Wednesday, February 05, 2014

ရှမ်းအမျိုးသားနေ့ အခမ်းအနားတွင် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ဖိတ်ကြားထား


(၆၇)ကြိမ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖိတ်ကြားထားကြောင်း ရှမ်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီမှ သိရသည်။

အဆိုပါ ရှမ်းအမျိုးသားနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက် ညနေ ၆ နာရီမှစတင်ကာ ပြည်သူ့ရင်ပြင်၌ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့မှ ခေါင်းဆောင်များကိုပါ ဖိတ်ကြားထားကြောင်း သိရသည်။

ထို့ပြင် ဒေသထွက်ရှမ်းရိုးရာ အစားအစာများ၊ ရိုးရာလက်မှုပစ္စည်းများနှင့် အ၀တ်အထည်များ ရောင်းချသွားမည်ဖြစ်ကြောင်းနှင့် ရှမ်းတိုင်းရင်းသားအကအဖွဲ့ ပအို့ဝ်၊ ပလောင်၊ ဓနု၊ တက္ကသိုလ်ရှမ်းစာပေနှင့် ယဉ်ကျေးမှု၊ တောင်ကြီးအသင်း၊ အင်းလေးအသင်း၊ ရှမ်းနီ၊ အခါ၊ လားဟူ၊ ထုပ်မောင်း (မောရှမ်း)အဖွဲ့၊ တိုက်ကြီးနှင့် အုတ်ကျင်းအဖွဲ့ စသည့်အဖွဲ့ပေါင်း ၁၄ ဖွဲ့မှ ကပြဖျော်ဖြေသွားမည်ဖြစ်ပြီး ရှမ်းတိုင်းရင်းသားမဟုတ်သည့် ပြင်ပအနုပညာရှင်များကိုပါ ဖိတ်ကြားထားကြောင်း သိရသည်။

ယခုနှစ်အမျိုးသားနေ့ကို ရန်ကုန်မြို့အပြင် တောင်ကြီး၊ ကျောက်မဲ၊ နမ့်ခမ်းနှင့် ကျိုင်းတုံမြို့များတွင်ပါ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

"မနှစ်ကတော့ ရှမ်းပြည်နယ်နေ့ဆိုပြီး ကျင်းပခဲ့တယ်။ အရင်က ရန်ကုန်မှာ ရှမ်းအမျိုးသားနေ့ဆိုပြီး ကျင်းပခွင့်မရခဲ့တဲ့အတွက် ရှမ်းတိုင်းရင်းသား ရိုးရာပဒေသာအကအနေနဲ့ ကျင်းပခဲ့တယ်။ မနှစ်ကတော့ ရှမ်းပြည်နယ်နေ့ဆိုပြီး ကျင်းပခွင့်ရခဲ့တယ်။ ဒီနှစ်ကတော့ ရှမ်းအမျိုးသားနေ့အဖြစ်ပြောင်းပြီး ကျင်းပမယ်။ ရှမ်းအမျိုးသားနေ့ဆိုတာက ရှမ်းလူမျိုးတစ်မျိုးတည်းမဟုတ်ဘဲ တစ်နိုင်ငံလုံးတွင်ရှိသော ရှမ်းတိုင်းရင်းသားမျိုးနွယ်များပါဝင်တာကို ဆိုလိုချင်လို့ ဒီလိုခေါင်းစဉ်ပြောင်းပြီး ကျင်းပရတာပါ"ဟု ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းကျောက်တစ်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List