Wednesday, February 05, 2014

ယူနတီဂျာနယ်၌ဖော်ပြခဲ့သည့် ပေါက်မြို့နယ်မှ လျှို့ဝှက်လက်နက်စက်ရုံ သတင်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေ


ယူနတီဂျာနယ်၌ဖော်ပြခဲ့သည့် ပေါက်မြို့နယ်မှ လျှို့ဝှက်လက်နက်စက်ရုံသတင်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ပခုက္ကူအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ပေါက်မြို့နယ် ယူနတီနယ်သတင်းထောက် ကိုလူမော်နိုင်အား သွားရောက်တွေ့ဆုံသည့် ဇနီးဖြစ်သူ မလွင်လွင်မြင့်နှင့် နှစ်နှစ်အရွယ် သမီးဖြစ်သူနှစ်ဦးတို့မှာ ဖေဖော်ဝါရီ ၃ ရက် နေ့လယ်ပိုင်းမှစ၍ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းအထိ ပျောက်ဆုံးလျက်ရှိပြီး သက်ဆိုင်ရာမှ ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ သတင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးခင်ဌေးက "ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်ဘာမှမသိပါဘူး" ဟု ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ကိုလူမော်နိုင်အား ပခုက္ကူအကျဉ်းထောင်သို့ သွားရောက်တွေ့ဆုံရာ၌ ၎င်းင်း၏ဇနီး မလွင်လွင်မြင့်နှင့်အတူ အဖော်အဖြစ် လိုက်ပါသွားရာမှ ထိန်းသိမ်းခံထားရသည့် ကိုဝင်းမင်းအောင်နှင့် မဖူးပွင့်လှိုင်တို့နှစ်ဦးမှာ ဖေဖော်ဝါရီ ၄ ရက် နေ့လယ်ပိုင်းတွင် ပေါက်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ကိုဝင်းမင်းအောင်နှင့် မဖူးပွင့်လှိုင်တို့ထံသို့ ၎င်းတို့အား ခေတ္တထိန်းသိမ်းခဲ့သည့်နေရာနှင့် မလွင်လွင်မြင့်တို့ သားအမိ၏အခြေအနေအား ဆက်သွယ်မေးမြန်းရာ သက်ဆိုင်ရာမှ ၎င်းတို့ကြုံတွေ့ခဲ့ရသည့် အခြေအနေအား မည်သူ့ကိုမှ ပြန်မပြောရန် ခံဝန်ကတိထိုးခဲ့ရကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ၎င်းတို့ မည်သို့ကြုံတွေ့ခဲ့ရသည်ကို မေးမြန်း၍ မရခဲ့ပေ။

မလွင်လွင်မြင့်နှင့် နှစ်နှစ်အရွယ် သမီးဖြစ်သူအား ပခုက္ကူအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည့်အတွက် ပခုက္ကူအကျဉ်းထောင်သို့ သွားရောက်မေးမြန်းရာ ထောင်မှူးဖြစ်သူက ပခုက္ကူအကျဉ်းထောင်တွင် မလွင်လွင်မြင့်အား ထိန်းသိမ်းထားခြင်း မရှိကြောင်း၊ မည်သူကမှလည်း လာရောက်ပို့ဆောင်ထားခြင်း မရှိကြောင်း ပြန်လည်ဖြေကြားသည်။

မလွင်လွင်မြင့် ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းတွင် ပေါက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးမှ မလွင်လွင်မြင့်နှင့် ပတ်သက်ပြီး အမှုဖွင့်ထားခြင်းမရှိ (သို့မဟုတ်) အခြားအကြောင်းအရာနှင့် ပတ်သက်၍လည်း ဘာမှမသိရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

ပခုက္ကူအကျဉ်းထောင်သို့ ကိုလူမော်နိုင်အား ဇနီးဖြစ်သူ မလွင်လွင်မြင့် သွားရောက်တွေ့ဆုံချိန် ဖေဖော်ဝါရီ ၃ ရက် နေ့လယ်ပိုင်းတွင် ပေါက်မြို့၌ ကျန်ရှိခဲ့သော ၎င်းတို့၏နေအိမ်သို့ သက်ဆိုင်ရာတာဝန်ရှိသူ ၁၅ ဦးခန့် ၀င်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး နေအိမ်အတွင်းရှိ လက်ပ်တော့အား တာဝန်ရှိသူများက သိမ်းယူသွားကြောင်း မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။

