Friday, February 07, 2014

ထိုင်ဝမ်သမ္မတနှင့် တရုတ်သမ္မတတို့ ထိပ်တိုက် ဆွေးနွေးရန် ထိုင်ဝမ် မျှော်လင့်




တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထိုင်ဝမ် ဝန်ကြီးတစ်ဦးက သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် သွားရောက် လည်ပတ် တွေ့ဆုံမည့် အစီအစဉ်ရှိရာ ယင်းခရီးစဉ်မတိုင်ခင် ၎င်းက ထိုင်ဝမ် သမ္မတ မာရင်ဂျိုးနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံကြကာ ညှိနှိုင်းဖလှယ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အာရှပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ညီလာခံသည် တရုတ်သမ္မတ ရှီနှင့် ထိုင်ဝမ်ခေါင်းဆောင် မာတို့ တွေ့ဆုံကြရန် အကောင်းမွန်ဆုံးသော နေရာဖြစ်သည်ဟုလည်း တရုတ်နိုင်ငံသို့ ခရီးထွက်ခွာမည့် ထိုင်ဝမ် ပြည်မကြီးရေးရာကောင်စီ ဝန်ကြီး ဝမ်ယုချီက ပြောကြားခဲ့သေးသည်။

ပြီးခဲ့သည့် ဆယ်စုနှစ် ခြောက်ခု အတွင်းက ဆိုးရွားသော ဆက်ဆံရေး ရှိခဲ့သည့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနှင့် ထိုင်ဝမ်ကျွန်းတို့တွင် ပထမဆုံးအကြိမ် အစိုးရဝန်ကြီးအဆင့် ဆက်ဆံရေး စတင်ခဲ့ခြင်းဟု ဆိုနိုင်သည်။

“သင့်တော်တဲ့ အချိန်နေရာမှာ နှစ်ဖက် ခေါင်းဆောင်တွေ တွေ့ဆုံကြခြင်းကို ကျွန်တော်တို့ မြင်လိုပါတယ်” ဟု တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် စီးပွားရေး သွားလုပ်နေသည့် ထိုင်ဝမ် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“သမ္မတ မာနဲ့ သမ္မတ ရှီတို့ တွေ့ဆုံကြဖို့ ကျွန်တော် အရေးဆိုသွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ တွေ့မယ်ဆိုရင်တော့ APEC ညီလာခံဟာ အကောင်းဆုံးနေရာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၄ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီးညီလာခံကို ဘေဂျင်းတွင် အောက်တို ဘာလတွင် ပြုလုပ်မည် ဖြစ်သည်။

ယမန်နှစ်က ထိပ်သီး ညီလာခံကို အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ခဲ့ပြီး ထိုင်ဝမ် ဒုတိယ သမ္မတ ဗင်းဆင့်ဆူးနှင့် ကြားဖြတ် တွေ့ဆုံခဲ့သည်။

တရုတ်နှင့် ထိုင်ဝမ်ကြားရှိသည့် တင်းမာမှုများ ဖြေလျှော့သွားပြီးနောက် ၂၀၀၈ တွင် နှစ်နိုင်ငံ အရာရှိများ အဆင့် တွေ့ဆုံဖြစ်သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး ကူမင်တန် ပါတီစစ်တပ်နှင့် တရုတ်ကွန်မြူနစ် ပါတီ စစ်တပ်တို့ တိုက်ခိုက်ခဲ့ကြပြီးနောက် ၁၉၄၉ တွင် ပြီးခဲ့သွားခဲ့သည်။

ထိုင်ဝမ်ကို နိုင်ငံတစ်နိုင်ငံအဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက အသိအမှတ် မပြုခဲ့ဘဲ ယင်းဒေသကို ပြန်လည် သိမ်းပိုက်ရန်အတွက် စစ်အင်အားဖြင့် ဆောင်ရွက်မည် မဟုတ်ကြောင်း ကတိပြုထားဖူးသည်။

The Voice Weekly

No comments:

Post a Comment

My Blog List