Tuesday, February 04, 2014

ရဲတပ်ဖွဲ့ဝင်များအား ခေတ်မီလက်နက်များ တပ်ဆင်ပေးရေးအပါအ၀င် White Card များနှင့် ယာယီ မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို တရားမ၀င်ကတ်များအဖြစ် အစိုးရက ကြေညာပေးရန် အင်အား ၃၀၀၀ ခန့် စစ်တွေမြို့တွင် ဆန္ဒပြ


ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရဲတပ်ဖွဲ့ဝင်များအား ခေတ်မီလက်နက်များ တပ်ဆင်ပေးရေးနှင့် ခုခံကာကွယ်နိုင်ခွင့်များ ပေးရေး၊  နိုင်ငံခြား အဖွဲ့အစည်း တစ်ခုဖြစ်သည့် MSF (နယ်စည်းမထား ဆရာဝန်များအဖွဲ့) အနေဖြင့် စစ်တွေမြို့မှ ထွက်ခွာသွားရေးနှင့်  ဝှိုက်ကတ်များနှင့် ယာယီမှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသူများကို တရားမဝင် ကတ်များအဖြစ် အစိုးရက အမြန်ဆုံး ကြေညာရန်ဆိုသည့် အချက်များကို ဒေသခံအင်အား ၃ဝဝဝ ခန့်တို့က ဆန္ဒထုတ်ဖော်မှုတစ်ရပ် ဖော်ဖော်ဝါရီ ၃ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ပါဝင်သူများအနက် ရခိုင်လူမှုကွန်ရက် နာယကတစ်ဦးဖြစ်သူ ဦးသန်းထွန်းက “အမှန်ကတော့ အခုတောင်းဆိုတဲ့ ကိစ္စရပ်အားလုံးသည် အစိုးရက အဆောတလျင် ဆောင်ရွက်သင့်တဲ့ အချက်တွေဖြစ်တယ်။ အစိုးရဆောင်ရွက်မှု နှေးကွေးနေတဲ့အတွက် ရခိုင်တိုင်းရင်းသားတွေ ပကတိ ခံစားနေရတာကို အခုလို စစ်တွေတစ်မြို့လုံးက ဆန္ဒထုတ်ဖော်ကြတာ ဖြစ်ပါတယ်။ ပြီးတော့ ပကတိလက်တွေ့ မြေပြင်မှာ ရင်ဆိုင်နေရတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေ ဖြစ်တယ်။ ဝှိုက်ကတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့် မရုပ်သိမ်းရင် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ထိပါးခံရဖို့ အလားအလာ များနေပါတယ်။ နောက်တစ်ချက်က ယူအင်န်၊ အိုင်အမ်ဂျီအို တွေဟာ အကူအညီပေးဖို့ လာတယ်ဆိုတာထက် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု ပိုများနေတဲ့အတွက် ရခိုင်တိုင်းရင်းသားတွေက အလိုမရှိတာ ဖြစ်တယ်။ နောက်တစ်ချက်က အထူးသဖြင့် MSF လို့ခေါ်တဲ့AZG ဟာ ဒီပဋိပက္ခကို စတင်မီးမွှေးပေးခဲ့တဲ့အဖွဲ့၊ ထပ်မံဖန်တီးတဲ့အဖွဲ့၊ အခုမောင်တော ကိစ္စမှာလည်း သတင်းလိမ်တွေကို အဓိကပံ့ပိုး ပေးနေတဲ့အဖွဲ့ ဖြစ်တဲ့အတွက်MSF လို့ခေါ်တဲ့ AZG  အဖွဲ့ စစ်တွေမြို့က လုံးဝထွက်ခွာသွားဖို့ တောင်းဆိုကြတာဖြစ်တယ်”ဟု ပြောကြားသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရခြင်းမှာ မကြာသေးမီ ရက်ပိုင်းအတွင်းက မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင်ရဲတပ်ဖွဲ့ဝင် တစ်ဦးအား ဘင်္ဂါလီများက ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပတ်သက်နေကြောင်း၊ ယခင်ကလည်း အလားတူဖြစ်ရပ်များ ရှိခဲ့ကြောင်း၊ ယခုဆန္ဒ ထုတ်ဖော်မှုတွင် စစ်တွေမြို့သူ မြို့သားများစွာ ပါဝင်လာသည့်အတွက် လူအင်အား ၅ဝဝဝ ခန့်အထိ များပြားခဲ့ကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူများက ပြောကြားသည်။

