Thursday, February 06, 2014

ပြည်သူများကို တပ်မတော်က အခမဲ့ ခိုင်းစေခြင်းမရှိဟု ကာကွယ်ရေး ဒုဝန်ကြီးဆို




တပ်မတော်က ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူလူထုကို အခမဲ့ ခိုင်းစေခြင်း မရှိကြောင်း ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုး၏ တပ်မတော်သည် ပြည်သူများကို အခကြေးငွေ အပြည့်အဝမပေးဘဲ စေခိုင်းမှုများရှိကြောင်း ဆွေးနွေး ချက်ကို ၎င်းကအထက်ပါအတိုင်း ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာ့တပ်မတော်နှင့် သက်ဆိုင်သည့် လုပ်ငန်းရပ်များတွင် ပြည်သူ များကို စေခိုင်းရာ၌ အခကြေးငွေ မပေးသည့် ခိုင်းစေမှုနှင့် အခကြေးငွေ အပြည့်အဝ မပေးသည့် မည်သည့် ခိုင်းစေမှုမျှ မရှိကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွှန့်က ပြောဆိုသည်။

“အဲဒီလို အခကြေးငွေ မပေးဘဲ ခိုင်းစေဖို့ ဥပဒေအရလည်း ခွင့်ပြုထားခြင်း မရှိပါဘူး” ဟု ၎င်းကဆိုသည်။

ယင်းသို့ တပ်မတော်မှ အခကြေးငွေ ပေးခိုင်းစေသည်ဟု ဆိုသော်လည်း လုပ်ခ အပြည့်အဝ ရရှိခြင်းမရှိဘဲ ကာကွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များတွင် ပျော့ကွက်၊ ဟာကွက်များ ဖြစ်နေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ထောက်ပြသည်။

ထို့ပြင် “မြေယာ ပြဿနာတွေကြောင့် တိုင်းပြည်အတွက် အကြီးမားဆုံး အနစ်နာ ခံနေရတဲ့ တပ်မတော်ကို ပြည်သူတွေ ချစ်ကြည်လေးစားမှု ကျဆင်းရတာဟာ အလွန်နှမြောစရာ ကောင်းပါတယ်” ဟု ၎င်းက ဆိုသည်။

ပြဿနာ အနည်းငယ်ကြောင့် တပ်မတော်အပေါ် ပြည်သူက ချစ်ကြည် လေးစားမှု လျော့နည်းသွားမည် ဆိုခြင်းကို တပ်မတော် သမိုင်းကြောင်းကိုသိသော အဖွဲ့အစည်းများက ယုံကြည်မည် မဟုတ်ကြောင်း ဗိုလ်ချုပ်ကျော်ညွန့်က ပြန်လည် ချေပသည်။

မြေယာ ပြဿနာများကို ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရ မှုကြောင့် ပြည်သူများ မနစ်နာစေရေး စုံစမ်းရေး ကော်မရှင်နှင့် ညှိနှိုင်းပြီး လယ်ယာမြေ အမှုပေါင်း ၃၃၂ မှု ဖြေရှင်းထားပြီး ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List