မလွင်လွင်မြင့်၏ အစ်ကိုဖြစ်သူကို အောင်ကျော်ကျော်က "မနေ့က နေ့လယ် ၁၂ နာရီလောက်မှာ မလွင်လွင်မြင့်က ကျွန်တော့်ဆီကို ဖုန်းဆက်တယ်။ သူအခု ပခုက္ကူအကျဉ်းထောင်ရှေ့ကို ရောက်နေတယ်။ သူနဲ့အတူပါလာတဲ့ အဖော်နှစ်ယောက်ဆီမှာ ဖုန်းထားခဲ့ပြီး ကိုလူမော်နိုင်ကို ထောင်ဝင်စာဝင်တွေ့တော့မယ်လို့ ပြောတယ်။ ဒါကကျွန်တော်နဲ့ မလွင်လွင်မြင့်နဲ့ နောက်ဆုံးဆက်သွယ်လို့ရတဲ့ ဖုန်းပဲ။ အဲဒီနောက်ပိုင်း ဆက်သွယ်လို့မရတော့ဘူး။
အဖော်ပါသွားတဲ့နှစ်ယောက်ကို သက်ဆိုင်ရာက ထိန်းသိမ်းလိုက်တယ်လို့ သိရတယ်။ ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းမှာ အဖော်နှစ်ယောက်ကို ပြန်လွှတ်လိုက်ပြီလို့ အဖော်ပါသွားတဲ့ ဖူးပွင့်လှိုင်နဲ့ ကျွန်တော်နဲ့ဖုန်းရတယ်။ သူတို့ကို တာဝန်ရှိသူတွေက မလွင်လွင်မြင့်(အဖမ်းခံထားရသော သတင်းထောက် ကိုလူမော်နိုင်၏ဇနီး)ကိုလည်း မကြာခင် ပြန်လွှတ်ပေးမှာပါ။ မစိုးရိမ်ပါနဲ့ဆိုပြီး မှာလိုက်တယ်လို့လည်း ပြောပြတယ်။ အခုဆိုရင် မလွင်လွင်မြင့် ထိန်းသိမ်းခံထားရတာ ၂၄ နာရီ ကျော်နေပါပြီ။ ဘာကြောင့် ထိန်းသိမ်းခံထားရတယ်ဆိုတာ မသိရသေးပါဘူး။ တာဝန်ရှိသူတွေအနေနဲ့ ဒီကိစ္စကို တရားဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ပါလို့ ပြောချင်တယ်" ဟု ပြောကြားသည်။

ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ မလွင်လွင်မြင့် ထိန်းသိမ်းခံထားရသည့် အခြေအနေနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက မလွင်လွင်မြင့်နှင့်ပတ်သက်၍ ၎င်းတို့ဘာမှ မသိရှိကြောင်းသာ ပြန်လည်ဖြေကြားခဲ့ပြီး မလွင်လွင်မြင့်နှင့် အဖော်အဖြစ်လိုက်ပါရာမှ ခေတ္တထိန်းသိမ်းခံခဲ့ရပြီး ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာသူနှစ်ဦး၏ မိတ်ဆွေတစ်ဦး ပြောပြချက်အရ မလွင်လွင်မြင့်နှင့် အဖော်ပါသွားသူနှစ်ဦးအား ပခုက္ကူမြို့ရှိ စစ်တပ်တစ်ခုအတွင်း ခေါ်ယူသွားခြင်းဖြစ်ပြီး ခရိုင်သတင်းတပ်ဖွဲ့က လာရောက်စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယူနတီဂျာနယ်၌ ဖော်ပြခဲ့သည့် ပေါက်တောမြို့နယ်မှ လျှို့ဝှက်လက်နက်စက်ရုံ သတင်းဖော်ပြမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခံနေရသည့် အဆိုပါဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းအပါအ၀င် သတင်းထောက်သုံးဦးကို မိသားစုဝင်များက ဖေဖော်ဝါရီ ၄ ရက်အင်းစိန်ထောင်၌ ထောင်ဝင်စာ လာရောက်တွေ့ဆုံခဲ့ကြကြောင်း သိရသည်။ ထို့သို့တွေ့ဆုံရန်အတွက် ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဦးတင်ဆန်း၏ အစ်မ၊ ယောက်ဖ၊ တူ၊ ၎င်း၏ပြောရေးဆိုခွင့်ရှိသူ ကိုသီဟအောင်တို့ လာရောက်တွေ့ဆုံခဲ့ပြီး နှစ်နာရီခန့် တွေ့ဆုံခွင့်ရခဲ့ကြောင်း သိရသည်။

