Tuesday, February 04, 2014

ဝန်ကြီး ဦးအုံးမြင့်၏ပြောစကားနှင့်ပတ်သက်၍ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမှ အရေးကြီး အဆို ယနေ့တင်သွင်း



ဥက္ကဋ္ဌကြီးခင်ဗျား
 
ကျွန်တော်အခုတင်ပြမဲ့ အရေးတကြီးအဆိုကတော့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက် ဒေသ၀န်ကြီးမှ ပြည်ထောင်စုဝန်ကြီး ဦးအုံးမြင့်၏ကိစ္စပဲဖြစ်ပါတယ်။ ဥက္ကကြီးနှင့်လွှတ်တော်ကိုယ်စား လှယ်များလည်းကြားသိပြီးဖြစ်ပါလိမ့်မယ်။ ကျွန်တော် တင်ပြချင်တာကတော့- တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ ပြည်သူလူထုနှင့်တွေ့ ဆုံစဉ်ကလည်းကောင်း၊ မကွေး တိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် ကလည်း ကောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်များနှင့် စပ်လျဉ်း၍ အမြန်ဆုံးတာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုပဲဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား
မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် သည် အောက်တိုဘာလ ၂၅ ရက် ၂၀၁၃ ခုနှစ်မှာ" တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာပြည်သူလူထုနှင့်တွေ့ဆုံစဉ် ကျေးလက်ကျောက်ခင်း လမ်းပြုပြင်ရေး နှင့်ပါတ်သက်၍ ကျောက်ခင်း လမ်းခင်းပေးဖို့ ၀န်ကြီးကပြောကြားရာ ဒေသခံပြည်သူ တစ်ဦးက ကျောက်ခင်းလမ်းအစား ကွန်ကရစ်လမ်း ခင်းပေးဖို့ တောင်းဆိုရာမှာ- ပြည်ထောင်စုဝန်ကြီး ကယခင်အစိုးရမှာလည်း ငါပါတယ်၊ ဒီအစိုးရမှာလည်း ငါပါတယ်၊ ဘာမှထော်လော် ကန့်လန့် မလုပ်နဲ့ ပါးရိုက် ခံရမယ်၊ မကျေနပ်ရင်တောခို- ဟုပြောကြားခဲ့သည်။ ထို့အတူ ၂၀၁၄ ခုနှစ်ဇန်န၀ါရီ ၂၈ ရက်ကလည်း မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သစ်ရာကောက် ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် အောက်ပါစကားများကိုလည်း ပြောကြားခဲ့သည်ဟုသိရှိရသည်။ ၀န်ကြီး ပြောစကားများကို ကောက်နုတ်ဖေါ်ပြရပါလျှင်-

" ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်းပြောလာတာ၊ ကျွှန်တော်ပြောတာ၊ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး"ဟုလည်းကောင်း၊

" နိုင်ငံရေး စကားဆိုတာ တက်နေတဲ့အစိုးရပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာဘဲ၊ ပါးစပ်နဲ့တွယ်လို့မရရင် အချုပ်ထဲထည့်မှာဘဲ၊ နိုင်ငံတကာမှာ ဒီလိုဘဲကျင့်သုံးနေတယ်၊ အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် မင်းအချုပ်ထဲသွားနေ၊ ငါတို့အစိုးရထွက်ရင်မင်းထွက် ဒါဘဲ၊ အဲ့တာ မင်းတို့ တရားဝင်ဘောင်ထဲက ပြောနိုင်တဲ့ ကောင်တွေ ပြော၊ ပြောခွင့်ရှိတဲ့အတွက်ကျွန်တော်ပြောတယ်"

