Friday, February 07, 2014

နေပြည်တော် အမြန်လမ်းမကြီး စီမံကိန်းဒေသခံများအတွက် အကျိုးမဖြစ်ထွန်းဟု သူရဦးရွှေမန်းဆို




တောင်သူလယ်သမားများထံမှ လယ်ယာမြေဧကများစွာ သိမ်းယူကာ ဖောက်လုပ်ခဲ့သည်ဟု စွပ်စွဲခံနေ ရသော ရန်ကုန်-နေပြည်တော်-မန္တလေးအမြန် လမ်းမကြီး စီမံကိန်းမှာ ယင်းလမ်းမကြီး ဖြတ်သန်းရာ ဒေသ များရှိ ဒေသခံများအတွက် အကျိုးဖြစ်ထွန်းခြင်း မရှိကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။


“ဒီလမ်းက ကားမောင်းနိုင်၊ သုံးနိုင်တဲ့ သူတွေအတွက်ပဲ အကျိုးရှိတယ်။ လမ်းဘေးဝဲယာက ဒေသခံတွေ အတွက် အများကြီး ဒုက္ခရောက်ကြရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ အမြန်လမ်း တစ်လျှောက်တွင် နေထိုင်သော ကျေးရွာ များရှိ ဒေသခံများသည် ၎င်းတို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာ ကိစ္စများအတွက် အမြန်လမ်းကို အသုံးပြုပါက တရားစွဲဆိုခံရခြင်း၊ ဒဏ်ရိုက်ခံရခြင်းများ ရှိနေသောကြောင့် ယင်းစီမံကိန်းသည် ဒေသခံများအတွက် အကျိုးမရှိသည့်အပြင် ဒုက္ခပါ ခံစားနေရကြောင်း သူရဦးရွှေမန်းက ဆိုသည်။

နေပြည်တော် အမြန်လမ်းမကြီး စီမံကိန်းကြောင့် ဒေသခံများ ဒုက္ခရောက်နေသည့်အတွက် လွှတ်တော်က သုံးစွဲခွင့်ပြုထားသော အသုံးစရိတ် ကျပ်သိန်းတစ်ထောင်ကို အဆိုပါ ဒေသများတွင် လမ်းဖောက်ပေးခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ပေးခြင်းများ ပြုလုပ်သင့်ကြောင်း သူရဦးရွှေမန်းက တိုက်တွန်း ပြောကြား သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုပါ စီမံကိန်းသည် ဒေသခံများအတွက် အကျိုးဖြစ်ထွန်းမှု မရှိကြောင်းကို ဇန်နဝါရီလ ၆ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် ငွေကျပ် သိန်းတစ်ထောင် သုံးစွဲခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြစဉ် ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

သူရဦးရွှေမန်းသည် အစိုးရရုံးများ အခြေစိုက်ရာ နေပြည်တော် စီမံကိန်းကို တည်ဆောက်ခဲ့သော တပ်မတော်အစိုးရ လက်ထက်တွင် တပ်မတော်တွင် တတိယ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

အဆိုပါ နေပြည်တော် စီမံကိန်းကို ၂၀၀၂-၂၀၀၃ စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မြို့တော် ဖြစ်ကြောင်း တပ်မတော်အစိုးရက ကြေညာခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List