ထိုသို့ထောင်ဝင်စာ လာရောက်တွေ့ဆုံခဲ့သည့် ယူနတီဂျာနယ်တိုက်ရုံးအဖွဲ့မှ ဦးတင်ဆန်း၏ တူဖြစ်သူ ကိုအောင်ဝင်းထွန်းက "ဦးလေးက အင်းစိန်ထောင်ထဲကို ရောက်နေတယ်ဆိုတာ မနေ့က ည ၉ နာရီခွဲလောက်မှာမှ သိရပါတယ်။ ဒဂုံတောင်စခန်းမှူးက ဦးလေးရဲ့အိမ်ကို လာပြောတယ်လို့ သိရတယ်။ ထောင်ထဲမှာ ဦးလေးကို မေးကြည့်တော့ စနေနေ့ကတည်းက ဒီထောင်ထဲကို ရောက်နေတာလို့ ပြောပါတယ်။ စစ်ဆေးမေးမြန်းတာတွေကလည်း ဥပဒေဘောင်ထဲကပဲ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်"ဟု ဇန်န ၀ါရီ ၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် အင်းစိန်ထောင်ရှေ့၌ ပြောကြားခဲ့သည်။

ထို့ပြင် ယူနတီဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းမှာ အင်းစိန်ထောင် အဆောင်အမှတ် (၅)၊ အခန်း (၂) တွင် ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း ဦးတင်ဆန်း၏ တူဖြစ်သူက ပြောကြားသည်။

"ကျွန်မတို့မနက်က ကိုရာဇာဦးကို အင်းစိန်ထောင်မှာ သွားတွေ့တယ်။ တွေ့တော့ ရောက်ရောက်ချင်း ထောင်အပေါက်ဝမှာ လုံခြုံရေးတာဝန်ကျတဲ့ရဲတွေက ဘာလုပ်မှာလဲလို့ပြောတယ်။ ထောင်ဝင်စာတွေ့မယ်ဆိုရင် ထောင်ဝင်စာတွေ့တဲ့ လုပ်ထုံးလုပ်နည်း လုပ်ရမယ်လို့ပြောတယ်။ ကျွန်မယောက်ျားက စစ်ဆေးခံနေရဆဲ အခြေအနေဖြစ်ပေမယ့် အကျဉ်းသားတစ်ယောက်ကို ထောင်ဝင်စာတွေ့တဲ့ ပုံစံအတိုင်းပဲ ဖောင်တွေဖြည့်ရတယ်။ သွားတွေ့တော့ သူများတွေနဲ့ ရောရောနှောမတွေ့ရဘူး။ သီးသန့်ပဲတွေ့ရတယ်။ ကျွန်မတို့နှစ်ယောက်ရဲ့အလယ်မှာ မှန်တစ်ချပ်ခြားထားတယ်။ တယ်လီဖုန်းနဲ့ စကားပြောရတယ်" ဟု အင်းစိန်ထောင်တွင်း အချုပ်ကျခံနေရသည့် ကိုရာဇာဦး၏ ဇနီးဖြစ်သူ မသိင်္ဂီထွန်းက ပြောကြားသည်။

ယင်းကဲ့သို့ ထောင်ဝင်စာသွားရောက်တွေ့ဆုံရာတွင် ကိုရာဇာဦးဘက်တွင် ရဲလုံခြုံရေးတစ်ယောက်၊ မသိင်္ဂီထွန်းဘက်တွင် ရဲလုံခြုံရေးတစ်ယောက်ဖြင့် လုံခြုံရေးရယူထားပြီး ၎င်းတို့ပြောကြားသည့် စကားများကိုလည်း မှတ်တမ်းရယူထားကြောင်း မသိင်္ဂီထွန်းက ဆက်လက်ပြောပြသည်။

"ကျွန်မယောက်ျားက အစစ်ခံနေရဆဲ အချိန်ဖြစ်ပေမယ့် ထောင်သားတစ်ယောက်လို ဖြစ်နေရတယ်။ ရိုက်နှက်စစ်ဆေးတာတွေတော့ မရှိပါဘူး။ မနက်၊ နေ့လယ်၊ ညစာလည်း ကျွေးတယ်လို့ သူ(ကိုရာဇာဦး)က ပြောပါတယ်။ ပြီးတော့ သူတို့လေးယောက်ကိုသူများတွေနဲ့ ရောမထားဘဲ သတ်သတ်ထားတယ်လို့ပြောတယ်"ဟု ၎င်း၏ဇနီးဖြစ်သူက ပြောကြားသည်။

ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်သုံးဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့က စစ်ဆေးနေပြီး အမှုကိုအမြန်ဆုံးတည်ဆောက်ကာ တရားရုံးသို့ စွဲဆိုတင်ပို့သွားမည်ဖြစ်ကြောင်း သတင်းတပ်ဖွဲ့ခွဲမှူး (ရန်ကုန်) မှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး ကျော်ကျော်ဟန်က ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List