“ကျွန်မတို့ အခုဆန္ဒထုတ်ဖော်တာဟာ ပကတိဖြစ်ပျက်နေတာကို အခြေခံပြီး ပြတာဖြစ်တယ်။ အဲဒီမှာ ၁၉၈၂ နိုင်ငံသားဥပဒေအား လွှတ်တော်ဆုံးဖြတ်ချက်ဖြင့် အမြန်ဆုံး အကောင်အထည်ဖော်ရန် ဆိုတဲ့အချက်ရယ်၊ ဝှိုက်ကတ်များနှင့် ယာယီမှတ်ပုံတင်ကတ်များကို သန်းခေါင်စာရင်း မကောက်မီ တရားမဝင်ကတ်များအဖြစ် အစိုးရက အမြန်ဆုံးကြေညာရန်ဆိုတဲ့ အချက်တွေပါမယ်။ အရေးကြီးဆုံး တစ်ချက်ကတော့ ဒေသတွင်း လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ခေတ်မီလက်နက်တွေ တပ်ဆင်ပေးရေးနဲ့ ကိုယ်ပိုင်ခုခံ ကာကွယ်နိုင်ခွင့်တွေ လုပ်ပိုင်ခွင့်တွေ ပေးထားဖို့ရယ်ဆိုတဲ့ တောင်းဆိုချက်တွေပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ မဖြစ်မနေ လုပ်ပေးသင့်တာကို အမြန်ဆုံး လုပ်ပေးပါလို့ ပြောချင်တယ်”ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင် ပါဝင်သူများအနက် တစ်ဦးဖြစ်သည့် ရခိုင်အမျိုးသမီး ကွန်ရက်မှ ဒေါ်ညိုအေးက ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များအား ခေတ်မီလက်နက်များ တပ်ဆင်ပေးရေးနှင့် ခုခံကာကွယ်နိုင်ခွင့်များ ပေးရေး၊  နိုင်ငံခြား အဖွဲ့အစည်း တစ်ခုဖြစ်သည့် MSF (နယ်စည်းမထား ဆရာဝန်များအဖွဲ့) အနေဖြင့် စစ်တွေမြို့မှ ထွက်ခွာသွားရေးနှင့်ဝှိုက်ကတ်များနှင့် ယာယီမှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသူများကို တရားမဝင် ကတ်များအဖြစ် အစိုးရက အမြန်ဆုံး ကြေညာရန် အဆိုပါ ဆန္ဒထုတ်ဖော်မှုအတွက် တရားဝင်ခွင့်ပြုချက် တောင်းခံခဲ့ကြောင်းနှင့် ၂၉ ရက် က ခွင့်ပြုချက် ရရှိခဲ့ကြောင်းလည်း သိရသည်။

ဆန္ဒပြရာတွင် ဟစ်ကြွေးမှုများကိုလည်း ပြုလုပ်ခဲ့ရာ ယင်းသို့ ဟစ်ကြွေးရာတွင်လည်း ၁၉၈၂ နိုင်ငံသားဥပဒေ-ချက်ချင်း အကောင်အထည် ဖော်ပေးပါ။ White Card ကို မဲပေးတာ-မလိုချင်၊ မလိုချင်၊ ဒေသခံပြည်သူ လုံခြုံရေး-ချက်ချင်းလုပ်၊ ချက်ချင်းလုပ်၊ ဘင်္ဂါလီ ဘက်လိုက်နိုင်ငံများ-လက်မခံ လက်မခံ၊ ဘင်္ဂါလီဘက်လိုက် ယူအင်န်အဖွဲ့-အလိုမရှိ၊ အလိုမရှိ၊ MSF လို့ခေါ်တဲ့ AZG ခုနစ်ရက်အတွင်း ထွက်၊ ထွက် အစရှိသော ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။

ထိုဆန္ဒထုတ်ဖော်မှုသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ လက်နက်ကိုင်ပြီး ခုခံကာကွယ်ပိုင်ခွင့် မရှိခဲ့သဖြင့် မောင်တောမြို့နယ်၊ ဒုချီးရား တန်းကျေးရွာတွင် အသတ်ခံခဲ့ရသည်များ ရှိခဲ့သကဲ့သို့ စစ်တွေမြို့မှ တရုတ်သုသာန်အား ဖြိုဖျက်မှုကို တားဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဒဏ်ရာရအောင် သတ်ဖြတ်ခဲ့ရာ တစ်ဦးမှာ သေဆုံးခဲ့ရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အတွက်လည်း အရေးပါသော အချက်များ ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဆရာတော် ဦးဥတ္တမပန်းခြံကနေ စထွက်တယ်။ လမ်းမကြီးအတိုင်း သွားပြီး ဘီလူးမတံတားကနေ မင်းဘာကြီး လမ်းဘက်ကို ချိုးတယ်။ မင်းဘာကြီးလမ်းကနေ ဝင်္ကပါကွင်းကို သွားကြတယ်။ အဲဒီမှာ လူစုမခွဲခင် ဒီလိုဆန္ဒပြရတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး လူလေးဦးကနေ ပြန်လည်ရှင်းပြတယ်။ ရဲတွေသေရတဲ့ကိစ္စ၊ အဖြူကတ် ကိုင်ထားတဲ့ကိစ္စ၊ အစိုးရပါဝင်မှု အားနည်းတဲ့ ကိစ္စတွေကို တစ်ယောက် ငါးမိနစ်ခန့်စီ ရှင်းပြတာလည်း ရှိပါတယ်”ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် ကိုသူရိန်ထွန်းက ပြောကြားသည်။

ယခု ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူ အများအပြားရှိခဲ့ပြီး လူထုတစ်ရပ်လုံးကလည်း ထောက်ခံခဲ့ကြကြောင်း၊ ပါဝင်ဆင်နွှဲသူ စုစုပေါင်း ၃ဝဝဝ ကျော်ခန့် ရှိမည်ဖြစ်ကြောင်းနှင့် ယခုဆန္ဒထုတ်ဖော်မှုသည် စစ်တွေမြို့၏ ဆန္ဒထုတ်ဖော်မှုတွင် အရေအတွက် အများဆုံး ဆန္ဒထုတ်ဖော်ပွဲတစ်ခု ဖြစ်ကြောင်းလည်း ကိုသူရိန်ထွန်းက ထပ်လောင်းပြောကြားခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို  ရခိုင်လူမှုကွန်ရက်မှ ဦးဆောင် စီစဉ်ခြင်းဖြစ်ကြောင်းနှင့် ဒေသခံ အဖွဲ့အစည်းများ အားလုံးနှင့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ခဲ့ခြင်း ဖြစ်သည့်အပြင် သံဃာတော် များလည်း ပူးပေါင်းပါဝင်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

Eleven Media Group

No comments:

Post a Comment

My Blog List