Friday, February 07, 2014

ဝန်ကြီး ဦးအုန်းမြင့် ပြောကြားချက်ကိစ္စ အရေးယူရေး လွှတ်တော် စောင့်ကြည့်နေဆဲ



မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ မကွေးတိုင်းဒေသကြီး သစ်ရာကောက်ကျေးရွာမှာ ဒေသခံများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေအပေါ် အစိုးရအနေနဲ့ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်နေမယ်ဆိုရင် အရေးယူလာတဲ့အထိ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက ဒီကနေ့ ပြောပါတယ်။

ဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်ပေးဖို့ ဖေဖော်ဝါရီ ၄ ရက်နေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီအဆိုပေါ်မှာ ပြန်ကြားရေးဝန်ကြီးဌာရဲ့ ၀န်ကြီး ဦးအောင်ကြည်က အစိုးရအနေနဲ့ အလေးထား ဆောင်ရွက်နေကြောင်း၊ အချိန်ပေးဖို့လိုအပ်ကြောင်း လွှတ်တော်မှာ လာရောက်ဖြေကြားခဲ့တဲ့အပေါ် ဘယ်လောက်ထိ အရေးယူဆောင်ရွက်မလဲဆိုတာ စောင့်ကြည့်နေဆဲဖြစ်ကြောင်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက ပြောပါတယ်။

“ပထမဆုံး ဦးအောင်ကြည် တုန့်ပြန်ချက်ကိုတော့ ကျနော်တို့ လက်မခံဘူးခင်ဗျ၊ ကျနော်အဆိုပြုတာနဲ့ သူဖြေတာ တခြားစီခင်ဗျ၊ ဝန်ကြီးတစ်ယောက်ရဲ့ ပြန်သူတွေကို လုပ်ပေးတဲ့အလုပ်တွေနဲ့ သူရဲ့စေတနာအမှား ဘယ်လိုမှမဖြစ်ပါဘူးခင်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ကြိမ်လည်း မဟုတ်ဘူး၊ နှစ်ကြိမ်လည်း မဟုတ်ဘူး၊ ဝန်ကြီးတစ်ယောက်က ဒီလိုစကားမျိုးပြောတာ သာမန်အရပ်သား တစ်ယောက်တောင် ပြောလို့လက်မခံတဲ့စကားပါ၊ ဒါကို အရေးယူဆောင်ရွက်ဖို့အတွက် သူ့ကိုအချိန်နည်း နည်းပေးပါ ဆိုတဲ့အတွက် ကျနော်တို့ကလည်း လွှတ်တော်ဥက္ကဌကလည်း ဒါကိုအချိန်ပေးပြီးတော့ စတင်ဆောင်ရွက်နေပြီဆိုတာတော့ ကျနော်တို့ အတိုင်းအတာတစ်ခုအထိ လက်ခံလိုက်ပါတယ်၊ ကျနော်တို့ စောင့်ကြည့်သွားမယ်၊ စောင့်ကြည့်လို့မှ ဟိုဟာမဖြစ်ရင် ကျနော်တို့ ထပ်ပြီးတော့ ဆောင်ရွက်သွားပါမယ်”

ဝန်ကြီး ဦးအုန်းမြင့်ရဲ့ပြောကြားချက်တွေဟာ နိုင်ငံတော်အစိုးရကိုရော လွှတ်တော်အပြင် နိုင်ငံရေး သမားတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှုတွေရှိတဲ့အတွက် အစိုးရအအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖို့လိုမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကလည်း ပြောပါတယ်၊

“အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ လွှတ်တော်က စောင့်ကြည့်မယ်၊ စောင့်ကြည့်လို့ မဖြစ် လာဘူးဆိုရင်တော့ ကျနော်တို့ အဆိုထုတ်ပြန်တင်သွင်းရမှာပေါ့၊ သူတို့ကတိပေးထားခဲ့ပြီးသား၊ ဒါပေမဲ့ သူတို့အရေးယူပုံယူနည်းက ဘယ်လောက်ဖြစ်မလဲ၊ ဥပမာ ရွာသားတွေကို သွားပြီးတောင်းပန်မလား၊ အခြားနိုင်ငံရေးသမားတွေကို တောင်းပန်မလား၊ လွှတ်တော်မှာ လာတောင်းပန်မလား၊ ဒါကိုကျနော်တို့ စောင့်ကြည့်ရမယ်၊ ဘယ်လိုအခြေအနေမျိုး၊ သိသိသာသာလား၊ ညင်ညင်သာသာလား၊ ဝတ်ကျေတန်းကျေနဲ့ အရေးယူမှု ဟန်ဆောင်ပန်ဆောင်လုပ်တာလား ကျနော်တို့က ကြည့်ရမယ်လေ၊ ကျနော်တို့က ဘာပဲပြောပြော ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ထင်ပါတယ်”

ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း ပြောပြသွားတာပါ၊ ၀န်ကြီး ဦးအုန်းမြင့်ရဲ့ စကားတွေထဲမှာ နိုင်ငံရေးသမားတွေကို စော်ကားမှုတွေ ပါဝင်တဲ့အတွက် အရေးယူပေးဖို့ဆိုပြီး လွှတ်တော်အစည်းအဝေးမှာ အရေးကြီးအဆို တင်သွင်းခဲ့တာဖြစ်ပါတယ်၊

RFA Burmese

No comments:

Post a Comment

My Blog List