။
မြောက်ကိုးရီးယားအစိုးရဟာ မိသားစုတွေနဲ့ နှစ် ၆၀ လောက် ကွဲကွာနေရတဲ့ သက်ကြီးရွယ်အိုတွေရဲ့ မျော်လင့်ချက်ကို မဖျက်ဆီးသင့်ဘူးလို့ တောင်ကိုးရီးယားက ပြောပါတယ်။
တောင်ကိုးရီးယားနိုင်ငံက အမေရိကန်နဲ့ ဖေဖော်ဝါရီလကုန်ပိုင်းမှာ စစ်ရေးလေ့ကျင့်ဖို့ ရှိပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း မိသားစုတွေကို ပြန်လည်တွေ့ဆုံခွင့်ပေးဖို့ သဘောတူခဲ့ကြပေမယ့် တောင်ကိုးရီးယားရဲ့ လုပ်ရပ်တွေအပေါ် မကျေနပ်တဲ့အတွက် မြောက်ကိုးရီးယားအစိုးရက ပယ်ဖျက် လိုက်ပြီးနောက် မိသားစုတွေ့ဆုံဖို့ အခွင့်အရေး ပျက်ပြယ်ခဲ့ရပါတယ်။
ABC
No comments:
Post a Comment