" ကျွန်တော်တို့ခါးကြားမှာ သေနတ်ထိုးပြီးတော၊့ ပုခုံးပေါ်မှာသေနတ်လွယ်ပြီး အုပ်ချုပ်ခဲ့တာ ဘဲဟာ၊ ဘာမှ မတိုးတက်ဘူးပြော၊ သောက်ရူးတွေပြောနေတာ၊ သောက်ရူးတွေပြောနေတာ မယုံနဲ့" - လည်းကောင်း ဆိုပြီးဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြိးက ဆက်လက်ပြီး လက်ရှိအစိုးရအပေါ် စေတနာပျက်အောင်မလုပ်ရန်နှင့် ဘုဂ လန့်မလုပ်ရန် ဒေသခံရွာ သားများကို မှာကြားသွားပြီး၊ ယင်းသို့လုပ်ဆောင်ပါက ငွေကြေး အထောက်အပံ့ လုံးဝပေးမည်မဟုတ်ကြောင်း ပြောသွားခဲ့သည်။

ဥက္ကဋ္ဌကြီးခင်ဗျား
ဒါတွေဟာ ပြည်ထောင်စုဝန်ကြီးပြောသွားတာတွေထဲကတစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ အပြည့်အစုံမှာ Unity အပတ်စဉ်ထုတ် ဂျာနယ်မှာ ပါပါတယ်၊ ပြောစကားတွေကိုခြုံငုံ၍ ကောက်ချက်ဆွဲလိုက်လျှင်

၁။ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေကို စော်ကားတဲ့အချက်။
၂။ ပြည်သူလူထုကိုခြိမ်းခြောက်တဲ့အချက်- စတဲ့

အချက်နှစ်ချက်ကိုတွေ့ရပါတယ်။ ဒီပြောကြားချက်ဟာ အုပ်ချုပ်ရေးတာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်ဖြစ်တဲ့အတွက် အံ့ဩတုန်လှုပ်ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တောင်အံ့ဩတုန် လှုပ်ရရင် တောသူတောင်သား ရိုးသားတဲ့ပြည်သူ လူထုဆိုရင် ဘယ်လောက် ကြောက်လိုက်မလဲ တွေးမိပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား
၃-နှစ်သားပြည့်ကာစလွှတ်တော်ကြီးဟာ ပြည်သူတွေရဲ့အသံ၊ ပြည်သူတွေရဲ့ဆန္ဒကို အကောင်ထည် ဖေါ်ဆောင်ရွက်နေတာ အတော်အသင့်လုပ်နိုင်ခဲ့ပြီး ဆက်လုပ်စရာတွေ ကျန်သေး တယ် ဆိုတာ ဥက္ကဌကြီးဘဲ မိန့်ကြားခဲ့ပါတယ် ။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ၀ါဒစွဲ မထားပဲပြည်သူ့အကျိုးကို ဆောင်ရွက်နေတဲ့ လွှတ်တော်ကြီး မှာ တက်ရောက်နေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ ပါတီကို ကိုယ်စားပြုပြီး တက်ရောက် နေကြတဲ့ နိုင်ငံရေးသမားများ ဖြစ်ကြပါတယ်၊ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဆိုတာ အနည်း ငယ်မျှသာပါရှိပါတယ်။ 

လွှတ်တော်ကိုယ်စားလှယ် ကြိးများဟာ ကောင်းမွန်သော၊တရားမျှတသော ဥပဒေများကိုပြဌာန်းနိုင်ဖို့ကြိုးစားနေကြသလို မတရားတဲ့၊အကျိုးမပြုတဲ့၊ ဖိနှိပ်တဲ့ ဥပဒေတွေ ပယ် ဖျက်တဲ့လုပ်ငန်းကို အစွမ်းကုန်လုပ်ဆောင်နေလို့ နိုင်ငံတကာကချီးကျူးနေကြတာဖြစ်ပါတယ်၊ ဒီလို အချိန်မျိုးမှာ အစိုးရကိုဆန့်ကျင်ရင် အချုပ်ထဲ ထည့်မှာဘဲ၊ နိုင်ငံတကာမှာလည်း ဒီလိုပဲ ကျင့်သုံး နေတယ် ဆိုပြီးပြောဆိုခဲ့တဲ့အတွက် နိုင်ငံတကာ အစိုးရများကိုပါ စော်ကားသလို ဖြစ်သွားပါတယ်။ အာဏာ(၃)ရပ် အပြန်အလှန်ထိန်းကျောင်းရမယ့် မူအရလည်း လွှတ်တော်များက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင် တို့ကို စောင့်ကြည့်တဲ့လုပ်ငန်း များကိုလည်း ကော်မတီများဖွဲ့စည်းပြီးဆောင်ရွက်နေကြတာပါ။

ဥက္ကဋ္ဌကြီးခင်ဗျား
လွှတ်တော်ကိုယ်စားလှယ်များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မူဘောင်တွင်းကလုပ်ဆောင်ပြီး အပြုသဘောနဲ့ဝေဖန်ထောက်ပြရင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် အောင် နိုင်ငံရေးအရ ဆောင်ရွက်နေချိန်မှာ ဘယ်နိုင်ငံရေးသမားကိုမှဂရုမစိုက်ဘူး၊ ဘယ်နိုင်ငံရေး ပါတီမှလည်းမကြောက်ဘူးဆို တဲ့ စကားရပ်ဟာ နိုင်ငံရေးပါတီတွေကို ကိုယ်စားပြုတက်ရောက် နေကြတဲ့ လွှတ်တော်ကြီးကို စော်ကားလိုက်တာပါပဲ၊ ဒီလိုစော်ကားခံရတာ၊လွှတ်တော်ဂုဏ်သိက္ခာကို ထိပါးခံရတာဟာ တတိယအကြိမ်ရှိသွားပါပြီ၊ လွှတ်တော်ကိုစော်ကားထိပါးတာဟာ ပြည်သူတွေကို စော်ကားထိပါးသလိုပါပဲ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့တွေဟာ ပြည်သူကိုကိုယ်စားပြုပြီး လွှတ်တော်ထဲရောက်လာကြလို့ပါ။

ဥက္ကဋ္ဌကြီးခင်ဗျား
ပြည်ထောင်စုဝန်ကြီးရဲ့ပြောစကားတွေဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုငြိမ်းချမ်းစွာ လုပ်ဆောင်နေမှုကို ကပျက်ကရက် လုပ်ဆောင်နေသလိုဖြစ်နေပါတယ်၊ ဘာကြောင့်လည်းဆိုတော့ အဆိုပါပြောစကားများ ကြောင့် မတည်မငြိမ် မှုတွေဖြစ်လာနိုင်ပါတယ်၊ ဆန္ဒဖေါ်ထုတ်မှုတွေဖြစ်လာ နိုင်ပါတယ်၊ အသွင်ကူးပြောင်းရေးကာလမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးလုပ်ငန်း အဖြစ် လုပ်ဆောင်နေချိန်မှာ တစ်ဦးပေါ်တစ်ဦး အထင်မြင်လွဲမှားမှုတွေဖြစ်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကို အနှောက်အယှက်ဖြစ်စေပါတယ်။
 
ပြည်သူလူထုအနေနဲ့လည်း မတရားမှုတွေကို ခေါင်းငုံခံ ၊အစိုးရလုပ်သမျှ ဘာမှမဆန့်ကျင်နဲ့၊ ခေါ်ရင် လာ၊ခိုင်းတာလုပ်၊ ခံမပြောနဲ့ဆိုတဲ့ အာဏာရှင် စနစ်ပုံစံကို ပြန်ဖေါ်ထုတ်နေသလို ခံစားရပါလိမ့်မယ်၊ ဒီမိုကရေစီနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပါတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံသား တစ်ဦးရဲ့ လွတ်လပ်စွာ ဖေါ်ထုတ်မှုတွေကို ချိုးဖောက်နေ သလိုဖြစ်နေပါတယ်။
 
သို့ပါ၍ ပြည်ထောင်စုဝန်ကြီးရဲ့ပြောကြားချက်များနှင့် စပ်လျဉ်း၍ အမြန်ဆုံးတာဝန်ယူဖြေရှင်း ဆောင်ရွက်ပေး ပါရန်ပြည်ထောင်စုအစိုးရသို့တိုက်တွန်းကြောင်း ပြည်သူ့ လွှတ်တော်မှတဆင့် အရေးတကြီး အဆိုတင်သွင်းအပ်ပါတယ်။ 

မှ- National League for Democracy
Popular Myanmar News Journal

No comments:

Post a Comment

My Blog List